MPA မှ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ထပ်မံချ မှတ်ခံရ

Myanmar Pressphoto Agency မှ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းအား ယနေ့ မေလ ၂၆ ရက်တွင် သင်္ဃန်းကျွန်းခရိုင်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ် ထပ်မံချမှတ်လိုက်ကြောင်း မိသားစုဝင်မှတစ်ဆင့် သိရသည်။
“ဒီနေ့အမိန့်ချတယ် ၁၀ နှစ်တဲ့၊ မထင်ထားဘူး၊ အဲ့လောက်ထိချမယ်လို့။ တော်တော်ခံရခက်တယ်။ သူကျန်းကျန်းမာမာနဲ့ အဆင်ပြေပြေရှိနေဖို့ကိုပဲ အဓိက ထားပါတယ်” ဟု မိသားစုဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။
မမှူးရတနာခက်မို့မို့ထွန်းသည် ရန်ကုန်တိုင်း၊ ကြည့်မြင့်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း၌ ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာလ ၅ရက်က ပြုလုပ်သော ရန်ကုန်လူထုသပိတ်တွင် သတင်းလိုက်ပါရယူစဉ် စစ်ကားဖြင့်တိုက်၍ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
“ကျန်းမာရေးကတော့ ထိခိုက်ဒဏ်ရာတွေက ကိုက်ခဲတဲ့ဒဏ် ခံစားနေရတုန်းပဲ။ ခြေထောက်က စတီးချောင်းထည့်ထားရတယ်။ ဂျိုင်းထောက်လွှတ်လို့မရသေးဘူး” ဟု ၎င်း၏မိသားစုဝင်က ပြောသည်။
ဖမ်းဆီးခံရစဉ်က ဦးခေါင်း နှင့် ခြေထောက်တို့တွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ကြည့်မြင်တိုင်မြို့မရဲစခန်း စခန်းမှူးက တရားလိုပြုလုပ်ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ကြည့်မြင်တိုင်မြို့နယ် တရားရုံးတွင် စွဲဆိုထားသော အမှုအား အင်းစိန်ထောင်တွင်းတရားရုံး၌ ဆက်လက်ရင်ဆိုင်ရာမှ ထောင်ဒဏ် သုံးနှစ် ချမှတ်ခံခဲ့ရသည်။
၎င်းသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့်စွဲဆိုခံထားရသည့် အမှုအားရင်ဆိုင်နေစဉ် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၂ရက်နေ့တွင်မူ တာမွေမြို့မရဲ စခန်း စခန်းမှူးက တရားလိုပြုလုပ်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် သင်္ဃန်းကျွန်းခရိုင်တရားရုံးတွင် ထပ်မံတရားစွဲဆိုခဲ့ပြီး အဆိုပါအမှုအတွက် ယနေ့ မေလ ၂၆ ရက်နေ့တွင် အပြီးသတ်အမိန့်ချရာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရခြင်းဖြစ် ကြောင်း သိရသည်။
“မမှူးရတနာက အယူခံမတင်ဘူးလို့ပြောပါတယ်။ သူ့မိခင်နဲ့ညီမဖြစ်သူလည်း တရားခွင်မှာရှိနေတော့ သူတို့ကလည်း မမှူးရတနာရဲ့ဆန္ဒအတိုင်းပဲ အယူခံမတင်တော့ပါဘူးလို့ပြောပါတယ်။ ဒါကြောင့် ဒီအမှုကတော့ ကျွန်တော် ဆက်လက်ဆောင်ရွက်ဖို့မရှိတော့ပါဘူး”ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေက မဇ္ဈိမကိုပြောသည်။
သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း၏ ဘယ်ဘက်ခြေထောက်မှာ ခြေသလုံးရိုးကျေမွသွားသည့်အတွက် စတီးချောင်းဖြင့်အစားသွင်းကုသထားရသဖြင့် မေလ ၃၀ ရက်နေ့တွင် အမိန့်ချမည့်အစား ယနေ့ ၂၆ ရက်နေ့တွင် ပြောင်းလဲချမှတ်ခြင်းဖြစ်ကြောင်း ရှေ့နေက ပြောသည်။
၎င်းသည် ပြင်းထန်ဒဏ်ရာရရှိထားသည့် ခြေထောက်တွင် ထည့်ထားသည့် စတီးချောင်းနှင့် ကိုယ်တွင်းအင်္ဂါများ ကိုက်ညီမှုရှိမရှိ စစ်ဆေးနိုင်ရန်အတွက် မေလ ၂၇ ရက်နေ့တွင် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကုသရမည်ဖြစ်ကြောင်းလည်း သိရသည်။ mizzima