စစ်ကိုင်းမြို့ ပဒူရွာကြီး လုယက်မီးရှို့ခံရ

မေ ၂၂ တွင် စစ်ကိုင်းမြို့နယ်၊ ပဒူကျေးရွာကို လာရောက်တပ်စွဲသည့် စစ်ကောင်စီလက်နက်ကိုင်တို့၏ လက်ချက်ကြောင့် နေအိမ်   ၅၀၀ ကျော်မီးလောင်သွားသည်၊  ယမန်နေ့ (မေ ၂၄) ညနေတွင်  အကောင်းပကတိကျန်နေသည့် နေအိမ်များကိုပါ မီးရှို့ကြသည်ဟု ဒေသံများက ပြောသည်။

စစ်သားများ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးများ၏ လက်ချက်ကြောင့်  အိမ်ခြေမည်မျှ လောင်ကျွမ်းသွားသည်ကို အတိအကျမသိရသေးကြောင်း၊ နေအိမ်များအတွင်း ပစ္စည်းများကို ဝင်ယူပြီးမှ မီးရှို့ခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် People Servant Force အဖွဲ့က ပြောသည်။

“ပဒူရွာဆိုတာက ဒီဘက်နယ်မှာ စီးပွားရေးအဆင်ပြေဆုံးဗျ။ သူဌေးသူကြွယ်လည်းပေါများဆုံးရွာပေါ့။ တိုက်ကြီး၊ အိမ်ကြီးတွေ တော်တော်များများရှိတဲ့ရွာပေါ့။ အဲ့ဒီလိုရွာကို ဖောက်ထွင်းလုယက်ခိုးယူတယ်” ဟု ထိုအဖွဲ့၏ ဒုတာဝန်ခံ ဗိုလ်ရိုးရာက Myanmar Now ကို ပြောသည်။

မေ ၁၉ မှစ၍  မြို့အနောက်ဘက် ၁၀ မိုင်အကွာ ရေမျက်ကြီးအင်းဘေးရွာများကို စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ က  စစ်ကြောင်းထိုးလာစဉ် ဒေသခံတော်လှန်ရေးပူးပေါင်းအဖွဲ့များနှင့် လေးရက်ဆက် တိုက်ပွဲများပြင်းထန်ခဲ့သည်။ 

မေ ၂၂ မနက်ပိုင်းတွင် ပဒူကျေးရွာ ရဲစခန်း တိုက်ခိုက်ခံရစဥ် လေတပ်က  ရဟတ်ယာဉ်လွှတ်ပြီး ပစ်ကူပေးခဲ့သည့်အပြင် မြေပြင်စစ်ကြောင်း စေလွှတ် တပ်စွဲလာခြင်း ဖြစ်သည်။

ရွာသို့ ရုတ်တရက် စစ်ကြောင်းဝင်လာချိန် ကျေးရွာဘုန်းကြီးကျောင်းမှ သံဃာများပါမကျန် ရွာလုံးကျွတ် အသက်လုပြေးလာခဲ့ရကြောင်း ပဒူရွာမှ လုံခြုံရေးအရ အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက ပြောသည်။

“တစ်ရွာလုံးကို ဒုက္ခာရောက်သွားတာပေါ့။ တချို့ဆိုရင် နေဖို့အပြင် စားဖို့တောင် တော်တော်ခက်ခဲသွားတဲ့ ဘဝကိုရောက်သွားတယ်၊ အဝတ်တစ်ထည် ကိုယ်တစ်ခုပဲ ပါတဲ့သူနဲ့။ အိမ်မှာ စားစရာရှိတယ်၊ မသယ်နိုင်တော့ဘူး၊ ဒီအတိုင်းပစ်ထားခဲ့ရတာ ဗြုန်းစားကြီးဆိုတော့လေ” ဟု ၎င်းက ဆိုသည်။

ပြေးလာရသူတို့မှာ ပိုမိုလုံခြုံမည်ဟု ယူဆရသော ရွာများတွင်    သီတင်းပတ်တစ်တစ်ခုကြာလာချိန်အထိ  ခိုကပ်နေရဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပစ္စည်းများကိုချန်ထား၍ ထွက်ပြေးတိမ်းရှောင်နေရချိန် ရွာကို နှစ်ကြိမ်ဆက်မီးရှိုခြင်းကြောင့် ထိခိုက်ပျက်စီးမှုကြီးမားကြောင်း ၎င်းက ဆက်ပြောသည်။

“မနေ့က သက်သက်ရှို့တာထင်တယ်။ မီးလောင်ပျက်စီးမှုအရေအတွက်ကို ဂဃနဏ မသိရဘူး။ အဲ့ဒီနားမှာ လမ်းကြည့်တဲ့သူ မြင်တဲ့သူပြောတာတော့ မီးလုံးတောက်နေတယ်မြင်တယ်။ ဒါပေမယ့် ပထမနေ့လောက်တော့မလောင်ဘူး” ဟု ၎င်းက ဆက်ပြောသည်။

ရက်ကွက် ၇ ခုရှိပြီး အိမ်ခြေထောင်ကျော်ရှိသည့်ရွာတွင် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရချိန် စစ်ကောင်စီတပ်က ပစ္စည်များယူကာ မီးရှို့နေသည်ဟုသိရပြီး ရွာကိုပြန်မကပ်နိုင်၍ အတိကျမသိဟု နောက်ထပ်ပဒူရွာသားတစ်ဦးက ဆိုသည်။

အာဏာသိမ်းဗိုလ်ချုပ်များကမူ ၎င်းတို့၏ လက်နက်ကိုင်များက မီးရှို့မှု ကျူးလွန်ခြင်း မရှိကြောင်း၊ ပြည်သူကို အကာအကွယ် ပေးနေကြောင်း  ပြောဆိုခဲ့ဖူးသည်။

နိုင်ငံအလယ်ပိုင်းမြို့တော် မန္တလေးမြို့အနောက်ဘက်နှင့် ကပ်လျက်ရှိသည့် စစ်ကိုင်းမြို့နယ်သည် စစ်ကောင်စီကို ခုခံသည့် တော်လှန်ရေးအဖွဲ့များ လှုပ်ရှားမှုအားကောင်းပြီး စစ်ကောင်စီတပ်ကလည်း မကြာခဏ စစ်ကြောင်းထိုးကာ ကျေးရွာများကို စီးနင်းမီးရှို့နေသည်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း နိုင်ငံအနှံ့ စစ်မျက်နှာများစွာဖွင့်ထားရသည့် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်၊ ၎င်းတို့ကို ထောက် ခံသည့် အရပ်သားများကို လက်နက်တပ်ဆင်သော နည်းလမ်းများကို အားပြုကာ ခုခံမှုများကို တုံ့ပြန်နေသည်။

၂၀၂၃ ဖေဖော်ဝါရီ ၂၈ အထိ စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူနေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်ကိုင်း၊ မကွေးနှင့် ချင်းပြည်နယ်တွင် အများဆုံးဖြစ်ကြောင်း မီးရှို့ခံရမှုအကြောင်း စာရင်းပြုစုနေသည့် Data For Myanmar အဖွဲ့၏ အချက်လက်များအရ သိရသည်။

စစ်ကိုင်းတိုင်းအတွင်း ကန့်ဘလူ၊ အရာတော် စစ်ကိုင်းမြို့နယ်များသည် စစ်ကောင်စီကို ခုခံအားကောင်းသည့် မြို့နယ်များဖြစ်သည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s