၆ ရက်ကြာ ဗန်းမောက်တိုက်ပွဲတွင် စစ်ကောင် စီတပ်ဖွဲ့ဝင် အကျအဆုံးများပြား

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ မေ ၂၀ ရက်ကနေ စတင်ကာ ၂၅ ရက်နေ့ထိ ရက်သတ္တပတ်နီးပါးကြာ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က အကျအဆုံးများပြီး လေကြောင်းပစ်ကူနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Banmouk Revolution-BR အဖွဲ့က ထုတ်ပြန်ပြောဆိုပါတယ်။
“၆ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ ကြောင်လည်ရွာအနီး တိုက်ပွဲတွေထဲမှာ ၂၄ ရက်နေ့ မနေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲက အပြင်းထန်ဆုံးဖြစ်ပြီး အကြမ်း ဖက်စစ်တပ်ဘက်က အကျအဆုံး များစွာနဲ့ ကြောင်လည်ရွာမှာ တပ်စွဲထားရာကနေ ပြန်ဆုတ်ခွာသွားရကြောင်း မြေပြင်သတင်းပို့ချက်အရ သိရတယ်” လို့ Banmouk Revolution-BR အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီက လေကြောင်းကနေ အကြိမ်ကြိမ်တိုက်ခိုက်နေတဲ့ကြားက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ကြံ့ကြံ့ခံပြီး ထိုးစစ်ဆင်ခဲ့ရာ ဒီနေ့ မေ ၂၅ ရက်မှာ ကြောင်လည်ရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး သိမ်းပိုက်ရာမှာ အင်းတော်ဘက်ကနေ စကစ စစ်တပ် စစ်ကူတွေ ဗန်းမောက်ဘက် မလာနိုင်အောင် ဟန့်တားတိုက်ခိုက်နိုင်တဲ့ မော်တိတ်-ရွာသာရွာ တိုက်ပွဲကလည်း အဓိကကျတဲ့တိုက်ပွဲဖြစ်တယ်လို့ မြေပြင်ကင်း ထောက် သတင်းပေးပို့ချက်အရ သိရတယ်လို့ BR အဖွဲ့က ဆိုပါတယ်။
တိုက်ပွဲဝင် PDF ရဲဘော် ၁ ဦးက “စစ်ကောင်စီဘက်က ဗိုလ်အဆင့်ရှိသူ ၁ ယောက် သေဆုံးပြီး အလောင်းကို ဆွဲထုတ်ကြတဲ့ အကြမ်းဖက်စစ် ကောင်စီတပ်သားတွေ အယောက် ၂၀ နီးပါး ပစ်ကွင်းထဲမှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်” လို့ ပြောပါတယ်။
ကြောင်လည်ရွာကနေ ဆုတ်ခွာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ကြောင်လည်ရွာအနီးရှိ ဘုရားတောင်မှာ တပ်စွဲထားတယ်လို့ ဒေသခံတွေ သတင်းပေးပို့ချက်အရ သိရတယ်လို့ BR အဖွဲ့က ထုတ်ပြန်ထားပါတယ်။ DVB