အင်းတော်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့၊ မှော်တိတ်ဒေသကို မေ ၂၅ ရက် တနေ့တည်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
မှော်တိတ်ဒေသမှာ မေ ၂၂ ရက်က ကျောင်းသားတပ်မတော် ABSDF နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
ဗန်းမောက်ကို စစ်ကူသွားမယ့် အင်အား ၁၇၀ ကျော်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကာကွယ်ရေးအဖွဲ့က ပြောက်ကျားစနစ်နဲ့ ကြားဖြတ်တိုက် ခိုက်ခဲ့တာကြောင့် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ABSDF ထောက်လှမ်းရေးတာဝန်ခံ ဦးစောက “လေယာဉ်နဲ့လာပစ်တာ တနေ့တည်းတင် လေးကြိမ်ရှိပြီ။ ရွာသားတွေ ထိခိုက်တယ်တော့ မကြားမိသေးဘူး။ အခုအချိန်ထိ ကျနော်တို့တပ်ခွဲနဲ့ တိုက်ပွဲပြင်းထန်နေတုန်းပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။
မေ ၂၅ ရက်အထိ စစ်ရေးတင်းမာနေပြီး မနက်အစောပိုင်းမှာ နှစ်ကြိမ်၊ ညနေပိုင်းမှာ နှစ်ကြိမ် ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုပေါင်း လေးကြိမ်ပြုလုပ်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျွန်းတောရွာ ဘုန်းကြီးကျောင်းကို ထိခိုက်ပြီး နေအိမ်တလုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
အနီးပတ်ဝန်းကျင်းရှိ မင်းတုန်း၊ မန်ထုံ၊ တောင်ကြီး၊ ရွာသာယာ၊ ကျွန်းတောရွာတွေကို ထိခိုက်ခဲ့ပြီး စက်သေနတ်နဲ့ ပစ်ခတ်တာတွေပါ လုပ် ဆောင်နေလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
မေ ၂၃ ရက်မှာလည်း တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက အထိနာခဲ့တာကြောင့် နေ့လယ် ၁၁ နာရီမှာ ဂျက်ဖိုက်တာ ၃ စီးနဲ့ လေကြောင်းပစ် ခတ်မှု ပြုလုပ်ခဲ့ပြီး အခုချိန်ထိ စစ်ရေးတင်းမာနေဆဲလို့ သိရပါတယ်။ DVB