စစ်ကောင်စီတပ် ဘီလူးစစ်ကြောင်း တပ်မဟာ (၃) မုန်းမြို့နယ်အတွင်း ရောက်ရှိ

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးကာ အရပ်ဘက် ပစ်မှတ်များအပေါ် အဓိကထား တိုက်ခိုက်ခဲ့သော စစ်ကောင်စီတပ်​၏ ဘီလူးစစ်ကြောင်းသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေအတွင်းသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် သတင်းအရင်းအမြစ်များထံက သိရသည်။

“ခန့်မှန်းခြေ အင်အား ၂၀၀ လောက်ပါတယ်။ လယ်ဒို (ကျောက်ကြီး)နဲ့ မူး (မုန်း)မြို့နယ်ကို အဓိကပေါ့။ ဒီကောင်တွေက လူသတ်ဖို့နဲ့ မီးရှို့ဖို့ပါ။ စစ်တိုက်ဖို့ မဟုတ်ဘူး လက်နက်မဲ့ ပြည်သူတွေကို သတ်ဖို့။ အဆိုးရွားဆုံး အခြေအနေတစ်ခုကို ရောက်နေပြီ” ဟု တပ်မဟာ (၃) KNLA သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်းသို့ စစ်ကြောင်းထိုးလာသော အင်အား ၂၀၀ ဝန်းကျင်ခန့်ပါသော စစ်ကောင်စီတပ်​၏ ဘီ လူးစစ်ကြောင်းသည် ယခုအခါ မုန်းမြို့နယ်၊ မြောင်းဦးကျေးရွာအနီးသို့ ရောက်ရှိနေပြီဖြစ်ပြီး ထိုစစ်ကြောင်းသည် ဒေသခံများ​၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့အား အဓိက ပစ်မှတ်ထား တိုက်ခိုက်ချေမှုန်းရန် ရည်ရွယ်ထားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်တစ်ဦးထံက သိရသည်။

” ၂၅ ရက်နေ့ မနက်ပိုင်းလောက်က ရောက်တာပါ။ မြောင်းဦးက မုန်းဒေသပါပဲ။ မုန်းမြို့ရဲ့အရှေ့ဘက် ရှစ်မိုင်၊ ၁၀မိုင် ဝန်းကျင်လောက်တော့ ဝေးတယ်ဗျ။ အဲ့ဒီရွာရဲ့အရှေ့ဘက်မှာ ဘာရွာမှမရှိတော့ပါဘူး” ဟု ဒေသတွင်းသတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

KNLA သတင်းအရင်းအမြစ်တစ်ဦးကမူ ဘီလူးစစ်ကြောင်း​၏ ခြေလှမ်း၊ လှုပ်ရှားမှုအခြေအနေကိုကြည့်၍ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီတပ် နိဂုံးချုပ်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ဘီလူးစစ်ကြောင်း တပ်မဟာ (၃) နယ်မြေသို့ လာရောက်မည်ဆိုသည့် သတင်း စတင်ပျံ့နှံ့ချိန်မှစ၍ KNU တပ်မဟာ (၃) တာဝန်ရှိသူများက နယ်မြေအတွင်းရှိ ကျေးရွာဒေသခံများအား ကြိုတင်ရှောင်တိမ်းရန် သတိပေးထားပြီးဖြစ်ကြောင်းနှင့် နေစရာများ စီစဉ်ပေးလျက်ရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်တစ်ဦးထံက သိရသည်။

” KNU ဘက်ကလည်း ကြိုတင်ရှောင်ထားဖို့ပြောထားပါတယ်။ ပြီးတော့ KNU နယ်မြေထဲမှာ ရှောင်ဖို့အတွက်လည်း KNU က ပြင်ဆင်ပေးထားပါတယ်။ အောင်ချမ်းသာရွာ၊ ကျောင်းစုရွာသားတွေဆိုရင် KNU ကပဲ စောင့်ရှောက်ပေးထားပါတယ်။ သူတို့ရွာတွေကလည်း ကရင် ပြည်နယ်အစပ် အစွန်ဆုံးရွာတွေပါပဲ” ဟု နောက်ထပ် ဒေသတွင်းသတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

တပ်မဟာ (၃) နယ်မြေမှ ဒေသခံများသည် ဘီလူးစစ်ကြောင်းမတိုင်ခင် မုန်းမြို့နယ်နှင့် ကျောက်ကြီးမြို့နယ်သို့ စစ်ကြောင်းထိုးလေ့ရှိသော စစ်ကြောင်းများ​၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ နေအိမ်များအား မီးရှို့မှု၊ ဒေသခံများအား ဖမ်းဆီး သတ်ဖြတ်မှု၊ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုကြောင့် နေအိမ်စွန့်ခွာ၍ ရှောင်တိမ်းနေရခြင်းဖြစ်ကြောင်း သိရသည်။

” ဒေသခံတွေကတော့ ဒီစစ်ကြောင်းမှမဟုတ်ပါဘူး။ ဘီလူးစစ်ကြောင်းမလာခင် တခြားစစ်ကြောင်းထိုးကတည်းက ရှောင်နေရတာပေါ့” ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့က မုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်​၏ စစ်ကြောင်းတစ်ကြောင်း က ညောင်ပင်သာကျေးရွာမှ ကလေးငယ် ငါးဦးအပါအဝင် ဒေသခံ ၂၀ ဦးအား အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s