CDM ပြုလုပ်လာသူများကို နိုင်ငံတကာက အသိအမှတ်ပြုပြီး အကူအညီများပေးရန် လိုအပ်

မြန်မာနိုင်ငံတွင် စစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDM ပြုလုပ်ခဲ့သူများကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအဖြစ်အသိအမှတ်ပြုပြီး အကူအညီ အထောက်အပံ့များပေးအပ်ရန် လိုအပ်ကြောင်း ရှေ့ပြေးအသံ ( Progressive Voice) အဖွဲ့၏ ဥက္ကဌ ဒေါ်ခင်ဥမ္မာက ပြောသည်။

ယနေ့ မေလ ၂၅ ရက်တွင် ပြုလုပ်သည့် “ မြန်မာ့နွေဦး တော်လှန်ရေး၏ အုတ်မြစ်တစ်ခု၊ စစ်အုပ်စုအာဏာ သိမ်းရန် ကြိုးပမ်းမှု ကျရှုံးရခြင်း၏ နောက်ကွယ်မှအင်အားစု” ဆိုသည့် ခေါင်းစဉ်ဖြင့် CDM များ၏ ပကတိ အခြေအနေများနှင့် ပတ်သက်၍ လူထုအဖွဲ့အစည်း ၁၉ ခုက ပြုစုထုတ် ဝေသည့် အစီရင်ခံစာ မိတ်ဆက်ပွဲ နှင့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ CDM တွေမှာ ရန်ပုံငွေလိုအပ်ချက်တွေအရမ်းကို များပါတယ်။ အဲ့ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းမှာ ရှိတဲ့ မဟာမိတ်တွေ အကုန်လုံးကနေပြီးတော့ မြန်မာ့အရေးကို ပံ့ပိုးပေးချင်တယ်။ မြန်မာရဲ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကို ပံ့ပိုးပေးချင်တယ်ဆိုရင် CDM တွေကို ပံ့ပိုးမှုတွေကို ပြန်ကြည့်ဖို့ လိုပါတယ်။ CDM ပြုလုပ်သူတွေဟာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ ဖြစ်တယ်ဆိုတာ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ ကိုက်ညီတယ်ဆိုတာ ပြောဖို့လိုပါတယ် “ ဟု ဒေါ်ခင်ဥမ္မာက ပြောသည်။

ယင်းအပြင် CDM လှုပ်ရှားသူများ၏ ဆက်လက်လုပ်ဆောင်မှုများသည် မြန်မာပြည်သူများအားလုံးအတွက် တန်းတူညီမျှမှုကို ရနိုင်ရန် နှင့် နောင်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရေး ကဏ္ဍများတွင် အားလုံးပါဝင်နိုင်ရန် နှင့် တန်းတူညီမျှမှုရနိင်ရန်အတွက် အပြုသဘောဆောင်သည့် အောင်မြင်မှုတစ်ခုလည်းဖြစ်ကြောင်း ဒေါ်ခင်ဥမ္မာက ဆိုသည်။

ယင်းအပြင် ကမ္ဘာကြီးအနေဖြင့် CDM လှုပ်ရှားမှုကို အသိအမှတ်ပြုရမည် ဖြစ်သကဲ့သို့ ဆက်လက်ဖြစ်ပွားနေသည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသော်ငြား ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက်နှင့် စစ်အာဏာရှင်စနစ်ဆိုး အဆုံးသတ်ရန်အတွက် ရဲရင့်စွာ တိုက်ပွဲဝင်နေကြသော CDM တွင်ပါဝင်သူများကို နိုင်ငံရေးထောက်ခံအားပေးမှုနှင့် ရုပ်ဝတ္ထုအထောက်အပံ့များ ပံ့ပိုးပေးရမည်ဟု မြန်မာအရပ်ဘက် လူထုအဖွဲ့အစည်းများက ယနေ့ ထုတ်ပြန်သော အစီရင်ခံစာအသစ်တွင် ဖော်ပြထားသည်။

ထို အစီရင်ခံစာ သုတေသနစာတမ်းကို ကုလသမဂ္ဂ အဖွဲ့အစည်းကြီး နှင့်တကွ နိုင်ငံတကာအဖွဲ့အစည်းများထံ ကျယ်ကျယ်ပြန်ပြန့် ဖြန့်ဝေနိုင်ရန် လိုအပ်ကြောင်း FORUM-ASIA အဖွဲ့ မှ မစ္စတာ ဘန်နီက ပြောသည်။

“အထူးသဖြင့် လူ့အခွင့်အရေးအခြေအနေကို ပံ့ပိုးပေးနိုင်တဲ့ အဖွဲ့အစည်းတွေကို ဖြန့်ဝေပေးနိုင်ဖို့ လိုပါတယ် ။ နောက်ပြီးတော့ သံတမန်တွေ ၊ အလှူရှင် အသိုင်းအဝိုင်းတွေထံကိုလည်း မျှဝေချင်ပါတယ်” ဟု ၎င်းက ပြောသည်။

ယခုအစီရင်ခံစာကို ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှား ဆောင်ရွက်မှု ကော်မတီ၊ အသံ – လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ ၊ မြန်မာ့အမျိုးသမီးသမဂ္ဂ ၊ အနာဂတ်သံလွင်၊မျိုးဆက်လှိုင်း၊ မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း၊ ကချင်အမျိုးသမီး အစည်းအရုံး – ထိုင်းနိုင်ငံ ၊ ကရင်လူ့အခွင့်အရေး အဖွဲ့ ၊ ကရင်နီအ မျိုးသမီး အစည်းအရုံး၊ ကယန်းအမျိုးသမီး အစည်းအရုံး၊ပအိုဝ်းအမျိုးသမီး သမဂ္ဂ ၊ ရှေ့ ပြေးအသံအဖွဲ့ ၊ နယ်စပ်ဒေသရောက် တိုင်းရင်းသူအမျိုးသမီးများ ကယ်ဆယ်ရေးအဖွဲ့အစည်း ၊ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ (ရှမ်းပြည်နယ်) နှင့် တောင်ပိုင်းလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ စုစုပေါင်း ၁၅ ဖွဲ့ နှင့်အတူ အမည်မဖော်လိုသည့် နောက်ထပ် အဖွဲ့ လေးဖွဲ့ တို့ ပူးပေါင်း ဆောင်ရွက်ထားခြင်းဖြစ်ကြောင်းသိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s