၂ နှစ်ကျော်အတွင်း စစ်တပ်က ပြည်သူ ၃,၅၈၀ ကို သတ်ဖြတ်၊ ၁၈,၄၀၀ ကျော် ဖမ်းဆီးခံရဆဲဖြစ်

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ အယောက် ၃,၅၈၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၂,၇၂၆ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ မေ ၂၆ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၈,၄၀၇ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၆,၁၀၆ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၄ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၆ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၄,၃၁၉ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၂၄ ရက်က ပေါင်းတည်ထောင်တွင်း အထူးတရားရုံးက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ပဲခူးတိုင်း၊ ဇီးကုန်းမြို့နဲ့ ပေါင်းတည်မြို့တွေက ကိုဗညားမျိုးသန့်နဲ့ ကိုဇင်မြင့်ထွန်း (ခ) ပိတ်ကြီးတို့ကို PDF သင်တန်း တက်ထားတယ်လို့ စွပ်စွဲပြီး ထောင်ဒဏ်အနှစ် ၅၀ နဲ့ ဇီးကုန်းမြို့က လျှပ်စစ်ဝန်ထမ်း ၃ ယောက်ဖြစ်ကြတဲ့ ကိုသော်ဇင်ထက်၊ ကိုရဲနိုင်နဲ့ ကိုထင်လင်းဦးတို့ကို လျှပ်စစ်ရုံးဗုံးပေါက်ကွဲမှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲပြီး ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။
ဒါ့အပြင် မေ ၂၃ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲက ကျေးရွာတွေကို အကြမ်းဖက်စစ်အုပ်စုတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ကြေးအင်းဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင် ကိုနေဆန်းအောင်၊ ကျောက်ကားကျေးရွာက ဆေးဆရာ ဦးသိန်းအေး၊ မောင်းကော်ကျေးရွာက ကိုကျော်မင်းသိန်းနဲ့ ကိုမင်းလှိုင်တို့ ၄ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကန့်ဘလူမြို့နယ်ကနေ လာရောက်စစ်ဘေးရှောင်နေတဲ့ ဦးဖိုးဝဟာ အောက်သီတရာကျေးရွာထိပ်မှာ နွားကျောင်းနေချိန် အဆိုပါစစ်ကြောင်းက သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန် ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။ DVB