ရေကြည်မြို့နယ် စစ်ဆေးရေးဂိတ်တွင် ပစ် ခတ်မှုဖြစ်၊ ရဲ ၂ ဦးဒဏ်ရာရပြီး လူငယ် ၁ ဦး ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်တစ်ခုတွင် မေလ ၂၃ ရက်နေ့ ညပိုင်းအချိန်က ပစ်ခတ်မှုများဖြစ်ပေါ်ပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရကာ၊ လက်နက်ကိုင်လူငယ်တစ်ဦး ဒဏ်ရာဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။

ဖြစ်စဥ်မှာ မေလ ၂၃ ရက်နေ့ ၊ ည ၉ နာရီ ၄၅ မိနစ်ခန့်အချိန်က ရေကြည်မြို့နယ်၊ ကြာကန်အုပ်စု၊ သံလမ်းကုန်း စစ်ဆေးဂိတ်၌ စစ်ကောင်စီတပ်ဖွဲ့များနှင့်ရဲများမှ ပိတ်ဆို့စစ် ဆေးရေးပြုလုပ်နေစဥ် ဆိုင်ကယ်စီး လူငယ်နှစ်ဦးအား တားဆီးစစ်ဆေးခဲ့သည်ဟု သိရသည်။

ထိုသို့ စစ်ဆေးစဥ် စစ်ကောင်စီတပ်များနှင့် ရဲများက ဆိုင်ကယ်တူးဘောက်(နောက်အဖုံး)အား ဖွင့်ခိုင်းရာမှ ဆိုင်ကယ်စီးလူငယ်နှစ်ဦးမှ စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဆိုင်ကယ်နောက်အဖုံးကို ဖွင့်ခိုင်းတာမှာ ကောင်လေးနှစ်ယောက်က ပစ်ပြီးတော့ထွက်ပြေးတာပါ။ ရဲနှစ်ယောက်ဒဏ်ရာရသွားပြီး ကောင်လေးနှစ်ယောက်ထဲက တစ်ယောက်လည်း ပေါင်ကိုကျည်မှန်ပြီး ထွက်ပြေးသွားကြတယ်။ ဒလန်တွေ သတင်းပေးလို့ထင်တယ် ထွက်ပြေးသွားတဲ့ နှစ်ယောက်ထဲက ဒဏ်ရာရတဲ့ကောင်လေး အဲ့ဒီညမှာပဲအဖမ်းခံလိုက်ရတယ်”ဟု ၎င်းကဆိုသည်။

ပစ်ခတ်ထွက်ပြေးသွားခဲ့သည့် လူငယ်နှစ်ဦးအနက် ဒဏ်ရာရရှိသွားသည့် လူငယ်မှာ ပစ်ခတ်မှုဖြစ်ရာနေရာနှင့် လေးဖာလုံခန့်အကွာအဝေးတွင်ရှိသည့် နေအိမ်တစ်လုံး၏ နောက်ဖေးလမ်းကြားတွင် ည ၁၀ နာရီ ၃၀ မိနစ်ခန့်အချိန်၌ လက်နက်နှင့်တကွ ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံကဆက်လက်ပြောသည်။

“ဒဏ်ရာရတဲ့ကောင်လေးကို အိမ်တစ်လုံးရဲ့နောက်မှာ ဝင်ဖမ်းသွားပြီး အဲ့ဒီအိမ်က အိမ်ရှင်တွေကိုပါ ရိုက်နှက်ပြီးဖမ်းသွားကြတယ်။ ဖမ်းမိမိချင်းတော့ ရေကြည်ရဲစခန်းကို ခေါ်သွားကြတယ်ဗျ၊ အခုတော့ ဒဏ်ရာနဲ့ကောင်လေးကို စစ်ကြောရေးကို ပို့လိုက်တယ်လို့ကြားတယ်”ဟု ဆို သည်။

လက်ရှိတွင် ဆိုင်ကယ်စီးလူငယ်နှစ်ဦးအနက် တစ်ဦးမှာ လွတ်မြောက်နေသည်ဟုသိရပြီး၊ သေနတ်ဒဏ်ရာရရှိခဲ့သည့် လူငယ်ကိုမူ စစ်ကောင်စီတပ်ဖွဲ့များက ရိုက်နှက်စစ်ဆေးနေကြသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများကပြောသည်။

အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍ စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ် ချန်နယ် (Telegram Channel)များတွင် လွတ်မြောက်နေသည့် လက် နက်ကိုင် လူငယ်အား စစ်ကောင်စီတပ်ဖွဲ့များမှ ရှာဖွေဖမ်းဆီးရန် ပုံနှင့်တကွ ဖြန့်ဝေထားခြင်းများလည်းရှိနေသည်ဟု သိရသည်။

လက်နက်ကိုင် လူငယ်နှစ်ဦးမှာ မည်သည့်အဖွဲ့အစည်းမှဖြစ်သည်ကို မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s