စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းကြောင့် ခင်ဦး မြေနီသျှိုရွာခံများ တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ဘက်မှ မေလ ၂၄ ရက်နေ့တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ခမရ(၃၆၈) ခြေလျင်စစ်ကြောင်းကြောင့် မြေနီသျှိုရွာနှင့်နီးစပ်ရာရွာခံများ အရေးပေါ်တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

၎င်းစစ်ကြောင်းသည် မေလ ၂၄ ရက်နေ့တွင် ခင်ဦးမြို့ပေါ် ရောက်ရှိခဲ့ပြီး ယမန်နေ့ မေလ ၂၅ ရက်နေ့တွင် မဒေါင်းလှ ပျူများနှင့်ပူးပေါင်းကာ မကျီးတုံပျူရွာ အနီးပတ်ဝန်းကျင်တွင် စစ်ရေးလှုပ်ရှားခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

ထိုစစ်ကြောင်းသည် မေလ ၂၅ ရက်နေ့၊ ညနေပိုင်းတွင် မြေနီသျှိုလမ်းဆုံ သို့ရောက်ရှိကာ ညပိုင်းတွင် အနီးအနားနေရာများအား မီးရှို့ခဲ့ကြောင်း သိရသည်။

“ဒေသခံမျက်မြင်ပြောတာတော့ နေအိမ်နှစ်လုံးလောက်ပဲ မီးရှို့သွားတယ်ပြောတယ်။ ရွာရဲ့အနောက်ဘက် ရွှေဘို-မြစ်ကြီးနားလမ်းဆုံ ဈေးလေးနားကိုရှို့သွားတယ် သိရတယ်။ စစ်ကြောင်းကင်းလှည့်နေတာမို့ ဝင်ရောက်လို့တော့မရသေးပါဘူး”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန် ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

မြေနီသျှိုလမ်းဆုံ နှင့် မြေနီသျှိုရွာကြားအထိ စစ်ကောင်စီတပ် ကင်းပုန်းများ တိုးလာခြင်းကြောင့် မြေနီသျှိုရွာနှင့်အတူ ကျွန်းပင်ကန်၊ ခြေမြစ်ရင်း စသည့်ကျေးရွာများမှ ဒေသခံများ မေလ ၂၅ ရက်နေ့၊ ညပိုင်းမှစတင်ကာ တိမ်းရှောင်နေကြရသည်။

မြေနီသျှိုလမ်းဆုံနီးနေအိမ် နှစ်လုံးကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်စစ်ကြောင်းမှာ ယနေ့ မေလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရွှေဘို-မြစ်ကြီးနားလမ်းမှတစ်ဆင့် တောတွင်းလမ်းဝင်ရောက်ကာ ခြေလျင်စစ်ကြောင်းဆက်ထိုးနေသည်။

ယင်းစစ်ကြောင်းသည် ဒေသကာကွယ်ရေးတပ်များထောင်ထားသည့် မိုင်းများနင်းမိခဲ့သောကြောင့် စစ်သားတချို့ထိခိုက်ဒဏ်ရာရခဲ့ပြီး ရွှေဘိုနယ်၊ ခုန်ကုန်းပျူရွာဘက်ကို ယနေ့ နံနက် ၁၀နာရီခွဲခန့်တွင် ဝင်ရောက်သွားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

ခင်ဦးမြို့နယ်တွင် မေလ၂၅ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာ ၇၄ ရွာအထိ ရှိခဲ့ပြီး အိမ်ခြေ ၅,၀၀၀ ကျော် ပြာကျပျက်စီး၍ အိုးမဲ့အိမ်မဲ့ပြည်သူပေါင်း ၃၀,၀၀၀ ဝန်းကျင်ရှိလာကာ အကူအညီများ လိုအပ်နေသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s