ဒေါ်လာ ဝယ်ယူစုဆောင်းလျှင် အရေးယူမည်ဟု စစ်ကောင်စီဗဟိုဘဏ် သတိပေး

ပြည်တွင်းငွေကြေးစျေးကွက်မှာ အမေရိကန်ဒေါ်လာဈေး ထိုးတက်နေချိန် ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်တွေကို မလိုအပ်ဘဲ ဒေါ်လာဝယ်ယူစု ဆောင်းခြင်းမပြုဖို့ စစ်ကောင်စီ ဗဟိုဘဏ်က သတိပေးချက် ထုတ်ပြန်ပါတယ်။
ပို့ကုန်လုပ်ငန်း ဆောင်ရွက်နေသူတွေကိုလည်း သတ်မှတ်ကာလအတွင်း ဘဏ်တွေဆီ နိုင်ငံခြားငွေ ပြန်လည်ရောင်းချခြင်းမရှိရင် အရေးယူသွား မယ်လို့လည်း ထပ်ဆင့် သတိပေးထားပါတယ်။
ဒါ့အပြင် Export Earning (ပို့ကုန်ရငွေ) ပြန်လည်ဝင်ရောက်မှု အခြေအနေနဲ့ ဘဏ်တွေက ငွေသားထုတ်ယူမှု ကန့်သတ်ချက်တွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထုတ်လွှင့်ပြီး ငွေကြေးစနစ် မတည်ငြိမ်အောင် ဆောင်ရွက်မှုတွေ ရှိနေတယ်လို့လည်း စစ်ကောင်စီ ဗဟိုဘဏ်က ဆိုထားပြီး ကောလာဟလတွေနဲ့ ဈေးကစားတာ၊ ဈေးကွက်ပေါက်ဈေးထက် ပိုပြီး အရောင်းအဝယ် ပြုလုပ်နေတာတွေကိုလည်း မကြာခဏ တွေ့နေရတဲ့အတွက် အဲဒီဖြစ်စဉ်တွေမှာ ပြည်တွင်းဘဏ်တွေရဲ့ ပါဝင်ပတ်သက်မှုရှိပါက အရေးယူမယ်လို့လည်း ဘဏ်တွေကို စစ်ကောင်စီက သတိပေးထားပါတယ်။
လက်ရှိ နိုင်ငံခြားငွေဈေးကွက်မှာတော့ အမေရိကန် ဒေါ်လာငွေလဲနှုန်းက ဆက်တိုက် မြင့်တက်နေပြီး ဒီကနေ့ နေ့လယ်ပိုင်းမှာ တဒေါ်လာကို မြန်မာကျပ်ငွေ ၂,၉၅၀ အထက်အထိ ရောက်ရှိနေပြီး ဈေးတည်ငြိမ်မှု မရှိသေးဘူးလို့ သိရပါတယ်။
ဒေါ်လာဝယ်ရောင်းလုပ်ကိုင်သူတဦးက “တက်တာကတော့ အရင်ရက်တွေကတည်းက နည်းနည်းချင်းတက်နေတာပဲ။ ဒီရက်ပိုင်းကျတော့ အ တက်ကြမ်းလာတယ်။ တောက်လျှောက်တက်တာ။ အခုထိလည်း ဈေးမငြိမ်သေးဘူး” လို့ ပြောပါတယ်။
ဒေါ်လာစျေးနဲ့ တွက်ချက်ရောင်းဝယ်တဲ့ ပြည်တွင်းရွှေစျေးကလည်း ဒီနေ့ နေ့လယ်ပိုင်းမှာ တကျပ်သားကို ကျပ် ၃,၀၈၀,၀၀၀ ကျော်အထိ ထိုးတက်လာပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်ကတော့ ပို့ကုန် သွင်းကုန်သမားတွေအတွက် ဒေါ်လာနဲ့ မြန်မာငွေတွေကို ဘဏ်တွေကတဆင့် ပံ့ပိုးပေးနေတာဖြစ်လို့ လိုအပ်ချက်ရှိရင် တင်ပြဖို့ တိုက်တွန်းထားပြီး ကောလာဟလတွေနဲ့ ဈေးကစားခြင်းပြုလုပ်ရင် ထိထိရောက်ရောက် အရေးယူသွားမယ်လို့ သ တိပေးထားပါတယ်။ DVB