မြန်မာနိုင်ငံအပေါ် ဝိုင်းဝန်းစုပေါင်းပိတ်ဆို့ဒဏ်ခတ်ရေး အမေရိကန်က မိတ်ဘက်နိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေး

မြန်မာနိုင်ငံအပေါ် ဝိုင်းဝန်းပိတ်ဆို့ဒဏ်ခတ် ပြစ်ဒဏ်ချမှတ်ရေးနဲ့ ပတ်သက်ပြီး မိတ်ဖက်နိုင်ငံတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၂၄ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဆက်လက်ညှိနှိုင်း ဆောင်ရွက်ရေးအတွက် အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ယူနိုက်တက်ကင်းဒမ်း၊ ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့ပြစ်ဒဏ်ချမှတ်ရေးနဲ့ အကောင်အထည်ဖော်ရေးအဖွဲ့၊ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးနဲ့ ကာကွယ် ရေး ဝန်ကြီးဌာနတို့ဟာ မေလ ၂၄ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်ကအာဏာလုယူမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ချမှတ်ဆောင်ရွက်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတွေအကြောင်း၊ မိတ်ဘက်နိုင်ငံတွေကြား ဆက်လက်ပူးပေါင်းဆောင်ရွက်နေမှုတွေအကြောင်း၊ အုပ်စုလိုက်ဒဏ်ခတ်အရေးယူနိုင်ရေးအတွက် ဒဏ်ခတ်ပိတ်ဆို့ အရေးယူရမယ့် ပစ်မှတ်တွေနဲ့ အချက်အလက်တွေကို မျှဝေဖို့ အရေးကြီးကြောင်းတွေကို အဲဒီအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံသားတွေအပေါ်မှာ မြန်မာစစ်တပ်က ရက်ရက်စက်စက် အကြမ်းဖက်မှုတွေကို ဆက်လက်မကျူးလွန်နိုင်စေရေးအတွက် မိတ်ဘက်အဖွဲ့အစည်းတွေကြား တိုက်ရိုက်ချိတ်ဆက် ပူးပေါင်းမှုတွေ ဆက်လက်ဆောင်ရွက်နေဖို့လိုကြောင်းနဲ့ သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးပါဝင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိစေရေးအတွက် မြန်မာစစ်တပ်ကိုလည်း ဆက်လက်ဖိအားပေးနေဖို့လိုကြောင်း မိတ်ဘက်အဖွဲ့အစည်းတွေက တင်ပြဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ DVB