ဒီးမော့ဆိုအနောက်ခြမ်းတွင် စစ်ကောင်စီတပ်မှ ၂ ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနောက်ခြမ်းတွင် စစ်ကောင်စီတပ်မှ ယမန်နေ့ ညပိုင်းမှ စတင်ကာ ယနေ့ မေလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းအထိ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံမှ သိရသည်။

ယမန်နေ့ မေလ ၂၄ ရက်နေ့ ည ၁၀ နာရီခန့်တွင် စစ်ကောင်မှ လေယာဉ်ဖြင့် ခြောက်ကြိမ် ဗုံးလာကြဲသွားခဲ့ပြီး ယနေ့ မေလ ၂၅ ရက်နေ့ နံနက် ၉နာရီခန့်တွင် ရဟတ်ယာဉ်ဖြင့် ကင်းလာထောက်ပြီး မွန်းတည့် ၁၁ နာရီ ၅၀ ခန့်တွင်လေယာဉ်ဖြင့် နှစ်ကြိမ် ထပ်မံဗုံးကြဲခဲ့ကြောင်း သိရသည်။

“ဒီမနက်ပိုင်းလည်း လက်နက်ကြီးနဲ့ ထပ်ထုတယ်။ အခုလည်း ဗုံးထပ်လာကြဲတာရှိတယ်။ နောက်ပြီးတော့ အခု ကင်းထောက်လေယာဉ်လည်း ဝဲနေတယ်ဗျ ကောင်းကင်မှာ။ အခုကြဲတဲ့နေရာနဲ့ မနေ့ညကနေရာနဲ့တော့ မတူဘူးပေါ့နော်” ဟု DMO-PDF ပြန်ကြားရေးတာဝန်ခံက ယနေ့ မွန်းတည့် ၁၂နာရီခွဲ အချိန်ခန့်တွင် ပြောသည်။

ယနေ့နံနက်အစောပိုင်းတွင် ငွေတောင်အခြေစိုက် ခလရ (၁၀၂) နှင့် ခမရ(၄၂၇) တပ်မှ လက်နက်ကြီးနှစ်လုံးဖြင့် ပစ်ခတ်ခဲ့ပြီး အဆိုပါပစ်ခတ်မှုများနှင့်ပတ်သက်၍ ထိခိုက်ပျက်စီးမှု အသေးစိတ်အခြေအနေကို မသိရသေးကြောင်း ဆိုသည်။

ယမန်နေ့ ည ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အနီးအနားရှိ ကျေးရွာမှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသား လေးဦး သေဆုံးခဲ့ရကာ တော်လှန်ရေးအင်အားစုမှ ရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

“အဲ့အနားကရွာမှာ အမျိူးသမီးတစ်ဦးသေပါတယ်။ ရဲဘော် တချို့လည်း ထိခိုက်ဒဏ်ရာရပါတယ်။ ဒီမနက် ၉နာရီဝန်းကျင်မှာ ရဟတ်တစ်စင်းထပ်လာသေးတယ်။ ဒီမနက် အထိ စစ်တပ်ဘက်က လက်နက်ကြီးထပ်ပစ်ပါသေးတယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့မှ ၂၃ ရက်နေ့အတွင်း ဒီးမော့ဆိုမြို့ အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား တိုက် ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအဆင့်အပါအဝင် ၄၀ ဦးနီးပါး သေဆုံးခဲ့ကာ စစ်သုံ့ပန်း နှစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း KNDF မှ ယမန်နေ့ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထိုသို့ တိုက်ပွဲအတွင်းတွင် အထိနာခဲ့သဖြင့် စစ်ဘေးရှောင်နှင့် ပြည်သူအများစုရှိသည့် ဒီးမော့ဆိုအနောက်ခြမ်းသို့ ပြန်လည်တိုက်ခိုက်ခြင်းဖြစ် ကြောင်း DMO-PDF မှ ပြန်ကြားရေးတာဝန်ခံက သုံးသပ်သည်။

“အရှေ့ဘက်ကမ်းမှာ တိုက်ပွဲ တစ်အားဖြစ်ထားတော့ သူတို့ဘက်လည်း အများကြီး ကျဆုံးတယ်။ အရှေ့ဘက်ကမ်းက စစ်ရှောင်တွေလည်း ကျ နော်တို့ အနောက်ဘက်ကို ရောက်ကုန်ပြီလေနော်။ အဲ့လိုအနေအထားမျိုးမှာ ပြည်သူရှိတဲ့ဘက်ကို ပြန်ပြီးတော့ ရည်ရွယ်ချက်ရှိရှိ ပစ်တယ်လို့ပဲ ကောက်ချက်ချတယ်” ဟု DMO- PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယခု မေလအတွင်းတွင် စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့ အရှေ့ခြမ်းတွင် တိုက်ပွဲများကြောင့် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၆၀ ထက်မနည်း ပစ်ခတ်ခဲ့ပြီး ဒီးမော့ဆိုမြို့ အနောက်ခြမ်းတွင် ငါးကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းပြီးသည့် ၂၀၂၁ ခုနှစ်မှ စတင်ကာ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ပိုမိုအသုံးပြုလာခဲ့ပြီး နှစ်နှစ်ကျော်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁,၄၂၇ ကြိမ် ပြုလုပ်ခဲ့ပြီး မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဒီးမော့ဆိုမြို့သည် ဒုတိယ လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ်ရေအများဆုံးမြို့ဖြစ်ကြောင်း အချက်အလက်ပြုစုသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဉာဏ်လင်းသစ် သုတေသနအဖွဲ့မှ မေလ ၂၂ ရက်နေ့တွင် ဖော်ပြထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s