စစ်ကိုင်း-ကချင်နယ်စပ်ကို လေတပ် ဗုံးကြဲ၊ ရွာသား ၃ ဦး သေဆုံး

တိုက်ပွဲပြင်းထန်နေသည့် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်စပ် ဗန်းမောက်နှင့် အင်းတော်မြို့နယ်များကို လေတပ်က  ယမန်နေ့ (မေ ၂၅) တွင် တိုက်ခိုက်ရာ အရပ်သား ၃ ဦး၊ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသည်ဟု စုံစမ်း သိရှိရသည်။

တောင်ကုန်းတောင်တန်းပေါများပြီး မြေပြန့်လွင်ပြင်နည်းပါးသည့် စစ်ကိုင်းတိုင်း၊ ကသာခရိုင် ဗန်းမောက်မြို့နယ်ရှိ နောင်ကန်ရွာကို စစ်လေယာဉ် ၂ စီးက တိုက်ခိုက်စဉ် သေဆုံးသူ ၂ ဦးမှာ အသက် ၆၀ အရွယ် အမျိုးသား၊ အသက် ၃၀ အရွယ် အမျိုးသမီးတို့ ဖြစ်သည်။

ထိုရွာနှင့် အရှေ့ဘက်ကပ်လျက်၊ ကချင်ပြည်နယ် နယ်စပ်အနီး အင်းတော်မြို့နယ် ကျွန်းတောရွာကို တိုက်လေယာဉ်တစ်စီးက ထိုနေ့ညတွင် လာရောက်တိုက်ခိုက်ပြန်ရာ အသက် ၉၀ ကျော် ဒေါ်မိသိန်း ထိတ်လန့်ပြီး သေဆုံးသည်ဟု အင်းတော်အခြေစိုက် တော်လှန်ရေးအဖွဲ့၏ ပြန်ကြားရေး Indaw Revolution IR မှ တာဝန်ခံ အမျိုးသားတစ်ဦးက ပြောသည်။

လာရောက် တိုက်ခိုက်သည့် စစ်လေယာဉ်များက ဗုံး ၂၅ လုံးထက်မနည်း ကြဲချခဲ့ရာ အသက် ၂၀ ကျော်အရွယ် အင်းတော် PDF အဖွဲ့ဝင်နှစ်ဦးလည်း သေဆုံးသည်ဟု ၎င်းထံမှ သိရသည်။

“(PDF နှစ်ဦးက) မိုင်းဖြုတ်သွားရင်းနဲ့ လေကြောင်းလာတဲ့အခါမှာ လေကြောင်းနဲ့ ပစ်လို့ ကျသွားတာ။ သေနတ် ၂ လက်လည်း ပါသွားတယ်” ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

လေကြောင်းတိုက်ခိုက်မှု၊ အရပ်သားနှင့် တော်လှန်ရေးသမား သေဆုံးမှုများနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မသိရသေးသလို စစ်ကောင်စီကလည်း နှုတ်ဆိတ်နေဆဲဖြစ်သည်။

လေကြောင်းမှ တိုက်ခိုက်ခံရသည့် ဒေသအတွင်း စစ်ကောင်စီတပ်နှင့် ပစ်ခတ်မှုမရှိကြောင်း၊ နောင်ကန်ရွာ အနောက်ဘက် အလှမ်းဝေးသည့် ဗန်းမောက်မြို့နယ် ကြောင်လည်ရွာအနီးတွင်သာ တစ်ပတ်ကြာ တိုက်ပွဲအပြင်းအထန်ဖြစ်နေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံနှစ်ဦးထံမှ သိရသည်။

ဗန်းမောက်မြို့နယ်အတွင်းသို့ စစ်အင်အားဖြည့်တင်းရန် မေ ၂၂ ရက်တွင် အရှေ့ဘက်ရှိ အင်းတော်ဘက်မှ လာသည့် အင်အား ၁၇၀ ကျော်ပါ စစ်ကြောင်းကို ဒေသခံတော်လှန်ရေးအဖွဲ့များက ကြားဖြတ် တိုက်ခိုက်နေရာ ထိုဒေသအတွင်း၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည်။

ထိုဒေသတွင် စစ်ကောင်စီကို ခုခံနေသည့် ကျောင်းသားတပ်မတော် (ABSDF) မှ ထောက်လှမ်းရေးတာဝန်ရှိသူ အမျိုးသားတစ်ဦးက အရပ်ဘက်ပစ်မှတ်များလည်း တိုက်ခိုက်ခံနေရသည်ဟု ပြောသည်။

“စစ်တပ်က အထိတော်တော်နာတယ်။ အရာရှိတစ်ယောက်အပါ ၁၅ ယောက်လောက် သေတယ်။ လေယာဉ် ၃ စီးနဲ့ ဗုံးကြီး ၈ လုံးနဲ့လည်း ပစ်တယ်။ စက်လက်တွေနဲ့လည်း  လေယာဉ်ပေါ်က ပစ်တယ်။ အဲဒီလိုပစ်ခတ်မှုကြောင့် (မေ ၂၃ မှာ) ရွာသာရွာ ဘုန်းတော်ကြီးကျောင်း ပျက်စီးသွားတယ်” ဟု သူက ပြောသည်။

စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုကို သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကောင်စီတပ်ဖွဲ့များမှာ ကျွန်းတောရွာထဲ ဆက်လက် နေရာယူထားဆဲဖြစ်ပြီး ယနေ့ (မေ ၂၆) နံနက်ပိုင်း အခြေအနေငြိမ်သက်နေကြောင်း၊ ထိုစစ်ကြောင်းတွင် တပ်မ (၇၇) မှ အင်အား ၁၀၀ နီးပါးနှင့် တပ်မ (၈၈) လက်အောက်ခံ ခြေမြန်တပ်ရင်း (၄၆၁) မှ အင်အား ၇၀ ပါဝင်ကြောင်း အထက်ပါ တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။

လက်ရှိ တိုက်ပွဲအခြေအနေများကြောင့် အင်းတော်မြို့ အနောက်ဘက် အောင်းကုန်း၊ နံ့သာ၊ အင်ပင်၊ ရွာသာရွာ၊ မော်တိတ်၊ ကျွန်းတော၊ မင်းကုန်း စသည့် ကျေးရွာများမှ ရာနှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အခြေစိုက်သည့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်ရှိ အင်းတော်၊ ဗန်းမောက်မြို့နယ်တို့တွင် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်နေရာ ဒေသခံတော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲများ ဆက်နေသည်။

အာဏာသိမ်းစစ်ကောင်စီက လက်နက်ကိုင်ခုခံမှု ပြင်းထန်ရာ မြို့နယ် ၄၀ ကို ယခုနှစ် ဖေဖော်ဝါရီလဆန်းတွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ရာ စစ်ကိုင်းတိုင်းမှ ဗန်းမောက်မြို့နယ်နှင့် အင်းတော်မြို့နယ်တို့လည်း ပါဝင်သည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s