မြစ်ကြီးနားတွင် အမျိုးသား ၁ ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ မေ ၂၅ ရက် နေ့လယ်ပိုင်းက ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသားတယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
စီတာပူရပ်ကွက် ကုန်တင်ကုန်ချစခန်းအနီးမှာ ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသားတဦးကို အမည်မသိ အမျိုးသားနှစ်ဦးက သေနတ်နဲ့ လိုက် လံပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
စီတာပူရပ်ကွက်မှာ နေထိုင်သူတဦးက “နေ့လယ် ၁၂ ခွဲလောက်က ကုန်တင်ကုန်ချစခန်းနားမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသား အပစ်ခံရတာ။ ပစ်တဲ့သူတွေကလည်း ဆိုင်ကယ်နဲ့ အမျိုးသားနှစ်ယောက် ဟုတ်တယ်။ ဆိုင်ကယ် ဘေးချင်းယှဉ်ပြီး နားထင်ကို သေနတ်နဲ့ကပ်ပစ်သွားတာ ပွဲချင်းပြီးပဲ” လို့ ပြောပါတယ်။
သေဆုံးသူ အမျိုးသားဟာ အသက် ၃၀ ဝန်းကျင်ခန့်ရှိကာ မြစ်ကြီးနားဆေးရုံကို လူမှုကူညီရေးအသင်းက ပို့ဆောင်ပေးခဲ့ပြီး ဘယ်အဖွဲ့အစည်းက ပစ်ခတ်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။
မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ မေ ၂၁ ရက်က ကချင်ပြည်နယ်လွှတ်တော်ရုံးအနီးမှာ အမျိုးသားတဦး ဓားထိုးခံရပြီး ပစ္စည်းလုယက်ခံခဲ့ရလို့ ဓား ထိုးခံရတဲ့အမျိုးသား သေဆုံးခဲ့ပါသေးတယ်။ DVB