မတူပီမြို့နယ်တွင် မြေမြှုပ်မိုင်းနင်းမိပြီး ၈ နှစ်ရွယ်ကလေး ခြေထောက်ပြတ်

ချင်းပြည်နယ် ၊ မတူပီမြို့နယ် လည်မျိုးချောင်းအနီးတွင် မြေမြှုပ်မိုင်း နင်းမိ၍ ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး ခြေထောက်ပြတ်သွားကြောင်း မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၂၆ရက် ယနေ့တွင်ထုတ်ပြန်သည်။

ယနေ့မွန်းတည့် ၁၂နာရီခန့်တွင် မတူပီမြို့လောင်ဗန်းရပ်ကွက်နေ ကိုဇော်နှင့် မပန်းပန် တို့၏ သမီး အသုန် ရှစ်နှစ်သည် ဖခင်နှင့်အတူ မင်းတပ် – မတူပီကားလမ်းအတိုင်း ပြည်မဖက်မှ ပြန်လာပြီး လည်မျိုချောင်းအရောက်တွင် ကားရပ်နား၍ ရေခပ်စဉ် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

မိုင်းဒဏ်ကြောင့် သမီးငယ်သည် ညာခြေထာက်ပြတ်သွားခဲ့ပြီး ဘယ်ဖက်လက်နှင့် မျက်နှာတွင် ဒဏ်ရာရရှိသွားကာ မတူပီ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေ ကြောင်းသိရသည်။

“လည်မျိုချောင်းပတ်ဝန်းကျင်အထိက စကစ တွေမကြာခဏလာတတ်တဲ့နေရာဆိုတော့ စကစတပ်ထောင်ထားတဲ့မိုင်းလို့ပဲ ယူဆပါတယ် ။ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်လုပ်မိုင်းဆိုရင် ပွဲချင်းပြီးသေဆုံးနိုင်တဲ့အခြေအနေရှိပါတယ်” ဟု မတူပီမြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဆလိုင်း ပါထောင်း က မဇ္စျိမ ကို ပြောသည်။

လည်မျိုချောင်းတံတားသည် မတူပီမြို့နှင့် နီးကပ်သောနေရာတွင် တည်ရှိသဖြင့် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် အနားကပ်ရန်မလွယ်ကူကြောင်းဆိုသည်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မကြာမြင့်မီကာလတွင် ချင်းလူ့အခွင့်အရေးအဖွဲ့ နှင့်ပူးပေါင်းပြီး မြေမြှုပ်မိုင်း အန္တရာယ်နှင့်ပတ်သက်သော ပညာပေးမှုများ ပြုလုပ်သွားရန်အစီစဉ်များရှိကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ပြည်သူအုပ်ချုပ်ရေးအဖွဲ့နှင့် CDF – Matupi တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များကို အလေးအနက်လိုက်နာကြရန်လိုအပ်ကြောင်း ၊ မလိုအပ်ဘဲ မြစ်ချောင်းများ ၊ လမ်းဟောင်းများကို မသွားကြရန်နှင့် စစ်ဖြစ်ပွားဖူးသည့်နေရာများကိုလည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ခွင့်ပြုချက်မရှိဘဲ မသွားကြရန် ပြန်ကြားရေးတာ ဝန်ခံက သတိပေးပြောဆိုခဲ့သည်။

မေလ ၂၄ရက်နေ့ကလည်း ဟားခါးမြို့ ၊ မြိုသစ်ရပ်ကွက် ဂေါက်ကွင်းအနီးတွင်နေထိုင်သူ ဦးချန်ကီယာန်းသည် နံနက် ၁၁ နာရီဝန်းကျင်တွင် ဟားခါးမြို့ပြင် နည်းပညာကျောင်းနှင့် ဝန်ကြီးအိမ်ယာအကြား အနီးတစ်ဝိုက်သို့ ဆိတ်အစာရှာထွက်စဉ် မိုင်း နင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။

ယင်းမိုင်းနင်းမိသူ ပြန်မလာသဖြင့် မေလ ၂၅ရက် နံနက် ၈နာရီဝန်းကျင်တွင် လူငါးယောက်သွားရောက်ရှာဖွေရာ မိုင်းထပ်မံပေါက်ကွဲသဖြင့် ငါးဦးစလုံး ဒဏ်ရာ အပြင်းအထန်ရရှိပြီး ဟားခါးမြို့ဆေးရုံတွင် ကုသမှုခံနေရကြောင်း သိရှိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s