ကော့ကရိတ်တွင် စစ်တပ်က လက်နက်ကြီးအကြိမ် ၄၀ နီးပါးပစ်ခတ်၊ ပြည်သူ ၂ ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ ကော့ကရိတ်မြို့နယ်တဝိုက်က ကျေးရွာတွေကို မေ ၂၅ ရက်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ အကြိမ် ၄၀ နီးပါးပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံပြည်သူ ၂ ဦး လက်နက်ကြီးစထိမှန် ဒဏ်ရာရှိခဲ့သလို အိမ်မွေးတိရစ္ဆာန်တွေပါ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။
အဲဒီနေ့ နေ့လယ် ၁ နာရီလောက်ကစတင်ပြီး ညနေ ၅ နာရီအထိ စစ်ကောင်စီရဲ့ ကော့ကရိတ်မြို့အခြေစိုက် ခလရ ၉၇ တပ်တွင်းကနေ လက် နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တဲ့အတွက် ကမိုင်ကုန်ကျေးရွာသား ဦးအသောင်းနဲ့ ကျော်မင်းထွန်းတို့ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့သလို ရွာတန်းရှည်ကျေးရွာနေ ဦးကျော်ဘောင်ရဲ့ နွားတကောင်နဲ့ ဒေါ်မူးသောက်ရဲ့ နွားတကောင် ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မှူး စောကျော်သက်က “စစ်ကောင်စီက လူအင်အားမရှိတော့ဘူး၊ မြို့ပြင်လည်း မထွက်ရဲဘူး၊ လက်နက်ကြီးနဲ့ လေကြောင်းအားကိုးပြီး အခုလိုအရပ်သားပြည်သူတွေရဲ့ ကျေးရွာတွေကို လိုက်ပစ်နေတာ။ လက်နက်ကြီးက တော့ နေ့တိုင်းပစ်နေတာပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေ လုပ်ငန်းခွင်ဝင်ရောက်ဖို့ အခက်အခဲဖြစ်နေပြီး ရေရှည်မှာ မိသားစုစားဝတ်နေရေး ပိုမိုဆိုးဝါးလာဖို့ ပဲ ရှိတယ်လို့ တပ်မှူးက ပြောပါတယ်။
စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့ အဖျက်အမှောင့်လုပ်ရပ်တွေကြောင့် အပြစ်မဲ့ပြည် သူလူထုတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ရသလို ဘာသာရေး အဆောက်အဦတွေ၊ ပြည်သူပိုင်အိုးအိမ်တွေ၊ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ပြည်သူပိုင်စိုက်ပျိုးသီးနှံပင်တွေ ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။
ဒါအပြင် မေ ၁၄ ရက်က ကော့ကရိတ်မြို့နယ် တောင်ကြာအင်းကျေးရွာမှာ စကခ ၁၉ လက် အောက်ခံ ခလရ ၃၄၃ ဒုတပ်ရင်းမှူးဦးစီးပြီး ဘားအံ-မြဝတီ (အာရှ လမ်း)-ကော့ကရိတ်- ကြာအင်းဆိပ်ကြီးမြို့တွေကို ချိတ်ဆက်ထားတဲ့ တောင်ကြာအင်းလမ်း၊ ကော့ကရိတ်-ကျိုက်ဒုံလမ်းနဲ့ ကော့ကရိတ်- ကမိုင်ကုန်းသွားကားလမ်းတွေကို ယာဉ်သွားယာဉ်လာတွေ ဖြတ်သန်းသွားလာလို့ မရအောင်ဖျက်ဆီးခဲ့ပါတယ်။ DVB