စစ်အာဏာရှင်ကိုဆန့်ကျင်သည့် လျှပ်စစ်ဝန် ထမ်း၃ဦးအပါအဝင်လူငယ် ၅ ဦးကို နတ်တ လင်းခရိုင်တရားသူကြီးက နှစ်ရှည်ထောင်ဒဏ်များချမှတ်

ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါင်းတည်ထောင်တွင်အကျဉ်းကျနေသော လူငယ် ငါးဦးအား အကြမ်းဖက် ဥပဒေပုဒ်မအများအပြားဖြင့် တရားစွဲဆိုပြီးနောက် နှစ်၅၀ အထိ ထောင်ဒဏ်အပါအဝင် နှစ်ရှည်ထောင်ဒဏ်များကို နတ်တလင်းခရိုင်တရားသူကြီးက ချမှတ်လိုက်သည်ဟု သတင်းရရှိသည်။
စစ်အာဏာရှင်တော်လှန်ရေးတွင် ပါဝင်ခဲ့သောပေါင်းတည်မြို့ခံ ကိုဇင်မြင့်ထွန်းနှင့် ဇီးကုန်းမြို့ခံကိုဗညားမျိုးသန့်၊ကိုသော်ဇင်ထက်၊ ကိုရဲနိုင်နှင့်ကိုထင်လင်းဦးတို့ကို ပေါင်းတည်ထောင်တွင်းတရားရုံးတွင် စစ်ဆေးပြီးနောက် နတ်တလင်းခရိုင် တရားသူကြီးဒေါ်စန်းသိင်္ဂီ က မေလ ၂၄ ရက်နေ့တွင် ထောင်ဒဏ်များချမှတ်လိုက်ခြင်းဟုသိရှိရသည်။
” ဒီငါးဦးကိုပေါင်းတည်ထောင်မှာထောင်ဒဏ်ချမှတ်ခဲ့တာက နတ်တလင်းမြို့က နတ်တလင်းခရိုင်တရားသူကြီး ဒေါ်စန်းသိင်္ဂီကချမှတ်ခဲ့တာပါ” ဟု ပေါင်းတည်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။
ကိုဗညားမျိုးသန့်ကို ထောင်ဒဏ်၁၀ နှစ်မှ တစ်သက်အထိချမှတ်နိုင်သော ပုဒ်မ ၅၀ (က)၊ပုဒ်မ ၅၀ (ဈ)နှင့်ပုဒ်မ ၅၄ တို့ဖြင့် ထောင်ဒဏ် ၅၀ နှစ်ချမှတ်လိုက်ခြင်းဟု မဇ္ဈိမ၏ သတင်းရင်းမြစ်တစ်ဦးကပြောသည်။ ထို့အပြင် ကိုဇင်မြင့်ထွန်းကိုလည်း ပုဒ်မ ၅၀ (ဈ)နှင့် ပုဒ်မ ၅၄ တို့ဖြင့်တရားစွဲကာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။
ကိုဇင်မြင့်ထွန်းနှင့် ကိုဗညားမျိုးသန့်ကို PDF သင်တန်းဆင်းများဖြစ်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးပြီး ယခုကဲ့သို့ မတရားအမိန့်ချမှတ်ခြင်းဟု ဒေသခံများကပြောသည်။
” ဒါတွေက မတရားအမိန့်ချတာဗျ။ သူတို့ စစ်ကောင်စီအုပ်စုက ဥပဒေဆိုတာကို လိုရာဆွဲပြီး လူငယ်တွေအနာဂတ်ကို သတ်နေတာ”ဟု ပေါင်းတည်မြို့ခံတစ်ဦးကပြောသည်။
ဇီးကုန်းမြို့မှ လျှပ်စစ်ရုံးဝန်ထမ်းများဖြစ်သည့် ကိုသော်ဇင်ထက်၊ ကိုရဲနိုင်၊ ကိုထင်လင်းဦးတို့ကိုလည်း ပုဒ်မ ၅၀ က၊ ၅၀ (ဈ) တို့ဖြင့် ထောင် ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။၎င်းတို့သုံးဦးသည် ပြီးခဲ့သည့် ၂၀၂၂ခုနှစ်က ဇီးကုန်းမြို့ လျှပ်စစ်ရုံးပေါက်ကွဲမှုနှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
“ကျွန်တော်တို့သိသလောက် သူတို့သုံးဦးက ကိုယ့်အလုပ်ကိုယ်လုပ်ပြီး နေနေကြတာပါ။ PDF လည်းမဟုတ်ပါဘူး။ အရင်ကတော့ဗျာ NLD ပါတီဝန်းရံသူတွေပေါ့။ ဒါပဲရှိတာပါ” ဟု ဇီးကုန်းမြို့ ဒေသခံတစ်ဦးကပြောသည်။
ဇီးကုန်းမြို့လျှပ်စစ်ရုံးသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ အတွင်းကဖောက်ခွဲခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါ ဖောက်ခွဲမှုသည် ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဟု ဇီးကုန်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
“ဖြစ်စဉ်ဖြစ်ပြီးတဲ့နောက် လအတန်ကြာမှ သူတို့သုံးဦးဖမ်းဆီးခံရတာပါ။ ကြားထဲမှာ တခြားဖမ်းခံထားရသူတွေလည်းရှိသေးတယ်။ ဒီသုံးဦးဟာ ဒီဖောက်ခွဲမှုနဲ့ဘာမှမသက်ဆိုင်ပဲ စွပ်စွဲဖမ်းဆီးခံရတာပါ” ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီလက်အောက်ခံ တရားသူကြီးများသည် လူထုတော်လှန်ရေးတွင် အန္တရာယ်အရှိဆုံး Non CDM ဝန်ထမ်းများဖြစ်ပြီး ဥပဒေမဲ့ တရားစီရင်နေသည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။နှစ်ရှည်ထောင်ဒဏ်များချမှတ်ခံခဲ့ရသော အထက်ပါ လူငယ်ငါးဦးသည် အသက်၂၀ အရွယ်ခန့်သာ ရှိသေးသည်ဟု ပေါင်းတည်မြို့ခံများကပြောသည်။ လူငယ် ငါးဦးအား နှစ်ရှည်ထောင်ဒဏ်များချမှတ်ခြင်းနှင့်ပတ် သက်၍ နတ်တလင်းခရိုင်တရားသူကြီးအား ဆက်သွယ်မေးမြန်းရန်ကြိုးစားခဲ့သော်လည်း မရခဲ့ပေ။
စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ လက်ရှိအချိန်အထိ ဇီးကုန်းမြို့တွင် ဖမ်းဆီးအကျဉ်းချခံထားရသူ အယောက် ၄၀ နှင့်အထက်ရှိနေပြီး အ ဆိုပါ စာရင်းသည်လက်လှမ်းမီသ၍ ပြုစုထားခြင်းဖြစ်ကာ အမှန်တကယ်ဖမ်းဆီးခံထားရသူအရေအတွက်သည် ထိုထက်များနိုင်ကြောင်း သာ ယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံကဆိုသည်။ mizzima