ဖခင်သောက (သို့မဟုတ်) တေးရေးနိုင်မြန် မာ၏ သားအတွက် စိုးရိမ်ပူပန်မှု

စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသည့် အဆိုတော်ဗျူဟာကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးသလို ဖမ်းဆီးခံရပြီး သုံးရက်မြောက်အထိ အဆက်အသွယ်မရသေးကြောင်း ဖခင်ဖြစ်သူ တေးရေးနိုင်မြန်မာက မဇ္ဈိမသို့ပြောသည်။
“ဘာအဆက်အသွယ်မှမရသေးပါဘူး။ ဘယ်ရောက်နေမှန်းလည်း စုံစမ်းလို့မရပါဘူး” ဟု တေးရေးနိုင်မြန်မာက ယနေ့ မေလ ၂၆ရက် နေ့လယ် ၁၂နာရီခန့်က ပြောသည်။
ဟစ်ဟော့အဆိုတော်ဗျူဟာသည် မေလ ၂၃ရက်နေ့လယ်က ၎င်း၏ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွင် စစ်ကောင်စီလက်ထက် ရန်ကုန်မြို့၌ လျှပ်စစ်မီးဆိုးရွားစွာပြတ်တောက်မှုနှင့်ပတ်သက်ပြီး ဒေါသထွက်ကာ စစ်ကောင်စီနှင့် စစ်ကောင်စီလျှပ်စစ်ဝန်ကြီးကို ဆဲဆိုဝေဖန်ခဲ့သည့်အတွက် ထိုနေ့ညနေတွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၎င်းနေထိုင်ရာ မြောက်ဒဂုံ၊ ဗထူးအိမ်ယာ၌ ဖမ်းဆီးခံရခြင်းဖြစ်ပြီး သုံးရက်မြောက်ဖြစ်သော ယနေ့မေလ ၂၆ရက် နေ့လယ်အထိ မိသားစုနှင့် အဆက်အသွယ်မရရှိသေးဟု သိရှိရသည်။
ကဗျာဆရာလည်းဖြစ်၊ နာမည်ကြီး တေးရေးဆရာလည်းဖြစ်သည့် နိုင်မြန်မာက သားဖြစ်သူ
ဖမ်းဆီးခံရပြီးနောက်”အော်ဟစ်ဆဲဆိုခြင်း ဋီကာ” ဟူသော ကဗျာတစ်ပုဒ်ကို ယနေ့မေလ ၂၆ရက်တွင် ၎င်း၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားဖော်ပြထားသည်။
အလကားနေရင်း ဆဲနေတာမဟုတ်
“မတရားလေခြင်း”ဆိုပြီး ဆဲနေတာ
အကြောင်းရှာဖွေပြီး ဆဲနေတာမဟုတ်
“မကောင်းတာတွေချည်း”မို့ ဆဲနေတာ
သတ္တိကောင်းလွန်းလို့ ဆဲနေတာမဟုတ်
ရပ်ကြည့်လို့ မကောင်းတော့လို့ ဆဲနေတာ “ဟု အဆိုပါကဗျာတွင် ဖော်ပြပါရှိသည်။
ထို့အပြင် အဆိုတော်ဗျုဟာ ယခင်က သီဆိုခဲ့သော သီချင်းအချို့နှင့် ဗီဒီယိုဖိုင်အချို့ကိုလည်း တေးရေးနိင်မြန်မာက ၎င်း၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွင် ပြန်လည် ဖြန့်ဝေထားသည်ကို တွေ့ရသည်။
ထိုအတောအတွင်း အဆိုတော်ဗျူဟာ သေဆုံးသွားပြီဆိုသော သတင်းများလည်း လူမှုကွန်ရက်ပေါ်တွင် ယနေ့ ပျံ့နှံ့လာသည်။ ညစ်ညမ်းပုံများ တင်လေ့ရှိသည့် ဖေ့စ်ဘွတ်ခ်အကောင့်တု တစ်ခုက ယနေ့နံနက်
၈နာရီခန့်တွင် စတင်ဖြန့်ဝေခြင်းဖြစ်သည်။
အဆိုတော်ဗျူဟာ၏ညီ မင်းရဲမြန်မာက ၎င်း၏ အစ်ကို၏ သတင်းများနှင့်ပတ်သက်၍ အချက်အလက်မခိုင်မာသော သတင်းများကို ဖြန့်ဝေခြင်းမပြုရန် လူမှုကွန်ရက်မှတဆင့် မေတ္တာရပ်ခံထားသည်။
” သတင်းတွေကို source သေချာမှ share ကြရန် မေတ္တာရပ်ခံပါသည်ခများ”ဟုမင်းရဲမြန်မာ၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ နေ့လယ်၁နာရီခန့်က ဖော်ပြထားသည်။
တေးရေးနိုင်မြန်မာသည် ၁၉၈၈ ခုနှစ်(၈၈)အရေးအခင်းကာလက စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်တွင် နာမည်ကြီးခဲ့သည့် တော်လှန်ရေးသီချင်းဖြစ်သော ” ကမ္ဘာမကြေဘူး” သီချင်းကို ရေးသားခဲ့သူဖြစ်သည်။ ” ကမ္ဘာမကြေဘူး” သီချင်းသည် ၂၀၂၁ ဖေဖော်ဝါရီလက စစ်တပ်အာဏာသိမ်းပြီးနောက် စတင်ခဲ့သော ပြည်သူလူထု၏ နွေဦးတော်လှန်ရေးသပိတ်များတွင်လည်း လူထုကြား အလွန်နာမည်ကြီးခဲ့သည်။
အဆိုတော်ဗျူဟာ၏ မေလ ၂၃ရက်က လုပ်ရပ်သည် ဖခင်ဖြစ်သူ၏ အနုပညာနှင့်ယုံကြည်ချက်က သားဖြစ်သူအပေါ် လွမ်းမိုးစီးဆင်းသွားခြင်းဖြစ်ပြီး ရဲရင့်သော သားအဖနှစ်ဦးဟု ပရိတ်သတ်များက မှတ်ချက်ပြုကြသည်။
ဖမ်းဆီးခံထားရသောသားဖြစ်သူအပေါ် စိုးရိမ်ပူပန်မှုအပေါ် တေးရေးနိုင်မြန်မာက သီးခြားမှတ်ချက်မပြုသော်လည်း လတ်တလော ၎င်းရေးသားနေသည့် ကဗျာအချို့နှင့်ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်၌ တင်နေသည့် အကြောင်းအရာများက ဖခင်တစ်ဦး၏ စိုးရိမ်မှုကို အတိုင်းသား မြင်တွေ့နိုင်သည်။
အဆိုတော်ဗျူဟာ သေဆုံးကြောင်းကောလာဟလများ ယနေ့ နံနက်ပိုင်း ထွက်ပေါ်လာပြီးနောက် တေးရေးနိုင်မြန်မာက စစ်ကောင်စီ၏ ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များနှင့်အသိမိတ်ဆွေ၊ဆွေမျိုးသားချင်းများအနေဖြင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်း(ICRC)ထံ အကြောင်းကြားရန် တိုက်တွန်းထားသည့်စာကို ဖြန့်ဝေခဲ့သည်။
ထို့အပြင် သားဖြစ်သူအဖမ်းခံရသည့်အပေါ် ရည်ရွယ်ရေးသားထားသည့် ” အလကားကောင်တွေ” ဟု အမည်ပေးထားသောကဗျာတစ်ပုဒ်ကိုလည်း တေးရေးနိုင်မြန်မာက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
အဆိုပါကဗျာမှာ အောက်ပါအတိုင်းဖြစ်သည်။
ငါက
ကိုယ့်ကိုယ်ကိုယ်တောင်မှ
အလကားပေးပစ်ခဲ့တဲ့ကောင်ပါကွာ
ခုတော့”ငါ့သား”ကိုပါ
အလကားယူသွားတာ
မြန်မာပြည်မှာတော့
ငါရို့လိုကောင်တွေ အလကားရတယ် ” ဟူ၍။ mizzima