မဲဆောက်မြို့ရှိ မြန်မာများနေထိုင်ရာ ‌နေရာများကို ထိုင်းအာဏာပိုင်များ ရှာဖွေ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မြန်မာလူမျိုးများ နေထိုင်သည့်နေရာများကို ထိုင်းအာဏာပိုင် များက မေလ ၂၂ ရက်တွင် စတင် ရှာဖွေဖမ်းဆီး၊ စစ် ဆေးမှုများပြုလုပ်နေသည်။

မဲဆောက်မြို့၊ မာလွေအိမ်ယာတွင် မေလ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့သော နေအိမ်မီးလောင်မှု ဖြစ်စဉ်မှ ထွက်ပြေးလွတ်မြောက်ခဲ့သည့် မြန်မာများကို အဓိကရှာဖွေနေခြင်းဟုသိရသည်။

အကြောင်းမှာ ထိုင်းရဲနှင့် မီးသတ်များမှ အဆိုပါနေအိမ်အတွင်းသို့ဝင်ရောက် မီးငြှိမ်းသတ်စဉ် လက်နက်ထုတ်လုပ်ရေးပစ္စည်းများ၊ ခဲယမ်းများတွေ့ရှိခဲ့ခြင်းကြောင့်ဟုဆိုသည်။

ထို့ကြောင့် မေလ ၂၂ ရက်နေ့မှ မေလ ၂၆ ရက်နေ့အထိ ထိုင်းစစ်တပ်၊ ရဲနှင့် လ.ဝ.က အဖွဲ့များမှ ၎င်းတို့ သံသယရှိသည့်နေရာများတွင် စစ်ဆေးမှုများပြုလုပ်ကာ အထောက်အထားမဲ့နေထိုင်သူများအား ဖမ်းဆီးရန်အခြေအနေထိ ဖြစ်ပေါ်လာရခြင်းဟု သိရသည်။

“ လောလောဆယ်က မြန်မာတွေနေတဲ့ နေရာတွေတော့ ဆက်တိုက်ရှာဖွေနေတုန်းပဲ။ စက်ရုံ အလုပ်ရုံ ဆောက်လုပ်ရေး ဆိုဒ်တွေပါ ဝင်စစ် ဆေးတာတွေရှိတယ်။ မြို့ထဲသွားလာသူတွေကို ဖမ်းဆီးတာတွေရှိတယ် ” ဟု ထိုင်းရောက်မြန်မာများကိုကူညီပေးနေသည့် အဖွဲ့တစ်ခုမှ အမည် မဖော်လိုသူကပြောသည်။

အဖမ်းအဆီးသတင်း စတင်ထွက်ပေါ်သည့် မေလ ၂၂ ရက်နေ့တွင် မဲဆောက်မြို့၊ မယ်တောင်ကျေးရွာရှိ စက်ရုံတစ်ရုံအနီးရှိ တရားမဝင် အ လုပ် သမား ၁၅ ဦးဖမ်းဆီးခံရသည့် ဖြစ်စဉ်အပါအဝင် အဆိုပါနေ့ တစ်ရက်ထဲတွင်ပင် လူ ၅၀ ဦးခန့် ဖမ်းဆီးခံရကြောင်း သိရသည်။

အဆိုပါ လူ ၅၀ အနက်မှ အချို့မှာ ပြန်လည်လွတ်မြောက် လာခဲ့ပြီဟု ထိုင်းရောက်မြန်မာများ၏အခက်အခဲများကို ကူညီပေးနေသော အဖွဲ့အစည်းတစ်ခု၏ ဦးဆောင်သူတစ်ဦးက ပြောသည်။

အလားတူ မေလ ၂၃ နှင့် ၂၄ ရက်တို့တွင် မဲဆောက်မြို့အတွင်း စစ်ဆေးမှုများပြုလုပ်နေသည့် သတင်းများကြားသိနေရသော်လည်း ဖမ်းဆီးခံရသည့်သတင်းများထပ်မံ၍ ထွက်ပေါ်လာခြင်း မရှိသေးပေ။

ထိုကဲ့သို့ဖြစ်ရပ်များကြောင့် မဲဆောက်သို့ နိုင်ငံရေးအရ သွားရောက်ခိုလှုံနေကြသူများသည်လည်း ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံဘက်သို့ပြန်လည်ပို့ဆောင်ခံရမည်ကို စိုးရိမ်မှုများဖြစ်ပေါ်နေကြကြောင်း ဒေသခံများကဆိုသည်။

“ဘယ်သူ့မှ ကိုယ့်နိုင်ငံကို ပစ်ပြီးမလာချင်ဘူး။ အထဲမှာကလည်း ဘယ်လိုမှနေလို့မရတော့လို့ လာနေရတဲ့သူတွေများပါတယ်။ ပြောရရင်တော့ ဒါက နယ်စပ်မြို့မို့ ဝင်လို့အလွယ်ဆုံးပဲလေ။ ဒါကြောင့် လာပြီး နေကြရတာပါ။ ဒါကို အဖွဲ့စုံက လိုက်စစ်ပြီး ဖမ်းနေတယ်ကြားတော့ အနေကြပ်တာပေါ့။ ခက်တာက ဘယ်ကိုသွားပြေးမလဲ။ ကိုယ့်မြေကတောင် စစ်ခွေး (စစ်ကောင်စီတပ်) ရန်ကြောင့်ပြေးလာရပါတယ်ဆို ဒီဘက်မှာ ဘယ်ကိုထပ်ပြေးရမှာလဲ” ဟူ၍ မြန်မာနိုင်ငံမှ နိုင်ငံရေးအခြေအနေများကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် လာရောက် ခိုလှုံနေသူတစ်ဦးက ပြောပြသည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့်လည်း နေအိမ်ပြောင်းရွှေ့ခြင်း၊ နေရာမှ ခေတ္တပုန်းခိုခြင်း၊ အပြင်သို့ သွားလာမှုမပြုရဘဲ နေအိမ်ထဲတွင်သာ နေထိုင်နေသည့် အခက်အခဲများကို ရင်ဆိုင်နေရကြောင်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရောက် မြန်မာများထံကတစ်ဆင့် သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s