မြင်းခြံထောင်မှ နိုင်ကျဉ်း ၁၂ ဦးကို ရိုက်နှက်စစ်ဆေး၊ ၁ ဦး သေဆုံ

မန္တလေးတိုင်း မြင်းခြံထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများ လက်ကိုင်ဖုန်းအသုံးပြုသည်ဟု စွပ်စွဲကာ ထောင်အာဏာပိုင်တို့က ရိုက်နှက်စစ်ဆေးရာမှာ တစ်ဦး သေဆုံးသွားသည်ဟု သိရကြောင်း မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ယနေ့ (မေ ၂၄) တွင် ပြောသည်။

သေဆုံးသူမှာ ကိုဥက္ကာဆိုသူ ဖြစ်သည်ဟု ထောင်အခြေအနေကို စောင့်ကြည့်နေသော ထိုကော်မတီ၏ အဖွဲ့ဝင် ကိုရှင်းသန့်က ဆိုသည်။

“အတွင်းထဲမှာ ဖုန်းရှိတယ်ဆိုပြီး ထုတ်ပေးဖို့ စစ်ဆေးတယ်လို့ သိရတယ်။ ဒါပေမဲ့ ဒါက ခိုင်လုံတဲ့ အကြောင်းပြချက်မဟုတ်ဘဲနဲ့ အကြောင်းပြချက်သက်သက်ပေးပြီးတော့ အကျဉ်းသားတွေကို နှိပ်စက်တဲ့သဘောလို့ ပြောချင်တယ်” ဟု ကိုရှင်းသန့်က ပြောသည်။

နိုင်ကျဉ်း ၁၀ ဦးကို မေ ၂၁ နှင့် ၂၂ တွင် ခေါ်ထုတ်စစ်ဆေးခဲ့သည်၊ ၂၃ ရက်နေ့တွင်လည်း အခြားအကျဉ်းသား ၂ ဦးကို ထပ်မံခေါ်ထုတ်သွားသည်၊ ယနေ့ (မေ ၂၄)အထိ စစ်ဆေးခံနေရသည်ဟုလည်း ကိုရှင်းသန့်က ပြောသည်။

“ထောင်ပိုင်ရုံးခန်းထဲမှာ စစ်ဆေးနေတယ်လို့ သိရတယ်။ ဘယ်အချိန်က ခေါ်ထုတ်သွားသလဲ၊ အခြေအနေအတိအကျတော့ မသိရဘူးခင်ဗျ” ဟု သူက ပြောသည်။

မေ ၂၃ တွင် ခေါ်ထုတ်ခံရသူများမှာ ကိုရဲမင်းထွေး (ခ) မင်းသွေးနှင့် ကိုကျော်စိုးတင့်ဆိုသူတို့ဖြစ်သည်။ 

စစ်ဆေးရန် ခေါ်ထုတ်ခံရသူ စုစုပေါင်း ၁၂ ဦးအထိ ရှိလာပြီဖြစ်ပြီး နောက်ပိုင်းအခြေအနေ အသေးစိတ်ကို စုံစမ်း၍ မရသေးပါ။

စစ်ဆေးခံရသည့် နိုင်ကျဉ်းများကို ပြန်လည်ပို့ဆောင်ပေးခြင်း မရှိသည့်အတွက် အခြားသော အကျဉ်းကျနေသူတို့က အစာအငတ်ခံဆန္ဒပြနေကြသည်ဟုလည်း သိရသည်။

မတ် ၂၁ နေ့က ခေါ်ထုတ်စစ်ဆေးခံရစဉ် သေဆုံးသွားသည့် ကိုဥက္ကာ၏ ရုပ်အလောင်းကို သယ်ယူသည့် အခြေအနေမျိုးလည်း မတွေ့ရသေးဟု ကိုရှင်းသန့်က ပြောသည်။

ကိုဥက္ကာ သေဆုံးသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး Myanmar Now က သီးခြား အတည်မပြုနိုင်သေးပေ။

စစ်ကောင်စီကလည်း မြင်းခြံထောင်အခြေအနေနှင့် ပတ်သက်၍ သတင်းအမှောင်ချထားသည်။ 

စစ်ကောင်စီက အာဏာသိမ်းမှု ဆန့်ကျင်သူ ၁၈၃၁၉ ဦးကို နိုင်ငံတစ်ဝန်း အကျဉ်းထောင်များတွင် ထိန်းသိမ်းထားသည်ဟု   နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ မေ ၂၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s