အိမ်ထောင်စု ၃၀,၀၀၀ နီးပါးစာအတွက် ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ထားပြီးဖြစ်ကြောင်း AHA ထုတ်ပြန်

“မိုခါ”ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနအချက်အလက်များအရဟုဆိုကာ အိမ်ထောင်စု ၂၉,၅၉၅ အတွက် ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေထားပြီးဖြစ်ကြောင်း အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်မှုစင်တာ(AHA)၏ မေလ ၂၄ ရက်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်ခဲ့သည့် အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဒေသများထံသို့ အာဆီယံ၏ အကူအညီပေးမှုဆိုင်ရာ အချက်အလက်များကို စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များကို ကိုးကားပြီး အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်မှုစင်တာ (AHA)မှ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ထိုအိမ််ထောင်စုများတွင် ရခိုင်အတွက် အိမ်ထောင်စု ၉,၂၆၉ စု၊ ချင်းအတွက် ၁,၃၀၈ စု၊​ ဧရာဝတီတိုင်းအတွက် ၅,၉၅၅ စု၊ ​စစ်ကိုင်းတိုင်းအတွက် ၅,၂၄၈စု၊ မကွေးတိုင်းအတွက် ၄,၂၆၅ စု နှင့် GAD နှင့် DMC ရုံးများမှတစ်ဆင့် ၃,၅၅၀ စုစာအတွက် ပို့ဆောင်ထားပြီးဖြစ်ကြောင်း အာဆီယံ၏ မေ ၂၄ ရက်နေ့ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် ဘေးစီမံကော်မတီအဆိုအရ သယ်ယူပို့ဆောင်ရေးအတွက် ခရီးသည်တင်ယာဉ် ၁၇၃ စီး၊ ကုန်တင်ယာဉ် ၆၅၅စီး၊ ရေယာဉ် ၄၈၁ စီးနှင့် အရေးပေါ်လူနာတင်ယာဉ် ၁၈၃ စီးကို ရခိုင်၊ ချင်းနှင့် စစ်ကိုင်းတို့အတွက် ပို့ဆောင်ခဲ့ပြီး လူဦးရေ ၃၃,၀၀၀ အတွက် လုံလောက်အောင် ထောက်ပံ့ပေးနိုင်သည့် ရေသန့်ကား ငါးစီးကိုလည်း ရခိုင်အတွက် ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ AHAစင်တာ၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီလက်အောက်ခံ ဘေးအန္တရာယ်နှင့် စီမံခွဲရေးဆိုင်ရာ ကော်မတီ( NDMC )မှ ထုတ်ပြန်ထားသည့် အချက်အလက်များကိုသာ ပြန်လည်ကိုးကားဖော်ပြထားပြီး လက်တွေ့ကူညီဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များကိုလည်း စစ်ကောင်စီလက်အောက်မှာသာ ကူညီထောက်ပံ့နေရခြင်းတို့သည် အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်မှုစင်တာ( AHA) အနေဖြင့် အမှီအခိုကင်းပြီး လွတ်လပ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ တိုက်တွန်းထားသည်။

“Independent AHA လွတ်လပ်သော AHA ဖြစ်မှ ဖြစ်မှာပါ။ ဒါကိုလည်း အာဆီယံ Chair (ဥက္ကဋ္ဌ တာဝန်ယူထားသည့်) နိုင်ငံက ကြိုးစားမယ်လို့ပြောတယ်။ ဒါပေမယ့် အထ မမြောက်သေးတာပေါ့နော်” ဟု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

NUG အနေဖြင့် AHA နှင့်ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံရှိ Asean Special Envoy Office နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိရာ ထိုရုံးမှ တာဝန်ရှိဆုံးပုဂ္ဂိုလ်အနေဖြင့် AHA ကို လွတ်လပ်သည့် သီးခြားအဖွဲ့အစည်းတစ်ခုဖြစ်စေရန် ကြိုးပမ်းနေသော်လည်း အထ မမြောက်သေးကြောင်း ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောသည်။

အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်မှုစင်တာ (AHA)သည် စစ်ကောင်စီလက်အောင်တွင်သာ မူအရ ကူညီကယ် ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေရသဖြင့် တော်လှန်ရေးအားကောင်းသည့် ဒေသများသို့ နိုင်ငံတကာအကူအညီများ ရောက်ရှိရန်မှာ ရာခိုင် နှုန်း အနည်းငယ်သာ ရှိကြောင်း ဆိုသည်။

“စစ်ကောင်စီရဲ့ လွှမ်းမိုးမှုရှိတဲ့အတွက်ကြောင့် တကယ်ဒုက္ခရောက်တဲ့နေရာကို သေချာပေါက် အပြည့်အဝ ရောက်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်ဘူး။ အနည်းအကျဉ်းလောက်ကို ဟန်ပြလုပ်မယ်။ သေချာတယ်။ သူတို့အုပ်ချုပ်မှုနယ်မြေ။ သူတို့ဘက်တော်သားတွေဆီကိုပဲ ရောက်သွားမယ်” ဟု ဒေါက်တာ ဝင်းမြတ်အေးမှ ပြောသည်။

မိုခါမုန်တိုင်း တိုက်ခတ်မှုအပြီး နိုင်ငံတကာမှ ပထမဆုံးရောက်ရှိလာသည့် ကယ်ဆယ်ရေး ဆိုင်ရာပစ္စည်း စုစုပေါင်းတန်ချိန် ၄၀ ခန့်သည်လည်း မေလ ၁၈ ရက်နေ့တွင် အိန္ဒိယရေတပ်သင်္ဘောများဖြစ်သည့် INS Shivalik၊ INS Kamorta နှင့် INS Savitri တို့ဖြင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Shri Vinay Kumar မှတစ်ဆင့် စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းထံသို့ မေလ ၁၈ ရက်နေ့တွင် အခမ်း အနားဖြင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင်မလေးရှားနိုင်ငံ ဆူဗန်းမြို့မှ ရန်ကုန်မြို့သို့ စင်္ကာပူလေတပ်မှ လေယာဉ်နှစ်စင်းဖြင့် ကယ်ဆယ်ရေးပစ္စည်းများပို့ဆောင်ခဲ့ပြီး အဆိုပါလုပ်ငန်းကို AHA နှင့် ချန်ဂီလူသားချင်းစာနာမှု အကူအညီပေးရေးတို့ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

AHA စင်တာအနေဖြင့် မြန်မာနိုင်ငံ ဆိုင်ကလုန်း မိုခါ ဝင်ရောက်ခဲ့သည့် ဒေသများအတွက် အမေရိကန် ဒေါ်လာ ၁၆၈,၀၀၀ တန်ကြေးရှိသည့် ရေ ရှည်စားသောက်ကုန်များ၊ အမိုးအကာများ၊ ရွက်ဖျင်တဲများ စသည့် ကယ်ဆယ်ရေးပစ္စည်းများကို ရန်ကုန်သို့ မေလ ၂၁ ရက်နေ့တည်းက ပို့ဆောင်ပေးခဲ့ပြီဖြစ်ကြောင်းကိုလည်း မေ၂၄ ရက် မိုခါဆိုင်ကလုန်းနှင့်ပတ်သက်သည့် အာဆီယံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် စစ်ကောင်စီမှတစ်ဆင့် နိုင်ငံတကာမှ ပို့ဆောင်ထောက်ပံ့ထားသည့် အကူအညီများသည် မုန်တိုင်းဒဏ်သင့် အရပ်ဒေသရှိ ပြည်သူ များထံသို့ ထိုအထောက်အပံ့များအားလုံး ရောက်ရှိမည်/မရောက်ရှိမည်ကို မြန်မာပြည်သူများအကြား ဝေဖန်မှု မြင့်တက်လျက်ရှိသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s