ဟားခါးမြို့သို့ နိုင်ငံကူးလက်မှတ် သက်တမ်းသွားတိုးသူ ၂ဦး သတ်ဖြတ်ခံရမှု PDF ပြင်းထန်စွာရှုတ်ချ


ချင်းပြည်နယ် ၊ ဟားခါးမြို့သို့ နိုင်ငံကူးလက်မှတ်(Passport) သက်တမ်းသွားတိုးသူ နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်မီးရှို့ခဲ့သည့် အတွက် ပြင်းထန်စွာ ရှုတ်ချကြောင်း ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU) People Defence Force – Zoland က မေလ ၂၅ရက်တွင်ထုတ် ပြန်သည်။
တီးတိန်မြို့ ၊ လွယ်ဘွာလ်းရပ်ကွက်နေ အဘ ဦးနန်ခန့်ခိုင်၏ သမီး အသက် ၃၇နှစ်အရွယ် မကျင်ဟောက်ဝုန် နှင့် အဘ ဦးဇမ်းလမ့်ထန် ၏သား အသက် ၃၂အရွယ် ဦးလျန်းဇထောင်းမ် တို့သည် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။
မကျင်းဟောက်ဝုန်သည် ဒူဘိုင်းမြို့တွင် အလုပ်လုပ်ကိုင်ခဲ့ပြီး အင်္ဂလန်နိုင်ငံတွင် ပညာတော်သင်အဖြစ် လျောက်ထားရန် နိုင်ငံကူးလက်မှတ်သက်တမ်းကုန်ဆုံးခါနီးသဖြင့် သက်တမ်းတိုးရန် မြန်မာပြည်သို့ ပြန်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးလျန်းဇထောင်းမ်သည် ဟားခါးပြည်သူဆေးရုံ (ဓါတ်ခွဲ – ၂) အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး နွေဦးတော်လှန်ရေး၌ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်လာခဲ့သူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
၎င်းတို့နှစ်ဦးသည် မေလ ၂ရက်တွင် ဖလမ်းမြို့မှ ဟားခါးမြို့သို့အသွား၌ ညနေ ၆ နာရီနောက်ပိုင်း မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ် တောက်သွားသဖြင့် မိသားစုဝင်များက လူပျောက်ကြော်ငြာကာ စုံစမ်းခဲ့ကြရာ ထလန်ရောရွာသစ်အနီးတွင် ၎င်းတို့၏ အဝတ်အစားနှင့် စာ ရွက် စာတမ်းများကို ခရီးသွားများက ကောက်ယူရရှိထားခဲ့ကြောင်း သိရသည်။
မေလ ၂၂ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းချခဲ့ပြီး စွန့်ခွာသွားခဲ့သော နှီယာလ်ေလှောန်းရွာသစ်အနီး သီဖိုလ်လမ်းတွင် ၎င်းတို့နှစ်ဦး၏ မီးရှို့ခံထားရသော ရုပ်အလောင်းများကို တွေ့ရှိရကြောင်းဆိုသည်။
“ရုပ်အလောင်းတွေက ရုပ်မပေါ်တော့ဘူး ၊ အလောင်းအနီးမှာရှိတဲ့ မီးမလောင်တဲ့ ရိုးရာလည်ဆွဲကို တွေ့ရတယ်၊ အဲဒါနဲ့ အတည်ပြုခဲ့တာပါ” ဟု မိသားစုဝင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
၎င်းတို့ရုပ်အလောင်းများကို ဟားခါးမြို့သို့သယ်ယူပြီး သင်္ဂြိုဟ်ခဲ့ကြကာ မေလ ၂၄ရက်နေ့တွင် တီးတိန်မြို့ နေအိမ်တွင် အောက်မေ့ဖွယ် ဝတ် ပြုပွဲ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ကလေးမြို့မှ ဟားခါးမြို့သို့ စစ်အင်အားနှင့် ရိက္ခာဖြည့်တင်းရန်ထွက်ခွာလာသည့် စစ်ကောင်စီတပ်သည် ချင်းအမျိုးသားတပ်မတော်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ၏ အကြိမ်ကြိမ်ဖြတ်တောက်တိုက်ခိုက်မှုကြောင့် ပါလာသည့်ယာဉ်များ အကုန်ပျက်စီးခဲ့ပြီး အကျအဆုံးအထိအခိုက်များစွာရှိခဲ့ကာ ဒေသခံနေအိမ်များမီးရှို့ဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြောင်း ဒေသတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ mizzima