အချိန်မီ ဆေးမကုသနိုင်သဖြင့် မိုင်းထိ CDF – Matupi ရဲဘော် ကျဆုံး

ချင်းပြည်နယ် ၊ ဟားခါး – မတူပီလမ်း ရှေ့တန်းတစ်နေရာတွင် စစ်ဆင်ရေးပြုလုပ်နေစဉ် မိုင်းမတော်တဆမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ရဲဘော်တစ်ဦးသည် အချိန်မီ ဆေးကုသမှု မရရှိသဖြင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) ( CDF – Matupi ) က မေလ ၂၃ရက်နေ့တွင် ထုတ်ပြန် သည်။
အသက် ၁၈နှစ်အရွယ် ထိုရဲဘော်သည် မေလ ၂၃ရက် နံနက် ၇ နာရီတွင် အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ၎င်းအား အသက်ကယ်ရန် ကြိုးစားခဲ့သော်လည်း ထိခိုက်ဒဏ်ရာများကို ကျွမ်းကျင်စွာ ကုသနိုင်သူ ကျန်းမာရေး၀န်းထမ်း မရှိ၍ ည ၈နာရီအချိန်တွင် ၎င်းသည် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးခဲ့သွားကြောင်းဆိုသည်။
“နည်းပညာ မကျွမ်းကျင်တာတစ်ပိုင်း၊ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတာ တစ်ပိုင်းပေါ့။ ဒဏ်ရာရသူတွေကို ကျွမ်းကျွမ်းကျင်ကျင် ကုသပေးမယ့် ဆရာ ၊ ဆရာမ မရှိတာကြောင့် အခုလို ဆုံးရှုံးခဲ့ရတာပါ” ဟု CDF – Matupi ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်း က မဇ္စျိမ ကိုပြော သည်။
အမျိုးသားတော်လှန်ရေးအတွက် ကတိသစ္စာဆိုခဲ့သည့်အတိုင်း ရဲဘော်၏ ပေးဆပ်မှု အပေါ် လေးစားဂုဏ်ယူပါကြောင်းနှင့် ကျန်ရစ်သူမိ သားစုနှင့်အတူ ထပ်တူ၊ ထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
CDF – Matupi တပ်ဖွဲ့တွင် ကျဆုံးခဲ့သော ရဲဘော် ၂၅ဦးခန့်ရှိပြီး ကိုယ်ခန္ဓာအစိတ် အပိုင်း ဆုံးရှုံးခဲ့ရသူ ၁၀ဦးခန့်ရှိပြီဖြစ်ကြောင်းသိရသည်။
၎င်းတို့အနက် အချို့မှာ တိုက်ပွဲအတွင်း ထိခိုက်ခဲ့ခြင်းဖြစ်ပြီး အချို့မှာ ရန်သူ့မိုင်းနှင့် မိမိတို့မိုင်းကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း ပြော ရေးဆိုခွင့်ရှိသူက ဆိုသည်။
ဧပြီ ၁၉ရက်က CDF – Matupi ဌာနချုပ် Camp Zion တွင် တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးဝန်ထမ်းများကို ဖိတ်ခေါ်ခဲ့သေးသည်။
ထိုဖိတ်ခေါ်ချက်တွင် ကျန်မာရေးဝန်ထမ်း လုံလောက်မှုမရှိခြင်းကြောင့် တိုင်းပြည်နှင့်လူမျိုး အတွက် တိုက်ပွဲဝင်ရဲဘော်များ၏ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုအကူအညီများ အထူး လိုအပ်လျက်ရှိကြောင်း အသိပေးထားသည်။
တာဝန်ထမ်းဆောင်လိုသော ကျန်းမာရေးဝန်ထမ်းများအနေဖြင့် CDF – Matupi လူမှုကွန်ရက်စာမျက်နှာတွင် ဆက်သွယ် မေးမြန်နိုင်ကြောင်း သိရှိရသည်။ mizzima