ဆီဆိုင်နှင့် ပင်လောင်းရှိ စစ်ဘေးရှောင် ၁၆,၀ ၀၀ ကျော် စားနပ်ရိက္ခာ ပြတ်လပ်မှုများ ကြုံ တွေ့နေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် စစ်ဘေးရှောင်အရေအတွက် ၁၆,၄၀၀ ကျော်အထိ ရှိလာပြီဖြစ်ပြီး စားနပ်ရိက္ခာ ပြတ်လပ်မှုများလည်း ကြုံတွေ့နေရကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ဘေးရှောင်များအား ကူညီနေသူများထံမှ သိရသည်။
ဆီဆိုင်မြို့နယ်တွင် စစ်ဘေးရှောင် ၈,၄၀၀ ကျော်နှင့် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင် ၈,၀၀၀ ၀န်းကျင်ရှိကြောင်း ရှမ်းပြည်တောင်ပိုင်း၌ စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ဘေးရှောင်များအတွက် အလှူရှင်များနည်းပါးလာပြီး နိုင်ငံတကာ အကူအညီများလည်း မရရှိသည့်အတွက် စားနပ်ရိက္ခာပြတ် လပ်လာပြီး စစ်ဘေးရှောင်အများစုမှာ ပန်းရံနေ့စားလုပ်ကိုင်ပြီး ရှာဖွေစားသောက်နေရသကဲ့သို့ ချေးငှားပြီး စားသောက်နေရသူများ လည်းရှိကြောင်း သိရသည်။
“ဆီဆိုင်မှာတော့ နေရာတော်တော်များများ စားနပ်ရိက္ခာပြတ်သွားပြီ။ အလှူရှင်လည်း မလာတာ နှစ်လကျော် သုံးလနီးပါး ရှိတဲ့အခါကျတော့ တော်တော်များများ စားနပ်ရိက္ခာပြတ်ကုန်ပြီ။ လောလောဆယ်တော့ ရှစ်ထောင်၀န်းကျင်ရှိတယ်။ တချို့ကတော့ အခံနည်းနည်းပါတဲ့လူက တော့ ခံသေးတာပေါ့။ မပါတဲ့လူကတော့ နေ့စားခေါ်တဲ့သူရှိရင် နေ့စားလိုက်ပြီး စားနပ်ရိက္ခာဖြေရှင်းရတာပေါ့။ အလုပ်ကလည်း ပုံမှန်နေ့တိုင်းမရှိတဲ့အခါကျတော့ သူတို့အတွက် ခက်ခဲတာပေါ့”ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။
ဆီဆိုင်မြို့နယ်သို့ ကရင်နီပြည်နယ် ဒီးမော့ဆိုမှ စစ်ဘေးရှောင်များ အများဆုံးလာရောက်ပြီး ဖရူဆို၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်း၊ လွိုင်ကော်နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ စစ်ဘေးရှောင်အချို့လည်း လာရောက်ကြကြောင်း သိရသည်။
စစ်ဘေးရှောင်များအနေဖြင့် နေ့စားလိုက်ပါက တစွနေ့လျှင် ကျပ် ၆,၀၀၀ ၀န်းကျင်သာရရှိပြီး အလုပ်အကိုင်မရသည့်နေ့လည်းရှိကြောင်း ဒီးမော့ဆိုမြို့နယ်မှ ဆီဆိုင်မြို့နယ် ဘုရားဖြူမွေတော်ကျောင်းသို့ လာရောက်စစ်ဘေးရှောင်သူတစ်ဦးက ပြောသည်။
“အခုက ဆန်ကျတော့ ကုန်တော့ ကုန်ခါနီးပြီ။ နည်းနည်းပဲကျန်တော့တယ်။ အယောက်တိုင်းပါပဲ ။ ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူး။ နေ့စားသွားတာလည်း နည်းနည်းပါးပါးလောက်ပဲ ဟင်းသီးဟင်းရွက်၀ယ်တာ အဲ့ဒီလိုမျိုးပဲရတယ်လေ”ဟု အဆိုပါ စစ်ဘေးရှောင်ကပြော သည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင်လည်း စစ်ဘေးရှောင်များအတွက် ခြောက်လပိုင်းခန့်အထိ ဆန်ရိက္ခာ အဆင်ပြေနိုင်သေးသော် လည်း နောက်ပိုင်းတွင် လွန်စွာ အကျပ်အတည်းရှိလာနိုင်ကြောင်း စစ်ဘေးရှောင်များအား ကူညီနေသူ နောက်တစ်ဦးကပြောသည်။
လက်ရှိတွင် ပင်လောင်းမြို့နယ်ရှိ စစ်ဘေးရှောင်ထက်ဝက်ခန့်မှာ အပြင်တွင် နေ့စားတောင်ယာစိုက်ခြင်း၊ အခြားမြို့သို့ သွားရောက်ကာ ဆောက် လုပ်ရေးလုပ်ငန်းခွင်၊ ကား၀ပ်ရှော့တို့တွင် လုပ်ကိုင်ခြင်းများလည်းရှိကာ သက်ကြီးပိုင်းများ၊ ရောဂါသည်များ၊ ကလေးမိခင်များစသည့် အလုပ်မလုပ်နိုင်သူများမှာမူ စစ်ဘေးရှောင်စခန်းများ ၊ ဘုန်းကြီးကျောင်းများတွင် နေထိုင်နေရဆဲဖြစ်ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်အများအပြားရှိသော်လည်း နိုင်ငံတကာ အဖွဲ့အစည်းများ၏ လာရောက်လှူဒါန်းမှုများ မရှိသည့်အပြင် ယခု နောက်ပိုင်းတွင် အခြားပြင်ပအလှူရှင်များလည်း လာရောက်မှုမရှိတော့ကြောင်း အထက်ပါ စစ်ဘေးရှောင် ကူညီနေသူက ပြောသည်။
“အခု အလှူရှင်က မလာတော့ဘူးဖြစ်နေတာ။ အဲ့တာကြောင့် နောက်လာမယ့် နှစ်လ၊ သုံးလ ဆိုရင် ကျွန်တော်တို့ ဘယ်လိုရှေ့ဆက်သွားကြမလဲဆိုတာ နည်းနည်းတော့ စိတ်ဆင်းရဲတယ်”ဟု ၎င်းက ဆိုသည်။
ထို့ပြင် မကြာမီ မိုးရာသီကာလရောက်ရှိတော့မည်ဖြစ်သည့်အတွက် ပင်လောင်းနှင့် ဆီဆိုင်ရှိ စစ်ဘေးရှောင်များအတွက် အဓိကလိုအပ်ချက် စားနပ်ရိက္ခာအပြင် ဆေးဝါးများ၊ ဆေးခြင်ထောင်များ၊ အမိုးအကာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။
လက်ရှိတွင် ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း-ဖယ်ခုံအစပ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA) ၊ က ရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ဘေးရှောင်အများစုမှာ နေရပ်ပြန်နိုင်ခြင်းမရှိသေးပေ။
စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်တွင်းစစ်ပြေးဒုက္ခသည် အရေအတွက် နှစ်သန်းခွဲကျော်ရှိလာပြီဖြစ်ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ ISP Myanmar ကမေလ ၈ ရက်နေ့က ထုတ်ပြန်ထား သည်။ mizzima