မလေးရှားနိုင်ငံတွင် အလုပ်သွင်းပေးမည်ဟု ဆိုကာ လူငယ် ၅၀၀၀ ကျော်ထံမှ သိန်းပေါင်း ၈ သောင်းကျပ် ငွေကြေး လိမ်လည် ထွက်ပြေး

မလေးရှားနိုင်ငံတွင် Electric အလုပ်လုပ်ကိုင်ရမည်၊ သင်တန်း တက်ပြီး ၃ လအတွင်း အလုပ်ရမည်ဟု ပြောကြား၍ လူငယ်ပေါင်း ၅၀၀၀‌ ကျော်ထံမှ ငွေပေါင်း သိန်း ၈၀၀၀ ကျော်ကို စုပိုင်ဝင်းမြင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီမှ လိမ်လည်သွားကြောင်း လိမ်လည်ခံရသူများထံမှ သိရှိရသည်။

အဆိုပါ ကုမ္ပဏီသည် ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ၃၇ ရပ်ကွက်၊ မဟာဗန္ဓုလမ်းနှင့် သုခမိန်လမ်းထောင့်တွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ကုမ္ပ ဏီမှာ လက်ရှိအချိန်တွင် ပိတ်ထားကာ စုံစမ်းကြည့်ရာတွင် လိုင်စင်မဲ့ ကုမ္ပဏီဖြစ်နေသည်ကို သိရှိရကြောင်း ၊ အလုပ်အပ်နှံချိန်တွင် ပတ်စ်ပို့များကို ယူသွားပြီး လက်ရှိအချိန်အထိ ပြန်ပေးခြင်းလည်း မရှိကြောင်း လိမ်လည်ခံသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြား သည်။

“ကျွန်တော်တို့ တစ်ယောက်ကို ၂၅ သိန်းပေးပြီးပါပြီ။ ပတ်စပို့စာအုပ်တွေ စယူထားတာ ၂ လပိုင်းထဲကပေါ့။ မန္တလေးမှာ သင်တန်းလည်း တက်ပြီးပါပြီ။ စမတ်ကတ်ဆိုတာကို သူတို့က အစိုးရကို လွှဲချ၊ အစိုးရက အဆင်ပြေတော့လည်း ဟိုလွှဲချ ဒီလွှဲချနဲ့ ။ သိရသလောက် အသိတစ်ယောက်ပြောတာတော့ သိန်းပေါင်း ၈ သောင်းကျော်လောက် လိမ်ပြေးသွားတာပါ” ဟု လိမ်လည်ခံရသူလူငယ်တစ်ဦးမှ ရန်ကုန်ခေတ်သတ်သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိအချိန်တွင် ပွဲစားများကို ဖုန်းနှင့် ဆက်သွယ်၍ ရသေးသော်လည်း ကုမ္ပဏီမှာ ပိတ်ထားပြီး မည်သည့်ရက်တွင် ပြန်ဖွင့်မည်ကို မေးမြန်းသော်လည်း အတိအကျမပြောကြောင်း၊ ပွဲစားများက ၎င်းတို့ တိုင်တန်းထားသည်ဟု ပြန်လည်ဖြေကြားပြီး စိတ်မပူရန်သာ ပြန်ပြောကြောင်း၊ ကုမ္ပဏီတွင် လိုင်စင်မရှိသည်ကို သိရချိန်တွင်လည်း ပတ်စ်ပို့နှင့် ပိုက်ဆံ ပြန်တောင်းသော်လည်း မပေးကြောင်း လိမ်လည်ခံရသူများထံမှ သိရှိရသည်။

“ကျွန်တော်တို့ဆို အိမ်ဝိုင်တွေ ပေါင်ထားကြတာပါ။ တကယ်ပါဗျာ သူတိုမို့ သေခါနီးမှ လိမ်ပြီးစားသောက်ပြီး အသက်ရှင်ရတယ်လို့ ။ ပွဲစားနဲ့ပဲ အလုပ်လုပ်၊ ပွဲစားနဲ့ပဲ စကားပြောရတာ။ ကုမ္ပဏီက သူတို့ကိုယ်တိုင် မပြောဘူး ။ ပွဲစားတွေ အရမ်းများတယ်။ ကျွန်တော့် ပွဲစားကတော့ စိုးဟေမာအောင်။ သူက ကုမ္ပဏီအကြီးအကဲဆိုပြီး သင်တန်းတက်တုန်းကလည်း သူပဲ ဦးဆောင်တာ။ ပိုက်ဆံသွင်းတော့ တာဝန်ခံနာမည်က ဒေါ်ကေသီအောင်။ အလုပ်သမာတွေကို မျှော်လင့်ချက်တွေ ပေးပြီး လိမ်းစားနေတဲ့ အေဂျင်စီ” ဟု လိမ်လည်ခံရသူ လူငယ်တစ်ဦးမှ ရန်ကုန်ခေတ်သတ်သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိအချိန်တွင် ပတ်စ်ပို့နှင့် ငွေကြေး လိမ်လည်ခံရသူ လူငယ်များ စုပေါင်း၍ လူကုန်ကူးမှု တားဆီးရေးသို့ တိုင်ကြားရန် စဉ်းစားထားသည်များရှိသော်လည်း ရဲများနှင့် ပတ်သက်ချိန်တွင် ပိုက်ဆံ နှစ်ခါ ကုန်ဖြစ်မည်စိုး၍ စဉ်းစားနေကြကြောင်း၊ ပတ်စ်ပို့သိမ်းဆည်းခံထားရသည့်အ တွက် အလုပ်လုပ်ရန်အတွက် တခြားအလုပ်အကိုင်အေဂျင်စီများနှင့်လည်း ချိတ်ဆက်၍ မရဖြစ်နေကြောင်း၊ အများစုမှာ သိမ်းဆည်းခံထားရသည့် ပတ်စ်ပို့နှင့် စရန်ငွေအဖြစ် ပေးထားရသည့် ပိုက်ဆံများကို ပြန်လိုချင်နေသော်လည်း မည်သို့ လုပ်ဆောင်ရမည်ကို မသိဖြစ်နေကြကြောင်း လိမ်လည်ခံရသူ လူငယ်များထံမှ သိရှိရသည်။

ထို့ပြင် ထိုင်းနိုင်ငံရှိ ရေသန့်ဘူးစက်ရုံတွင် အလုပ်သွင်းပေးမည်ဆိုကာ ဗိုလ်ကြီးဟောင်း ၁ ဦးက ငွေ ၅၄ သိန်း လိမ်ယူသွားကြောင်း လိမ်လည်ခံရသူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ထိုင်းနိုင်ငံသို့ အလုပ်သွားလုပ်ရန် လေဘာအေးရှား ကုမ္မဏီမှ ကိုယ်စားလှယ် ဗိုလ်ကြီးဟောင်း ဦးမောင်ဝင်းကို လူငယ် ၁၂ ဦးက အလုပ်အပ်နှံခဲ့ကြောင်း၊ ဦးမောင်ဝင်းမှ ရေသန့်ဘူး စက်ရုံသို့ mou စာချုပ် ချုပ်ဆို၍ ပို့ပေးမည်ဟုဆိုကာ တစ်ဦးလျှင် ငွေကျပ် ၄၅၀၀၀၀ ကျပ်နှင့် လူငယ် ၁၂ ဦးထံမှ ငွေကျပ် ၅၄၀၀၀၀၀ ကျပ်ကို စရံငွေယူကာ GREAT SYNERGY MANPOWER ကုမ္ပဏီထံ အပ်နှံခဲ့သိရသည်။

အဆိုပါ GREAT SYNERGY MANPOWER ကုမ္ပဏီကို ငွေလိမ်လည်ခံရသူများက သွားရောက် စုံစမ်းသည့်အခါ အလုပ်အကိုင် ပြဿနာတစ်ခုကြောင့် ရုံးပိတ်ခံရပြီး တာဝန်ရှိသူနှင့် တကွ ရုံးတွင်းရှိ အစာရွက်စာတမ်း စာအုပ်များကို CID မှ ဖမ်းဆီး သိမ်ဆည်း သွား​ကြောင်း၊ အလုပ်သ မား အသင်းချုပ်အား သွားရောက်စုံစမ်းသည့် အခါ ၎င်းကုမ္ပဏီသည် အဖွဲ့ဝင်မဟုတ်သည့် အတွက် ဖြေရှင်းမရကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူများကို ကျောက်တံတား ရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီး ထားကြောင်း သိရသည်။

ကျောက်တံတား ရဲစခန်းမှူးကို သွားရောက် တွေ့ဆုံစဥ် စခန်းမှူးမှ ၎င်းကုမ္ပဏီကို CID ရဲမှူးမှ တရားလိုပြုထားသည့် အမှုဖြစ်ဖြစ်ကြောင့် ပြော ဆိုပိုင်ခွင့်မရှိကြောင်း၊ ၎င်းတရားခံသည် အချုပ်တွင်း၌ မရှိကြောင်း ပြောကြားပြီး အင်းစိန်CID ရုံးသို့စေလွှတ်ခဲ့ကြောင်း၊ အင်းစိန် CID ရုံး သို့ရောက်ရှိသောအခါ ဒုတပ်ကြပ်တစ်ဦးမှ ယင်းအမှုသည် အဘ ကိုင်နေကြောင်း ပြောခဲ့ပြီး အဘအား တွေ့လိုကြောင်း ပြောသောအခါ အမှု စစ်သွားနေကြောင်း ရဲမှူးဖုန်းကို တောင်းသောအခါ ကျောက်တံတား ရဲအုပ်ထံ၌သာ တောင်းရန် ပြောဆိုလိုက်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့က ကလေးတွေရဲ့ နိုင်ငံကူး လက်မှတ်စာအုပ်နဲ့ စရံငွေများ ပြန်ရရင် ကျေနပ်ပါပြီဟု ကျောက်တံတားစခန်းမှူးကို ပြောခဲ့ပါတယ်။ အခုက ဘယ်ကို ဆက်လိုက်ရမှန်းကို မသိတော့ဘူး” ဟု လိမ်လည်ခံရသူ တစ်ဦးက ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s