လုံးခင်းကျေးရွာ တည်းခိုရိပ်သာတခုကို စစ် တပ်ကဝင်စီးပြီး အမျိုးသား ၅ ဦးအား ဖမ်းဆီ

ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းကျေးရွာ တည်းခိုရိပ်သာတခုကို မေ ၂၅ မနက်မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဖုန်းတွေကိုစစ်ဆေးကာ တည်းခိုနေသူ အမျိုးသား ၅ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မိုးမလင်းခင် မနက် ၄ နာရီလောက်က စစ်သား အယောက် ၃၀ ကျော် လက်နှက်အပြည့်အစုံနဲ့ ဝင်စီးတယ်။ ဘာသတင်းရလို့လဲမသိဘူး၊ ဖုန်းတွေ ဝင်စစ်တယ်။ အဲ့ဒီမှာ လာတည်းတဲ့သူတွေကို လက်ပြန်ကြိုးတုပ်ပြီး ဖမ်းသွားတာ။ သိရသလောက်ဆို ၅ ဦးထက်တော့ မနည်းဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်တပ်က အမျိုးသား ၅ ဦးအား ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာတော့ မသိရသေးပါဘူး။
ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ မေ ၁၆ ရက်က ခင်တောင်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံ ၃၀ ဦးထက် မနည်း ဖမ်းဆီးခဲ့သလို မေ ၄ ရက်ကလည်း မှော်ဝမ်းရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါသေးတယ်။ DVB