ရခိုင်ပြည်နယ်က မုန်တိုင်းဒဏ်သင့်ပြည်သူ များကို ရက္ခိုင့်တပ်တော်က ကူညီထောက်ပံ့ပေး

ရခိုင်ပြည်နယ်အတွင်းက မုန်တိုင်းဒဏ်သင့် ပြည်သူတွေကို မေ ၂၃ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (ULA/AA) က အကူအညီ အထောက်အပံ့တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ ရက္ခိုင့်တပ်တော်နဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။
အာရက္ခ အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ပူးပေါင်းပြီး ရခိုင်ပြည်နယ်အတွင်းက မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို စားနပ်ရိက္ခာ ထောက်ပံ့တာတွေ၊ သောက်ရေသန့် လှူဒါန်းတာတွေ ပြုလုပ်ခဲ့တယ်လို့ AA နဲ့ နီးစပ်သူတယောက် က ဒီဗွီဘီကို ပြောပါတယ်။
မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ရသေ့တောင် ညောင်ပင်ကြီး (မွတ်စလင်) ကျေးရွာ၊ (ရခိုင်ကျေးရွာ)၊ ပန်ဇင်းမော်ကျေးရွာတွေမှာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံပြီး ဒဏ်ရာရ ပြည်သူတွေနဲ့ ကျန်မာရေးမကောင်းတဲ့သူတွေကို ရက္ခိုင့်တပ်တော်က ဆေးဝါးကုသတာတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ညောင်ပင်ကြီး (မွတ်စလင်) ကျေးရွာမှ မုန်တိုင်းသင့်ပြည်သူတယောက်က “ကျနော်တို့ရွာက ရေကန်တွေကို ဆားငန်ရေတွေ ဝင်ရောက်ခဲ့လို့ ရက္ခိုင့်တပ်တော် AA က သောက်သုံးရေတွေ လှူဒါန်းပေးခဲ့သလို ကန်ထဲမှာ ဝင်ရောက်နေတဲ့ ဆားငန်ရေတွေကိုလည်း ရေစုပ်စက်တွေနဲ့ စုပ်ထုတ် ကာ သန့်ရှင်းရေးပြုလုပ်ပေးခဲ့ကြတယ်” လို့ ပြောပါတယ်။
AA တပ်ဖွဲ့ဝင်တွေအနေနဲ့ လူမျိုးဘာသာ မခွဲခြားဘဲ ပြည်သူတွေကို မုန်တိုင်းကြားထဲကနေ ဘေးလွတ်ရာကို ကယ်ထုတ်ပေးခဲ့ကြသလို စား နပ်ရိက္ခာတွေ၊ သောက်သုံးရေတွေ၊ ဆေးဝါးတွေ ကူညီထောက်ပံ့ပေးလို့ အရမ်းကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မိုခါဆိုင်ကလုန်းမုန်တိုင်း ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့လို့ နေအိမ်အဆောက်အဦ ၉၅ ရာခိုင်နှုန်း ထိခိုက်ပျက်စီးခဲ့ပြီး ရိုဟင်ဂျာ ၁၃၅ ယောက် အပါအဝင် ၁၅၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ DVB