ဒေါ်အောင်ဆန်းစုကြည် အထူးအယူခံတင်ထားမှု ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ကြားနာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကနေ ဒေါ်လာနဲ့ ရွှေတွေ လာဘ်စားတယ်လို့ စွပ်စွဲ တရားစွဲဆို အမိန့်ချထားတဲ့ အမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ အထူးအယူခံတင်ထားတာ မေ ၂၃ ရက်က ကြားနာခဲ့တယ်လို့ တရားရေးနဲ့နီးစပ်တဲ့အသိုက်အဝန်းက သိရပါတယ်။
“အခုကြားနာတဲ့ဟာက အထူးဖြစ်တဲ့အတွက် တန်းအမိန့်မချဘူး။ ၁၀ ရက်၊ ရက် ၂၀ လောက်မှ အထူးအယူခံ ၀င်ခွင့်ပြုတယ် မပြုဘူး အမိန့်ချတာ။ အခါတိုင်းအမှုတွေလို ချက်ချင်းမသိရဘူး။ အရင်တုန်းကလို ဒီနေ့ကြားနာ ဒီနေ့ လက်ခံသင့်၊ မသင့် တန်းဆုံးဖြတ်တာမျိုးမဟုတ်ဘူး။ နောက် ရက် ၂၀ လောက်မှ အဖြေသိရမှာ” လို့ တရားရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကနေ အမေရိကန်ဒေါ်လာ ၆ သိန်း၊ ရွှေ ၇ ပိဿာ ယူတယ်လို့ စွပ်စွဲတရားစွဲဆိုခဲ့ပြီး ဒီအမှုအတွက် ထောင်ဒဏ် ၅ နှစ် အမိန့်ချထားပါတယ်။
နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အမှုတွေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ အထူးအယူခံတင်ထားတဲ့အတွက် အမှုသည်တွေနဲ့ တွေ့ဆုံခွင့်ရဖို့ ရှေ့နေတွေဘက်က တွေ့ခွင့်တောင်းထားတာကို စစ်ကောင်စီဘက်က လက်ရှိအချိန်ထိ တွေ့ခွင့်မပေးသေးဘူးလို့ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်းအမှု ၁၉ မှုနဲ့ တရားစွဲဆိုကာ ထောင် ဒဏ်စုစုပေါင်း ၃၃ နှစ် အမိန့်ချပြီးဖြစ်ပါတယ်။ DVB