ယက္ခညီနောင်အဖွဲ့က လက်လုပ်သေနတ်များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များအား ပေး အပ်


မန္တလေးတိုင်း၊ အခြေစိုက် ယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၎င်းတို့ ထုတ်လုပ်ထားသည့် 9mm အော်တိုသေနတ်များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များဆီသို့ ပေးအပ်ကူညီခဲ့သည်ဟု မေလ ၂၄ရက်စွဲဖြင့် ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။
ကျေးလက်နေ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ထိပါး နှောင့်ယှက်နေသော စစ်ကောင်စီတပ်၏ ရန်မှ ကြိုတင်ကာကွယ်ရန်အတွက် ကျေးရွာ၏ လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသူများ အဆင်ပြေစေရန် ရည်ရွယ်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“စစ်ကိုင်းတိုင်းအတွင်း ကျေးရွာနှစ်ရွာက ကျေးရွာလုံခြုံရေးတွေဆောင်ရွက်နေတဲ့ ဒေသခံအဖွဲ့အစည်းတွေအတွက် ထောက်ပံ့ပေးခဲ့တာပါ။ အခုပေးတဲ့သေနတ်တွေကို သုံးလလောက်အချိန်ယူပြီး စထုတ်လုပ်ထားတာပါ” ဟု ယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုဉာဏ်လင်းက ပြောသည်။
9mm အော်တိုသေနတ်တစ်လက်လျှင် မြန်မာငွေကျပ် ၂၀၀,၀၀၀ ဝန်းကျင် ကုန်ကျပြီး သုံးလခန့် အချိန်ယူ ထုတ်လုပ်ခဲ့ကြောင်းလည်း ၎င်းကဆက်ပြောသည်။
ကုန်ကြမ်းအနေဖြင့် သံနှင့် သတ္တုများကို အသုံးပြုထားပြီး စစ်ကောင်စီတပ်ဖွဲ့နှင့် အပေါင်းအပါများအား ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်၍ သတိထားနေထိုင်ကြရန် ယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေး တာဝန်ခံက ဆိုသည်။
”စစ်ကောင်စီနဲ့ ဒလန်တွေ၊ ပျူတွေကိုပြောချင်ပါတယ်။ ဘီလူးတွေက ဘယ်တော့မှ သက်သက်လွတ်မစားဘူး” ဟုလည်း ကိုဉာဏ်လင်းက ပြောသည်။
လက်ရှိအချိန်တွင်လည်း 9mm အော်တိုသေနတ်များ အလက်ရေ ၃၀ခန့်ကို ဆက်လက်ထုတ်လုပ်နေဆဲဖြစ်ပြီး မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှပါဝင်ကူညီပေးကြရန် ယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံတောင်းဆိုထားသည်။
ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့တွင်လည်း အင်အား ၇၀ ဝန်းကျင်ရှိသော ညောင်ပင်ဝန်းတိုက်နယ် ရဲစခန်းရှိ စစ်ကောင်စီတပ်သားများကို ယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ၆၀ မမ၊ ၈၀ မမ လက်နက်ကြီး အလုံး ၂၀ခန့်အသုံးပြုကာ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ mizzima