ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို အမြန်ဆုံး စတင်လိုကြောင်း တရုတ်ပြော

ရခိုင်ပြည်နယ်ရှိ၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်လိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.e.Mr.Chen Hai က စစ်ကောင်စီ၏ ဥပဒေရေးရာ ဝန်ကြီးဌာနနှင့် မေလ ၂၄ ရက်နေ့က တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနှင့် ကြုံနေရသော်လည်း အကောင် အထည်ဖော် ဆောင်ရွက်ရန် နှစ်ပေါင်းများစွာကြိုးပမ်းနေသည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံးစတင်နိုင်ရန်အတွက် တရုတ်ဘက်မှ ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် ရခိုင်ပြည်နယ်ကျောက်ဖြူမြို့တွင် တည်ရှိပြီး စက်မှုဇုန်စီမံကိန်း၊ လူနေအိမ်ရာစီမံကိန်းနှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းတို့ ပါဝင်သည်။

မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတွင်ရှိပြီး ဘင်္ဂလားပင်လယ်အော်ကို မေးတင်ထားသည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းသည် အထက်ပါ စီမံကိန်းသုံးခုအနက် အရင်ဆုံးစတင်မည့် စီမံကိန်းဖြစ်ကြောင်း လေ့လာသူများက ပြောသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို အမြန်ဆုံး စတင်လိုကြောင်း တရုတ်ဘက်က ထုတ်ပြောလာမှုအပေါ် မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက ယခုလို သုံးသပ်သည်။

“ပိုးလမ်းနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ စီမံကိန်းကြီးက ဒီနှစ်ကုန်မှာ အစည်းအဝေးကြီး တစ်ခုလုပ်စရာရှိတယ်၊ အဲဒီမှာ သူတို့လုပ်ထားတဲ့ စီမံကိန်းတွေ ဘာတွေပြီးတယ်၊ မပြီးဘူး ဘာလို့ပြီးတယ် ဒါမျိုးတွေပြန်ဆန်းစစ်မယ့် ညီလာခံတစ်ရပ် နှစ်ကုန်ပိုင်းမှာ လုပ်မယ်လို့ကြားတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းရဲ့ မြန်မာပြည်အလယ်ပိုင်းကို ဖြတ်သွားမယ့်လမ်းကလည်း ပိုးလမ်းမထဲမှာပါတော့ ဒါကိုလောနေတာ၊ ရပ်ထားရတာကြာပြီလေနော်” ဟု မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက သုံးသပ်သည်။

ယခု စီမံကိန်းစတင်မည်ဆိုပါက ဒေသခံလူထုအတွက် စီးပွားရေးတိုးတက်လာနိုင်ခြင်း မရှိသကဲ့သို့ ကောင်းကျိုးထက် ဆိုးကျိုးများသည့် စီမံကိန်းဖြစ်လာမည်ဟု ကျောက်ဖြူစီပွား‌ရေးဇုန်ကို စောင့်ကြည့်လေ့လာနေသည် အမည်မဖော်လိုသော ကျောက်ဖြူဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

“ အထူးသဖြင့် တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ လူ့အခွင့်ရေးဆိုင်ရာ ကျင့်ဝတ်တွေ အရမ်းအားနည်းတယ်။ ဒေသဆိုင်ရာ ရိုးရားတွေပေါ်မှာလည်း ကျင့်ဝတ်အရမ်းနည်းတယ်။ အဲဒီလို နိုင်ငံမျိုးက အခုလို မငြိမ်မသက်ဖြစ်နေတဲ့ ပဋိပက္ခတွေ တပုံကြီးဖြစ်နေတဲ့ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု လုပ်တယ်ဆိုတာက ကောင်းကျိုးထက်ဆိုးကျိုးကို ပိုများပါလိမ့်မယ် “ဟု ကျောက်ဖြူဒေသခံက ပြောသည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း စတင်ပါက တရုတ်နိုင်ငံအတွက် ရေနံတင်ပို့ရာတွင် မလေးကျွန်းဆွယ်ရှိ မလက္ကာ ရေလက်ကြားကို အသုံးပြုရန် မလိုတော့ဘဲ အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက်အသုံးပြုခွင့် ရရှိစေမည့် မဟာဗျူဟာကျသည့် စီမံကိန်းဖြစ်သည်။

ထို့အပြင် ဖွံဖြိုးတိုးတက်မှု နောက်ကျပြီး မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ၎င်း၏ ကုန်းတွင်းပိတ် ယူနန်ပြည်နယ် တိုးတက်မှုအတွက်လည်း အရေးပါသည့် စီမံကိန်းတစ်ခုဖြစ်သည်ဟု ISP Myanmar က ထောက်ပြထားသည်။

ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ကျောက်ဖြူမြို့မှ မဒေးကျွန်းတွင် ၃၇၀ ဧက၊ ရမ်းဗြဲကျွန်းတွင် ၂၃၇ ဧကဖြင့် စုစုပေါင်း မြေဧက ၆၀၇ ဧက အသုံးပြုမည်ဖြစ်ရာ မြေသိမ်းဆည်းထားမှုနှင့် ပတ်သက်၍ ပြဿနာများရှိနေပြီး ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးနေသော ဒေသခံ အိမ် ထောင်စုပေါင်း ၅,၀၀၀ ကျော်၏ ငါးဖမ်းလုပ်ကွက်များလည်း ပျောက်သွားနိုင်သည်ဟု စောင့်ကြည့် လေ့လာသူများက ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းသည် ပြီးခဲ့သည့် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်ထက်ကတည်းက နှုတ်အားဖြင့်သဘောတူ ပြုလုပ်ရန် စိုင်းပြင်းလာခဲ့ကြသော စီမံကိန်းတစ်ခု ဖြစ်သည်။

လက်ရှိအချိန်မှာ ယခုစီမံကိန်း စတင်ရန်အတွက် တရုတ်ကုမ္ပဏီဘက်မှ ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့်ပတ်သက်၍ မဟာဗျူဟာမြောက် ထိ ခိုက်ခြင်းဆိုင်ရာ လေ့လာဆန်းစစ်မှု(Strategic Environmental Assessment-SEA) နှင့် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်းဆိုင်ရာ လေ့လာဆန်းစစ်မှု(Environmental and Social Impact Assessment-ESIA) တို့ကို လုပ်ဆောင်ဆဲ ဖြစ်ကြောင်း လေ့လာဆန်းစစ်မှုများပြုလုပ်နေသည့် Myanmar Survey Research (MSR) အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုလေ့လာဆန်းစစ်မှု နှစ်ခုအနက် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်းဆိုင်ရာ လေ့လာဆန်းစစ်မှု (ESIA) အစီရင်ခံစာသည် ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းတွင် ပြီးဆုံးမည်ဟု Myanmar Survey Research အဖွဲ့ ESIA Department က ထုတ်ပြန်ထားသည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်က တရုတ်နှင့် သဘောတူခဲ့သည့် ဧရာဝတီ မြစ်ဆုံစီမံကိန်းသည် ဦးသိန်းစိန်လက်ထက်တွင် ရပ်တန့်ခဲ့သည့်အတွက် ရခိုင်ပြည်နယ်ရှိ ကျော်ဖြူစီမံကိန်းသည် တရုတ်အတွက် မျက်စိကျစရာ စီမံကိန်းတစ်ခု ဖြစ်လာခဲ့သည်ဟု အထက်ပါ ကျောက် ဖြူဒေသခံက ပြောသည်။

“မြစ်ဆုံစံမံကိန်းကို ရပ်တန့်ထားရတဲ့ အတွက်ဦးသိန်းစိန် အစိုးရကိုလည်း နှစ်စဉ်လျော်ကြေး တွေပေးနေရတာ တွေရှိခဲ့တယ်၊ ရှိခဲ့တဲ့အခါကျတော့ သူတို့က ကျောက်ဖြူကို ထိုးချလိုက်တဲ့ သဘောမှာရှိပါတယ် ”ဟု အမည်မဖော်လိုသော ကျောက်ဖြူဒေသခံက မဇ္ဈိမကို ပြောသည်။

ထို့ကြောင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီးမံကိန်းကို ဦးသိန်းစိန်အစိုးရ သက်တမ်းပြီးဆုံးခါနီး ၂၀၁၅ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံပိုင် ကော်ပိုရေးရှင်း (China International Trust Investment Corporation – CITIC) ဦးဆောင်သည့် ကုမ္ပဏီအစုအဖွဲ့ကို လွှတ်တော်နှင့် အစိုးရက အတည်ပြုပြီး အကောင်အထည်ဖော်ခွင့်ပေးခဲ့သည်။

နှစ်ဖက်သဘောတူစာချုပ်တွင် ရင်းနှီးမြှပ်နှံမှုအတွက် တရုတ်ဘက်မှ ၈၅ ရာခိုင်နှုန်းနှင့် မြန်မာဘက်မှ မြေနေရာငှားရမ်းခအဖြစ် ၁၅ ရာခိုင်နှုန်းအဖြစ် ခွဲဝေသတ်မှတ်ထားကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်သည့် အရပ်သားအစိုးရ တက်လာချိန်တွင် အကျိုးအမြတ်ခွဲဝေမှုအတွက် အချိန်နှစ်နှစ်ကျော်ယူပြီး ပြန်လည်ဆွေးနွေးခဲ့ရာ နောက်ဆုံးတွင် CITIC ဦးဆောင်သော ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုကို ၇၀ ရာခိုင်နှုန်း၊ မြန်မာဘက်က မြေနေရာအတွက် ၁၅ ရာခိုင်နှုန်းနှင့် ရင်းနှီးမြှပ်နှံမှုအတွက် ၁၅ရာခိုင်နှုန်းဖြင့် ၂၀၁၈ ခုနှစ်တွင် နိုဝင်ဘာလတွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

“အဲဒီနောက်ပိုင်းမှာတော့ ရခိုင်ဘက်မှာ ပဋိပက္ခရှိနေခဲ့တာရယ်၊ ၂၀၁၉၊ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင် စီမံကိန်းကို EIA လုပ်ဖို့ ပြင်ဆင်ခဲ့ပေမယ့်လည်း NLDအစိုးရလက်ထက်မှာဒါကို မလုပ်နိုင်ခဲ့ဘူး” ဟု စီမံကိန်းကို စောင့်ကြည့်လေ့လာနေသူတစ်ဦးက ဆိုသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးရီဝင်းက သဘာဝပတ်ဝန်း ကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှု အ ကဲဖြတ်ခြင်း (ESIA) အစီရင်ခံစာ ပြီးဆုံးပါက စီမံကိန်း စတင်နိုင်မည်ဟု ပြောထားကြောင်း ကျောက်ဖြူရေနက်စီမံကိန်းကိုစောင့်ကြည့်ထားသည့် ISP Myanmar ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကျောက်ဖြူမြို့နယ်ရှိ အထူးစီးပွားရေးဇုန်မြေနေရာသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် သွားရောက်ခဲ့သကဲ့သို့ စစ်ကောင်စီအဖွဲ့ဝင်၊ ရခိုင်လူမျိုး ဒေါ်အေးနုစိန်ကလည်း ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံ ကိန်းအား ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် သွားရောက်ကြည့်ရှုခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s