ကော့ကရိတ်မြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ကျေး ရွာများကို ပစ်ခတ်နေ


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် KNU ၊ KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။
မေလ၂၅ရက် နေ့လယ် ၁၂နာရီ ၃၀ မိနစ်တွင် ကော့ကရိတ်မြို့အနီး တမိုင်ကုန်းကျေးရွာကို စစ်ကောင်စီ၏ ကော့ကရိတ်မြို့အခြေစိုက် ခလ ရ(၉၇)တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်း သိရသည်။
“မနေ့က စပစ်ကြတာ ကော့ကရိတ်မြို့ထဲပဲ တိုက်ပွဲမဖြစ်တာ၊ ဘေးနားကရွာတွေမှာ နေ့တိုင်းလိုလိုဖြစ်နေတာ ခလရ(၉၇)တပ်ရင်းကလည်း နေ့တိုင်းကို လက်နက်ကြီးတွေပစ်ထုတ်နေတာ တချို့ရွာတွေဆို မီးလောင်ပျက်စီးပြီး လူတွေလည်းထွက်ပြေးနေကြပြီ”ဟု ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ပြောသည်။
ယင်းနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ တစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာ ရရှိကာ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် တမိုင်ကုန်းကျေးရွာနေ အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့အနီး တိုက်ပွဲများကြောင့် ကျုံဒိုးမြို့အပါအဝင် ကျေးရွာခြောက်ရွာကျော်မှ ဒေသခံများဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
အဆိုပါတိုက်ပွဲအခြေနေနှင့် ပတ်သက်ပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ပြီးခဲ့သည့် မေလ၂၂ရက်နေ့ကလည်း စစ်ကောင်စီ၏ ခလရ(၉၇)တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် တမိုင်ကုန်းကျေးရွာရှိ ကုန်စုံဆိုင်ပေါ်လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ဆိုင်မီးလောင်ပျက်စီးသွားခဲ့သည်။
ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်ကာ စစ်ကောင်စီတပ်ဖွဲ့က ကော့ကရိတ်မြို့အဝင်လမ်းများကို မေလ ၁၄ ရက်နေ့မှ စတင်ပြီးဖျက်ဆီးထားကြောင်းလည်း သိရသည်။ mizzima