ကလေးမြို့ စခန်းကြီးရွာတွင် စစ်ကောင်စီတပ်က အုပ်ကြီးခန့်အပ်ပြီး ပျူစောထီး အဓမ္မဖွဲ့ စည်းရန် ဖိအားပေး

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်မြောက်ပိုင်း စခန်းကြီးရွာကို စစ်ကောင်စီတပ်မှ အုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌခန့်အပ်ပြီး ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့ အဓမ္မ ဖွဲ့စည်းရန် ဖိအားပေးလုပ်ဆောင်နေကြောင်း ဒေသခံများထံမှသိရသည်။

မေလ ၁၂ရက်နေ့တွင် စခန်းကြီးရွာသို့ စစ်ကောင်စီတပ်သားများရောက်လာခဲ့ပြီး တစ်အိမ်တစ်ယောက် စာသင်းကျောင်းသို့ အစည်းအဝေးခေါ်ခဲ့ပြီး မတက်ရောက်သည့်အိမ် မီးရှို့မည်ဖြစ်ကြောင်း လော်စပီကာဖြင့် အော်ခေါ်ခဲ့ကြောင်းသိရသည်။

နေ့လယ် ၁၂နာရီအချိန်တွင် စစ်ကောင်စီတပ်မှ အရာရှိများရောက်ရှိလာခဲ့ပြီး တက်ရောက်လာသည့် အိမ်ရှင်မအများစု နှင့် အသက်ကြီးရွယ်အိုများအပါအဝင် အမျိုးသား လူလတ် လေးဦးခန့်ပါသည့် ဒေသခံများကို အုပ်ချုပ်ရေး ဥက္ကဋ္ဌခန့်အပ်ရန် နှင့် ပျူစောထီးတပ် ဖွဲ့စည်းရန်လိုအပ် ကြောင်း ပြောဆိုခဲ့သည့်ဟု ဆိုသည်။

“ဘယ်သူ့ကို ဥက္ကဋ္ဌလုပ်ခိုင်းမလဲ ၊ ငါတို့စကားကိုနားမထောင်ရင် ဒီဘက်က လက်ပံချောင်း ၊ ပျဉ်းတောဦး ၊ ညောင်ကုန်းရွာတွေဘက်လိုမျိုး ကြိုက်တဲ့အချိန် လက်နက်ကြီးနဲ့ပစ်မယ် ၊ မီးရှို့မယ် ၊ အသက်တွေကိုလည်း အာမ မခံဘူး” ဟု စစ်ကောင်စီတပ်အရာရှိက ပြောဆိုခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက မဇ္စျိမ ကိုပြောဆိုသည်။

အကယ်၍ ၎င်းတို့စကားအား နားထောင်ခဲ့ပါက မြို့နယ်အတွင်း လွတ်လပ်စွာသွားလာခွင့်ရရှိပြီး ရွာကိုလည်း အခြားပျူစောထီးရွာများဖြစ်သည့် အင်တိုင်ကြီး ၊ အင်တိုင်လေး ၊ ကျောင်းတိုက်ဆည်ဦး များကဲ့သို့ ရွာခံများ၏ အသက်နှင့် လုံခြုံရေး တာဝန်ယူပေးမည်ဖြစ်ကြောင်း ဆိုသည်။၎င်းအပြင် တောင်သူလယ်သမားများအတွက် ထောက်ပံ့ကြေးနှင့် ချေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အဆိုပါ အစီအစဉ်များကို ထောက်ခံပါသလား မေးမြန်းခဲ့ရာ လူငယ်တစ်ဦးမှ ထောက်ခံကြောင်းနှင့် ဥက္ကဋ္ဌအား ငဖြိုး ဆိုသူကိုတင်မြှောက်ရန် သင့် တော်ကြောင်း အဆိုတင်သွင်းခဲ့သည်ဟု သိရသည်။

သို့သော် တက်ရောက်လာသော လူကြီးတစ်ဦးမှ ၎င်းတို့ရွာသည် ချင်း – ဗမာရောနှော နေထိုင်သည့်အတွက် ညီညွတ်မှုမရှိကြောင်း ယင်းသို့ဖွဲ့စည်းရန်အတွက်အချိန်လိုအပ်ကြောင်း တင်ပြပြောဆိုခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်က အချိန် ၁၀ရက်ပေးမည်ဖြစ်ပြီး အစည်းအဝေးအပြီးတွင် ရွာမီးလင်းရေးရန်ပုံငွေ ၃၀,၀၀၀,၀၀၀(သိန်းသုံးရာကျော်) ကို တောင်းယူကြောင်း ဆိုသည်။

မေလ ၂၅ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ် နှင့် ပျူစောထီးအဖွဲ့ အင်အား ၂၀၀ ကျော်ခန့်သည် ကံကြီးဘက်တွင် လှုပ်ရှားသွားလာခဲ့ပြီးနောက် စခန်းကြီးရွာကို ဝိုင်းထားကာ ရွာအတွင်းရှိ တစ်အိမ်ထောင်တစ်ယောက် ဘုန်းကြီးကျောင်းသို့ အစည်း အဝေးလာရန်ပြန်လည်ခေါ်ခဲ့ကြောင်း သိရသည်။

ယင်းနောက်တွင် ကနဦး ဥက္ကဋ္ဌအဖြစ် အဆိုပြုထားသူ ငဖြိုးအား ဥက္ကဋ္ဌတင်မြှောက် ကြောင်းအသိပေးခဲ့ပြီး ပျူစောထီးဖွဲ့စည်းရန် အထူးလိုအပ်ပြီး ကြောက်စရာမလိုအပ်ကြောင်း ယခုအခါ လူကိုယ်တိုင်မတိုက်တော့ဘဲ လေကြောင်းမှသာ တိုက်ခိုက်တော့ကြောင်း အသိပေးခဲ့သည် ဟုဆိုသည်။

အဆိုပါ ဥက္ကဋ္ဌဖြစ်သူ ငဖြိုးမှာ အသက် ၃၀ ခန့်ရှိပြီး အလုပ်အကိုင်မရှိသည့် မူးယစ်ဆေးစွဲနေသည့် ဆေးသမားတစ်ဦးဖြစ်ပြီး ၎င်း၏ ဖခင်ဖြစ်သူမှာ ဆေးမှူးတစ်ဦး ဖြစ်သဖြင့် ငဖြိုးအား ဗန်းပြထားပြီး သူ့ဖခင်မှ လုပ်ငန်းများ လုပ်ကိုင်သွားဖွယ်ရှိကြောင်း အမည်မဖော်လိုသည့် ဒေသခံမှ သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီတပ်သည် စခန်းကြီးကျေးရွာကို ကလေးမြို့မြောက်ပိုင်း စစ်ကြောင်းများ ထိုးသည့်အချိန်တွင် စုရပ်အဖြစ်အသုံးပြုရန်ရည်ရွယ်ထားပြီး ယခင်က CDM ဆရာမ အပါဝင် လူခြောက်ဦးခန့်ကို ဖမ်းဆီးထားခဲ့ကြောင်း ကလေးမြို့ ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးထံမှသိရသည်။

စခန်းကြီးကျေးရွာသည် အိမ်ခြေ ၂,၀၀၀ ခန့်ရှိသော ရွာကြီးဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပတ်သက်မှုမရှိသကဲ့သို့ စစ်ကောင်စီတပ်ကို လည်း ထောက်ခံခြင်း မရှိကြောင်း ဒေသခံထံမှ သိရှိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s