Category Archives: Articles

စစ်သားများအာဏာဖီဆန်ရန် တွန်းပို့နေသော တပ်တွင်းအခြေအနေများ

ပါဝါရိန်းဂျားဇာတ်လမ်း၊ လေပေါ်ပျံရသော ဇာတ်ဝင်ခန်းများကို စွဲလန်းခဲ့သူ ကလေးငယ်က လူလားမြောက်ချိန်မှာ သူ့ရည်မှန်းချက်အတိုင်း လေယာဉ်မောင်းပြီး စစ်တိုက်ရသူဖြစ်လာသည်။

ဆယ်တန်းအောင်ပြီးချိန်တွင် မိဘကဖြစ်စေလိုသည့် ဆန္ဒနှင့် သူ့အိမ်မက် ထပ်တူကျခဲ့သည်ဟု  ၃၅ နှစ်အရွယ်  ဗိုလ်ကြီးဇေသူအောင်က ပြော သည်။

“အဓိက ကတော့ ကျွန်တော့်ရဲ့ အဘ(အဘိုး)ပေါ့။ ဆယ်တန်းအောင်တော့ သူက စစ်တပ်ထဲ ဝင်စေချင်တယ်။ ကျွန်တော်က လေယာဉ်မောင်းချင်တယ်။ အဓိကက ကျွန်တော်က လေယာဉ်မောင်းချင်လို့ ဝင်တာ”ဟု ၎င်းကပြောသည်။

သို့သော် ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းမှားသည်ဟု အကြောင်းပြကာ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော ဆန့်ကျင်သူ ပြည်သူများကို စိတ်ထင်တိုင်းကြဲ သတ်ဖြတ်နှိမ်နှင်းနေသူ စစ်ခေါင်းဆောင်များအတွက် သူစစ်မတိုက်လိုတော့ပေ။

အခြားတဖက်တွင်လည်း ရာထူးအာဏာ အသုံးချ၍ ကိုယ်ကျိုးရှာ စစ်ခေါင်းဆောင်အဆင့်ဆင့်ကြောင့် အဘက်ဘက်က ယိုယွင်းပျက်စီးနေသည့် စစ်တပ်အတွင်း ကြီးနိုင်ငယ်ညှဉ်းစနစ် ပြုပြင်ပြောင်းလဲရေးကို သူလိုလားသည်။  နောက်ဆုံး သူချစ်သော စစ်တန်းလျားကို စွန့်ခွာရန် ဆုံးဖြတ်လိုက်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်ခဲ့သည်။

“အခုအချိန်မှာ နိုင်ငံရဲ့အလှည့်အပြောင်း၊ နောက်ပြီးကျတော့ တပ်မတော်ရဲ့ အလှည့်အပြောင်း။ ဒီစနစ်ကြီးတစ်ခုရဲ့ မကောင်းတဲ့သားကောင်တွေအဖြစ် အောက်ခြေစစ်သားတွေ ဝန်ထမ်းတွေ အရာရှိကြီးတွေ အများကြီးပါပဲ၊ ဒီထဲမှာ စတေးခံနေရတာ”ဟု လေတပ်မှ တိုက်ပွဲဝင် လေ ယာဉ်မျိုးစုံမောင်းနှင်ခဲ့ဖူးသည့်  ဗိုလ်ကြီးဇေသူအောင်က ပြောသည်။ 

စစ်ခေါင်းဆောင်များက တိုင်းပြည်ကို ကယ်တင်ရန် အာဏာသိမ်းခြင်းဖြစ်ကြောင်း ပြောဆိုဝါဒဖြန့်၍ နယ်မြေအလိုက် တပ်တွင်းစည်းရုံးရေး ဆင်းနေသည့်တိုင် အောက်ခြေတွင်မူ ရှေ့တန်းစစ်မြေပြင်ရောက်မှ ကိုယ်တိုင်သေနတ်ပိုက်၍ CDM ပါသူများရှိသကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ် ချိတ်ဆက်ပြီးမှ တပ်ရင်းကို ကျောခိုင်းသွားသူများလည်း နေ့စဉ်လိုလို ရှိလာနေသည်။

စစ်အာဏာသိမ်းပြီး ၁၄ လ အတွင်း CDM ပါလာသော တပ်မတော်သားနှင့် ရဲဝန်ထမ်းဦးရေ ၁၀,၀၀၀ နီးပါးရှိပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဧပြီ ၁၈ တွင် ထုတ်ပြန်ထားသည်။ ထိုအထဲတွင် စစ်တပ်မှ  ၃ဝဝဝ ကျော် ပါဝင်နေပြီး ၎င်းတို့နှင့် အဆက်အသွယ်မလုပ်သူ များလည်း ရှိနိုင်သည်ဟု ဆိုသည်။

မတူသည့်ရည်မှန်းချက်ကိုယ်စီဖြင့် တပ်ထဲဝင်ခဲ့ကြပြီး တပ်ကိုစွန့်ခွာချိန်တွင်မူ သူတို့၏ အကြောင်းပြချက်က အခွင့်ထူးခံ ကိုယ်ကျိုးရှာနေသော စစ်ခေါင်းဆောင်များ အဆုံးသတ်ရေးဖြစ်သည်။

“စစ်တပ်က ဇာတ်တူသား တအားစားတယ်”

စစ်သည်များ၊ တပ်အရာရှိများ၏လစာထဲမှ ပမာဏအများအပြားသည် စစ်တပ်နှင့်ဆက်စပ်သော  ကုမ္ပဏီနှစ်ခုထံ လစဉ်ရောက်ရှိသွားသည်။  ထိုနှစ်ခုမှာ အာဏာသိမ်းစစ်ခေါင်းဆောင်၏ သားဖြစ်သူ အသက် ၃၈ နှစ်အရွယ် အောင်ပြည့်စုံ ပိုင်သော အောင်မြင့်မိုရ်မင်း အာမခံကုမ္ပဏီနှင့် ၁၉၉၀ တွင် တည်ထောင်ခဲ့သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့ ဖြစ်သည်။

အောင်မြင့်မိုရ်မင်း ကုမ္ပဏီသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်ချုပ်ဖြစ်လာပြီး တစ်နှစ်ကျော်အကြာ ၂၀၁၂ နိုဝင်ဘာမှ စတင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ထိုကုမ္ပဏီသို့ အသက်အာမခံကြေးသွင်းရန် ဖိအားပေးခံခဲ့ရသည်ဟု ဗိုလ်ကြီးဇင်ယော်ကပြောသည်။

“မထည့်နိုင်ဘူးဆိုရင် သက်ဆိုင်ရာ ယာယီတပ်ရင်းမှူးတို့ ယာယီတပ်ခွဲမှူးတို့ကို အထက်ကနေ၊ ကွပ်ကဲမှုဌာနချုပ်တွေကနေတဆင့် မင်းတို့အဆင့်တိုး ထောက်ခံချက် ငါတို့မစဉ်းစားဘူး၊ မင်းတို့ ရအောင်စည်းရုံး။ စည်းရုံးတယ်လို့သာပြောတာ၊ ဓားပြတိုက်သလိုပါပဲ။ ဇွတ်ထည့်ရတာ”ဟု အာဏာသိမ်းပြီး ၂ လ အကြာတွင် CDMလုပ်လာသူ  ဗိုလ်ကြီးဇင်ယော်ကပြောသည်။ 

စစ်သားများနှင့်  ကုမ္ပဏီအကြား ချုပ်ဆိုရသည့် ၃ မျက်နှာပါ စာချုပ်ကို အသေးစိတ်မဖတ်မိကြောင်း၊   စာချုပ်ပါ စည်းကမ်းချက်များကို  ကုမ္ပဏီဘက်က ၅ နှစ်တစ်ကြိမ် ပြင်ဆင်သတ်မှတ်ကြောင်း ၎င်းကပြောသည်။

“၅ နှစ်စုရတယ်။ အဲ့ဒီ ၅ နှစ်ပြည့်လို့ ဘာမှ မဖြစ်ရင် အဲ့ဒီငွေ(ပမဏ)ပဲ ပြန်ရမှာ။ သူတို့ကို ပိုက်ဆံ အပ်ထားရသလိုပဲ။ ဆတိုးနဲ့ ပြန်ရတာမဟုတ်ဘူး။ အဲ့ဒီ ၅ နှစ်အတွင်းမှာ သေသွားမှ အမြတ်ရတာ။ ဒါပေမယ့်ဗျာ … သေပြီးမှ မြတ်တဲ့ အမြတ်တော့ ဘယ်သူက ယူချင်မှာတုန်းဗျာ”ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

သူ၏လစာ ၃၆၀,၀၀၀ ထဲမှ ၂၅,၀၀၀ ကို  စာချုပ်အရ အာမခံကြေးပမဏပြည့်မီရန် ၅ နှစ်ကြာ လစဉ်ဖြတ်တောက်ခံရကြောင်း ဗိုလ်ကြီးဇင်ယော်က  Myanmar Now ကိုပြောသည်။

စစ်သည်များလည်း  လစာ ၁၄၄,၀၀၀ ထဲမှ ၄၀,၀၀၀ နှုန်းဖြင့် လေးလတစ်ကြိမ် ဖြတ်တောက်နုတ်ယူခံနေရသည်ဟု အသက်အာမခံအကြောင်း မကြားဖူးကြသည့်  အောက်လက်ငယ်သားများကို ရှင်းပြခဲ့ရဖူးကြောင်း ၎င်းကပြောသည်။

“စစ်သည်တွေက မေးတယ်လေ၊ ဗိုလ်ကြီး ကျွန်တော်တို့ငွေ ဘယ်အချိန်ပြန်ရမှာလဲတဲ့။ ဟာ တပည့်တို့ နောက် ၅ နှစ်နေရင် မင်းတို့ပိုက်ဆံ အကုန်ပြန်ရမှာ။ အဲဒီအခါ အမြတ်တော့ မရဘူး။ မြတ်ချင်ရင်တော့ မင်းတို့ ဒီကြားထဲ သေလိုက်ရင်တော့ မြတ်တယ်လို့ဆိုတော့ တပည့်တွေကလည်း ဟာ တဲ့ မလိုချင်တော့ဘူးတဲ့။ အလကားပဲတဲ့” ဟု သူက ဆိုသည်။ 

လစာထုတ်ပေးချိန်မှာပင် စစ်တပ်၏ ငွေစာရင်းညွန်ကြားရေးမှူးရုံး (ကကငွေ)မှ အရာရှိများက ဖြတ်တောက်နုတ်ယူထားလိုက်ခြင်းဖြစ် ကြောင်း CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောသည်။

“ကကငွေကနေ စာရင်းနဲ့ တစ်ခါတည်းဖြတ်ယူထားလိုက်တယ်။ ကျွန်တော်တို့လက်ထဲကို ငွေမရောက်တော့ဘူး။ လစဉ် အဲ့လို ဖြတ်တောက်ခံရမယ်ဆိုတာ စာချုပ်နဲ့ လက်မှတ်ထိုးရတာ”ဟု စစ်သက် ၁၀ နှစ်ကျော်ပြီဖြစ်သည့် ၎င်းကပြောသည်။

အသက် ၃၀ အရွယ် ဗိုလ်ကြီးလင်းထက်အောင်သည် DSA အပတ်စဉ် ၅၄ ဆင်းဖြစ်သည်။ ၎င်း နောက်ဆုံး တာဝန်ကျခဲ့သော တပ်မှာ ရှမ်းပြည် နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်ရှိ ခြေမြန်တပ်ရင်း ခမရ ၅၂၈ ဖြစ်သည်။

၎င်းသည် တပ်ထဲဝင်စက အစိုးရပိုင် မြန်မာ့အာမခံလုပ်ငန်းတွင် အသက်အာမခံထားရသော်လည်း ၂၀၁၆ မှစ၍ အောင်မြင့်မိုရ်မင်းကုမ္ပဏီထံ ပြောင်းလျှောက်ထားခဲ့ရသည်ဟု ပြောသည်။

“မဖြစ်မနေ ချုပ်ရတာ။ မချုပ်ရင် အရေးယူခံရတယ့် အနေအထားကို ရှိတယ်။ လစဉ်အစည်းအဝေးတွေမှာ ဒီလိုမျိုး စာချုပ်မချုပ်ရသေးသူတွေကို အတင်းအကြပ်ဖိအားပေးတာ” ဟု ဗိုလ်ကြီးလင်းထက်အောင်က Myanmar Now ကိုပြောသည်။

“ဒါတင်မဟုတ်ဘူး၊ နောက်တစ်ခုက ဦးပိုင်။ သူက မစုဘူးဆိုရင် သတိပေး၊ ဆုံးမ၊ အရေးယူတာတို့ လုပ်တယ်။ နောက်ဆုံး ရာထူးတိုးတွေဘာတွေ ရပ်တဲ့အထိကို ဖြစ်တယ်”

အောက်ခြေစစ်သည်များသည် ကျပ် ၁၅ သိန်း၊ ဒုဗိုလ်မှ ဗိုလ်မှူးအဆင့်ထိ ကျပ် ၁၅ သိန်း၊ ဒုဗိုလ်မှူးကြီးမှ ဗိုလ်မှူးချုပ် ၅၀၊ ဗိုလ်ချုပ်နှင့်အထက် ကျပ်သိန်း ၁၀၀ စသဖြင့် ဦးပိုင်ကုမ္ပဏီအတွက် အသီးသီးထည့်ဝင်ရကြောင်း ကုမ္ပဏီမှပေါက်ကြားလာသော စာရွက်မှတ်တမ်းများတွင် တွေ့ရသည်။

ဦးပိုင်ကုမ္ပဏီအတွက် ထည့်ထားသောအစုရှယ်ယာငွေမှ ၃၀ ရာခိုင်နှုန်းကို တစ်နှစ်လျှင်တစ်ကြိမ် ပုံမှန်ပြန်ရလေ့ရှိသော်လည်း ၅ နှစ်စေ့၍ ပြန်ထုတ်ရမည် အသက်အာမခံကြေးအတွက်မူ လချီ၍ ကြာတတ်သည်၊ လာဘ်ထိုးနိုင်လျှင် ကြာရှည်စောင့်ရန် မလိုဟု ဗိုလ်ကြီးလင်းထက်အောင်ကပြောသည်။

“မဖြစ်မနေ ချုပ်ရတာ။ မချုပ်ရင် အရေးယူခံရတယ့် အနေအထားကို ရှိတယ်။ လစဉ်အစည်းအဝေးတွေမှာ ဒီလိုမျိုး စာချုပ်မချုပ်ရသေးသူတွေကို အတင်းအကြပ်ဖိအားပေးတာ” ဟု ဗိုလ်ကြီးလင်းထက်အောင်က Myanmar Now ကိုပြောသည်။

“ဒါတင်မဟုတ်ဘူး၊ နောက်တစ်ခုက ဦးပိုင်။ သူက မစုဘူးဆိုရင် သတိပေး၊ ဆုံးမ၊ အရေးယူတာတို့ လုပ်တယ်။ နောက်ဆုံး ရာထူးတိုးတွေဘာတွေ ရပ်တဲ့အထိကို ဖြစ်တယ်”

အောက်ခြေစစ်သည်များသည် ကျပ် ၁၅ သိန်း၊ ဒုဗိုလ်မှ ဗိုလ်မှူးအဆင့်ထိ ကျပ် ၁၅ သိန်း၊ ဒုဗိုလ်မှူးကြီးမှ ဗိုလ်မှူးချုပ် ၅၀၊ ဗိုလ်ချုပ်နှင့်အထက် ကျပ်သိန်း ၁၀၀ စသဖြင့် ဦးပိုင်ကုမ္ပဏီအတွက် အသီးသီးထည့်ဝင်ရကြောင်း ကုမ္ပဏီမှပေါက်ကြားလာသော စာရွက်မှတ်တမ်းများတွင် တွေ့ရသည်။

ဦးပိုင်ကုမ္ပဏီအတွက် ထည့်ထားသောအစုရှယ်ယာငွေမှ ၃၀ ရာခိုင်နှုန်းကို တစ်နှစ်လျှင်တစ်ကြိမ် ပုံမှန်ပြန်ရလေ့ရှိသော်လည်း ၅ နှစ်စေ့၍ ပြန်ထုတ်ရမည် အသက်အာမခံကြေးအတွက်မူ လချီ၍ ကြာတတ်သည်၊ လာဘ်ထိုးနိုင်လျှင် ကြာရှည်စောင့်ရန် မလိုဟု ဗိုလ်ကြီးလင်းထက်အောင်ကပြောသည်။

“ငွေပေးနိုင်တဲ့ သူကတော့ မြန်မြန်ရတာပေါ့ဗျာ။ မပေးနိုင်ဘူးဆိုရင်တော့ ကြားထဲမှာ အဲဒီအမှုတွဲက လွတ်ပစ်ခံထားရတဲ့ အနေအထားအတိုင်းပဲ။ စာရွက်စာတမ်း တစ်ခုတင်ဖို့ကို လ္ဘက်ရည်ဖိုး ဘာဖိုးညာဖိုးပေးရတာ။ ၅ သိန်းလောက်ပေးလိုက်ရင်တော့ ချက်ချင်းလိုလိုကိုရတယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်ကပြောသည်။

“စစ်တပ်က ဇာတ်တူသား တအားစားတယ်ဗျ။ အဲဒီ ၁၅ သိန်း ပြန်ရဖို့အတွက်ကို နောက်ထပ် ၅ သိန်းလောက် ရင်းရတာမျိုးတွေလည်း ရှိတယ်။ အဲတော့ ကိုယ်စုထားတဲ့ ပိုက်ဆံကို သူများကို ဇာတ်တူသားစား ပေးနေရတာပေါ့။ ပြန်တော့ ထုတ်ပေးတယ်။ ရက်ကာလတွေ အကြာကြီးစောင့်ရပြီး အဆင့်ဆင့်တွေ တင်ရတယ်”

ဦးပိုင်ကုမ္ပဏီ(MEHL)နှင့် တပ်ချုပ်သားပိုင် အာမခံကုမ္ပဏီအတွက် လစဉ်ကြေးအား လစာထဲမှ လစဉ်ဖြတ်တောက်နုတ်ယူခံရခြင်းမှာ စစ်သားတိုင်းကြုံတွေ့ရသည် ဒုက္ခဖြစ်ကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းခွင့်ရသော တပ်အရာရှိ ၁၁ ဦးက ထောက်ခံသည်။

အစိုးရနှင့်ဖက်စပ် ရင်းနှီးမတည်ခဲ့သော ထိုလုပ်ငန်းသည် စစ်တပ်အသွင်ပြောင်း သမ္မတဦးသိန်းစိန်ဦးဆောင်သော အစိုးရ ရွေးကောက်ပွဲ မဲရှုံးပြီးချိန် ၂၀၁၆ တွင် စစ်တပ်ပိုင်လုပ်ငန်းအဖြစ် လုံးလုံးလျားလျားပြောင်းလဲသွားသည်။

ကုမ္ပဏီစထောင်စဉ်က ဦးပိုင်၏ရင်းနှီးမတည်ငွေ ကျပ်ဘီလျံ ၁၀,၀၀၀ မှာ အစိုးရက ၄၀ ရာခိုင်နှုန်း(ကျပ်ဘီလျံ ၄၀,၀၀)ပါဝင်ပြီး စစ်တပ်က ၆၀ ရာခိုင်နှုန်း(ကျပ်ဘီလျံ ၆၀,၀၀)ပါဝင်ခဲ့သည်။ ၂၀၁၄ တွင် ဦးပိုင်၏ ရင်းနှီးမတည်ငွေပမာဏမှာ ကျပ်ဘီလျံ ၁၅၀,၀၀၀ အထိ တိုးလာသည်။ မူလ မတည်ငွေပမာဏထက် ၁၅ ဆ တိုးလာခြင်းဖြစ်သည်။

သို့သော် ထိုကုမ္ပဏီမှ အစိုးရပိုင် ရှယ်ယာတန်ဖိုး ကျပ်ဘီလျံ ၁,၁၃၈ ဒသမ ၃၂၈ ကို ငွေပြန်အမ်း၍ ၂၀၁၆ မတ် ၃၀ တွင် ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း ထိုကုမ္ပဏီ(MEHL)၏ စီမံကိန်းဌာန၊ အထွေထွေမန်နေဂျာ ဦးလှမျိုးက မြန်မာတိုင်းမ် သတင်းဌာနကို ပြောထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ စီးပွားရေးကော်မတီဝင် ဦးရဲမင်းဦးက ဦးပိုင်ကုမ္ပဏီသည် ၁၉၉၀ ပြည့်နှစ်က မူလမတည်ငွေပမာဏပေါ်မူတည်၍ ပြန်အမ်းခြင်းဖြစ်ပြီး ကုမ္ပဏီသက် နှစ် ၂၀ ကျော်အတွင်း ရခဲ့သောအကျိုးအမြတ်များပေါ်မူတည်၍ ထိုသို့ပြန်အမ်းသင့်ကြောင်း ထိုအချိန်က တုံ့ပြန်ထားသည်။

ကုမ္ပဏီက နောက်ဆုံးတိုးလိုက်သော မတည်ငွေပမာဏဖြင့် တွက်မည်ဆိုပါက အစိုးရ ပြန်ရမည့် ရှယ်ယာတန်ဖိုးငွေမှာ ကျပ်ဘီလျံပေါင်း ခြောက်သောင်း(၆၀,၀၀၀)ပင် ဖြစ်သည်။ သို့သော် အမှန်တကယ် ပြန်ရလိုက်သည့် ပမာဏမှာ ကျပ်ဘီလျံ တစ်ထောင်ကျော်ရုံသာဖြစ်သည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်က မြေပေါ်မြေအောက် သယံဇာတလုပ်ကွက်များမှစ၍ သွင်းကုန်ထုတ်ကုန်လုပ်ငန်းအဆုံး နိုင်ငံ၏အကျိုးအမြတ်အများဆုံး လုပ်ငန်းမှန်သမျှကို ဦးပိုင်ကုမ္ပဏီကသာ အပိုင်စီးခဲ့သည်။

တပ်မတော်သားများအားလုံးအတွက် လူမှုစီးပွားဘဝ သက်သာချောင်ချိရေးအတွက် ဦးပိုင်ကုမ္ပဏီထောင်ခြင်းဟုဆိုသော်လည်း ပြီးခဲ့သည့် နှစ် ၃၀ ကျော်အတွင်း တစ်သက်စားမကုန်သော ဓနအင်အားကြီးပွားနေသူများမှာ အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် အပေါင်းအပါများသာဖြစ် သည်။

သို့သော် ယမန်နှစ်က စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအနေဖြင့် ဦးပိုင်ကုမ္ပဏီအပါအဝင် စစ်တပ်နှင့်ဆက်နွယ်နေသော လုပ်ငန်းမှန်သမျှကို ပြည်သူလူထုက ဝိုင်းဝန်းသပိတ်မှောက်ခြင်း၊ နိုင်ငံတကာက ဝိုင်းဝန်းပိတ်ဆို့ခြင်းတို့ကြောင့် ဆုံးရှုံးမှုများဖြင့် ရင်ဆိုင်နေရသည်။

ပုံမှန်အားဖြင့် နှစ်စဉ် စက်တင်ဘာတွင်ပေးသည့် ဦးပိုင်အမြတ်ငွေ ၃၀ ရာခိုင်နှုန်းကိုလည်း သတ်မှတ်ချိန်ထက် ၆ လနောက်ကျစောင့်ရသော်လည်း မရသေးကြောင်း ထိုကုမ္ပဏီ၏ ဒါရိုက်တာဟောင်းဖြစ်သူ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ကျော်ဇေယျကပင် ညည်းတွားနေသည်။

CDM စစ်သား ၃,၀၀၀ ကျော်သည် ၎င်းတို့ လစဉ်ဖြတ်တောက်ခံခဲ့ရသော ဦးပိုင်အစုရှယ်ယာ အမြတ်ငွေနှင့် အောင်မြင့်မိုရ်မင်း အာမခံကုမ္ပဏီထံ ပေးသွင်းထားရသော အာမခံကြေးများကို ပြန်ရနိုင်တော့မည်မဟုတ်ပေ။

စစ်တန်းလျားကို ကျောခိုင်းသူများ 

အာဏာသိမ်း စစ်ကောင်စီက ၎င်းလက်အောက်မှ ရုန်းထွက်၍ ပြည်သူ့ဘက်ရပ်တည်သွားသူများကို သစ္စာဖောက်၊ လောက်ကောင်များအဖြစ် သတ်မှတ်ထားကြောင်း CDM စစ်သားများထံမှသိရသည်။

“သူတို့အမြင်မှာတော့ ကျွန်တော်တို့က သစ္စာဖောက်ပေါ့။ ပြီးရင် စစ်ပုန်ကန်မှုဖြစ်တဲ့အတွက် ကျွန်တော်တို့ကို မိသွားရင် အမြင့်ဆုံးအဆင့် သေဒဏ်အထိပေးလို့ရတယ်” ဟု ဗိုလ်ကြီးဇင်ယော်ကပြောသည်။

“လက်နက်နဲ့ တစ်ခါတည်း CDM လုပ်တဲ့သူတွေဆိုရင် စစ်ခုံရုံး ရောက်စရာမရှိပါဘူး။ တစ်ခုခု တုံ့ပြန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့တင် တွေ့တာနဲ့ ပစ်သတ်လို့ရပါတယ်”

သတင်းမီဒီယာများတွင် ရုပ်လုံးပြသူ CDM စစ်သားဦးရေ များစွာရှိနေချိန်မှာ စစ်ကောင်စီ၏ ပြန်ကြာရေးဝန်ကြီး ဦးမောင်မောင်အုန်းက လောက်ကောင် တစ်ယောက်၊ နှစ်ယောက်သာရှိသည့်ဟု ပြည်ပသတင်းသမားတချို့ကို မတ်လလယ်ပိုင်းက အွန်လိုင်းမှ တစ်ဆင့် ပြောကြားခဲ့သည်။

ဗိုလ်ကြီးဇေသူအောင်ကလည်း စစ်သက် ၁၈ နှစ်တာအတွင်း ခင်မင်ရင်းနှီးခဲ့သော အရာရှိနှင့် စစ်သည်များအကြား ထိုကဲ့သို့ နာမည်ဆိုးဖြင့် ပုံဖော်မခံလို၍ CDM ပါရေးအတွက် တစ်နှစ်ကျော်ကြာခဲ့ခြင်းဟုဆိုသည်။

“ကိုယ့်ကို သစ္စာဖောက်လို့ ပြောခံရတာကို လူတော်တော်များများက မကြိုက်ဘူးလေဗျာ။ နောက်ပြီးတော့ အဲဒီလိုမျိုး ထွက်လိုက်ပြီဆိုတာနဲ့ ကျွန်တော်တို့က ရာဇဝတ်သားလို့မျိုးဖြစ်သွားပြီဗျာ။ အဲဒါမျိုးကိုလည်း မကြိုက်ဘူး”ဟု အညာသား ဗိုလ်ကြီး ဇေသူအောင်ကပြောသည်။

ရုန်းထွက်လိုသော်လည်း မိသားစုလုံခြုံရေးကြောင့် လွတ်မြောက်နယ်မြေသွားရန် အခက်တွေ့နေသူများကလည်း ပြင်ပကို သတင်းပေးကာ တပ်တွင်းဖရဲသီးများအဖြစ် တော်လှန်ရေးတွင် ပါဝင်နေကြသည်။

“တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်”ဟု ခေတ်အဆက်ဆက် ဝါဒဖြန့်လာသည့် စစ်တပ်သည် အရာရှိ ရာထူးဖြင့် မျှားခေါ်သည့် DSA သင်တန်းအတွက်ပင် ပြီးခဲ့သည့်နှစ်အတွက် လျှောက်ထားသူ လူငယ် လွန်စွာနည်းခဲ့သည်

“တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ”ဟု ဝဲယာတစ်ဘက်တစ်ချက် အုတ်နံရံများတွင် ရေးထားသည့် အခြေခံစစ်ပညာသင်တန်းကျောင်းများတွင်လည်း အောက်ခြေစစ်သည်အတွက် တပ်သားသစ်ရရှိမှု နည်းပါးနေသည်။

အာဏာသိမ်းမှုကြောင့် နိုင်ငံတဝန်းစစ်မျက်နှာဖွင့်ခံလာရသည့် စစ်ခေါင်းဆောင်များသည် တပ်တွင်းစည်းလုံးမှု မပြိုကွဲရေးအတွက် ရုပ်သံ၊ သတင်းစာများအပါအဝင် နည်းမျိုးစုံဖြင့် ဝါဒဖြန့်နေသည်။ ထိုသို့ပြုလုပ်နေသည့် ကြားမှပင်  ဒုတိယဗိုလ်မှူးကြီးသုံးဦးက CDM ပါလာပြန်သည်။

သို့သော် အနှစ် ၇၀ ကျော် တည်ဆောက်လာသည့် အာဏာသိမ်း စစ်တပ်သည် အချိန်တိုအတွင်းမှာ အလွယ်တကူပြိုကွဲရန် ဖြစ်နိုင်ချေနည်းပါးကြောင်း ကြည်း၊ ရေ၊ လေ တပ် CDM များက သုံးသပ်ကြသည်။

“ကြားထဲကနေ ဟိုဘက်သာရင် ကူးမယ်၊ ဒီဘက်သာရင် ကူးမယ်ဆိုပြီးတော့ သာကူးတွေလည်းရှိတာပေါ့။ နောက်ဆုံး အချိန်ထိ တရားသောစစ်ဆိုတာမျိုးနဲ့ ဒါကို ငါတို့ ဆင်နွဲနေတာပါဆိုတဲ့ ပုံစံမျိုးနဲ့ အယူဝါဒ အမှားတွေနဲ့ အဆုံးသတ်သွားမယ့် သူတွေလည်းရှိပါတယ်”ဟု ဗိုလ်ကြီးလင်းထက်အောင်ကပြောသည်။

မကြာမီ အသက် ၆၆ နှစ်ပြည့်မည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းကို ဆန့်ကျင်သူ ရဟန်း၊ ရှင်လူပြည်သူမှန်သမျှကို နေ့စဉ်ဖမ်းဆီးသတ်ဖြတ် အကြမ်းဖက်ပြနေချိန်မှာပင် ခုခံသူတို့၏ ပြောက်ကျားတိုက်ခိုက်မှုများက နေ့စဉ်ရှိနေသည်။ 

ထိုကဲ့သို့ ရာထူး၊ စည်းစိမ်တောင့်တင်းသည့် စစ်အာဏာရှင်ကို ရရာလက်နက်ဖြင့် ရေကုန်ရေခမ်း ခုခံနေသော တော်လှန်ရေးလူငယ်များကို စစ်မြေပြင်မှာ ကိုယ်တိုင်မြင်တွေ့ရသည့်အခါ CDM ဝင်ရန် နောက်ကျခဲ့ခြင်းအတွက် ရှက်မိကြောင်း စစ်တက္ကသိုလ်ကျောင်းဆင်း လေတပ် CDM ဗိုလ်ကြီး ဇေသူအောင်ကပြောသည်။

“ဒီထွက်လာပြီးတဲ့ နောက်ပိုင်းမှာတော့ တွေ့ရတာက နဲနဲလည်း ရှက်စရာကောင်းပါတယ်။ စိတ်ထဲမှာ ကိုယ်လာတာ တော်တော်တောင် နောက် ကျနေပါလားလို့ ဆိုပြီး ရှက်မိတယ်။ ဒီမှာ ကျွန်တော်တွေ့နေရတဲ့ သူတို့လေးတွေရဲ့ ပေးဆပ်မှုတွေက အရမ်း အံ့ဩဖို့ကောင်းတယ်၊ ကြောက်မခန်း လိလိပဲ” ဟု ဗိုလ်ကြီး ဇေသူအောင်က ပြောလိုက်သည်။ myanmar now

စစ်မိစ္ဆာတွေ ကျူးလွန်သမျှ မင်းအောင်လှိုင်ခေါင်းပေါ်ပုံကျတော့မည့်ကိန်း

မြန်မာစကားပုံ “ငါးတကာယိုတဲ့ချေး ပုစွန်ဆိတ်ခေါင်းပေါ်ကျ” ဆိုသလိုပါပဲ။ လက်ရှိ ညွှန်ပြနေတဲ့ နိုင်ငံရေး အခြေအနေတွေကတော့ စစ်မိစ္ဆာအရိုင်းအစိုင်းတွေ မိုက်မဲစွာ ကျူးလွန်သမျှ အပြစ်ရာဇဝတ်မှုတွေဟာ သမ္မတရူး မင်းအောင်လှိုင်ရဲ့ ခေါင်းပေါ်ပုံကျတော့မယ့်ကိန်းပဲ ဖြစ်ပါတယ်။ 

လူ့ကျင့်ဝတ်ဆိုတာ မူးလို့‌တောင် ရှူစရာမရှိ၊ ဆင်ခြင်ပိုင်းခြားနိုင်စွမ်း အသိဉာဏ် နတ္ထိနဲ့ မိစ္ဆာစစ်ဘီလူး သဘက်တွေရဲ့ ရွာလုံးကျွတ် မီးရှို့နေတာတွေ၊ လူမဆန်စွာ ခိုးဆိုး လုယက် သွေးချောင်းစီး သတ်ဖြတ်နေကြတဲ့ စစ်ရာဇဝတ်မှုအားလုံးရဲ့ လက်ငင်းအကုသိုလ် အကျိုးအပြစ် အား လုံးကို ရှောင်လွှဲလို့မရတော့ဘဲ စစ်ရာဇဝတ်ဓားပြဂိုဏ်းခေါင်းဆောင် တစ်ယောက်အနေနဲ့ မအလဟာ ပုံအောပြီး ပြန်ပေးဆပ်ရတော့မှာ ဖြစ်ပါတယ်။

ဘာကြောင့် ဒီစကားကို ဆိုရတာလဲလို့ မေးရင် ဘယ်လို တန်ခိုးရှင် ဘုရားသခင်တွေသော်တောင်မှ မတားဆီးနိုင်တော့လောက်တဲ့ အခြေခံပြည် သူလူထုတရပ်လုံးရဲ့ မဟာဒေါသကြီးက‌နေ လွတ်မြောက်နိုင်မယ့် ထွက်ပေါက်တစ်ခုတည်းသာ ကျန်တော့လို့ပါပဲ။

ပစ္စည်းမဲ့ဒေါသဆိုတဲ့ စကားလုံးကို စာဖတ်သူတွေ ကြားဖူးကြမှာ။ အလွန်ပြင်းထန်တဲ့ စွမ်းအားတွေ ပျော်ဝင်နေပါတယ်။ ဆင်းရဲနုံချာလွန်းရာကနေ မထူးတော့တဲ့ဘဝတွေမှာ ပေါက်ကွဲပွင့်ကန် ထွက်လာတဲ့ ဒေါသ ဆိုတာ အလွန်ထိန်းချုပ်ဖို့ ခက်လှပါတယ်။ 

ဒီကနေ့ မြန်မာပြည်သူတွေမှာ လောင်မြိုက်နေတဲ့ ဒေါသမီးဟာ အပေါ်က‌ ပြောခဲ့တဲ့ ပစ္စည်းမဲ့ဒေါသထက် အဆပေါင်းများစွာ ပြင်းထန်လှတဲ့ လူ သားမျိုးနွယ် ရှင်သန်ရေးဆိုင်ရာ ပကတိ ဒေါသမျိုး ဖြစ်တာမို့ မခန့်မှန်းနိုင်လောက်တဲ့ စွမ်းအင်တွေနဲ့ ဖွဲ့တည်နေတာ ဖြစ်ပါတယ်။

တခုတည်းသော ကျန်ရှိတဲ့ နိုင်ငံတော်ရဲ့ မူလပိုင်ရှင် အခြေခံပြည်သူလူထုတရပ်လုံးရဲ့ မဟာဒေါသကြီးကို‌ လျှော့ချနိုင်မယ့် ထွက်ပေါက်ကတော့ တခြားမဟုတ်ပါဘူး။ တိုင်းပြည်အာဏာ လုယူခဲ့ပြီး ပြည်သူလူထုကို ငရဲမီးတွင်းထဲ တွန်းချရာမှာ မိုက်မဲညံ့ဖျင်းစွာ ဦးစီးဦးဆောင်ပြုခဲ့တဲ့ သမ္မ တ ရူး မင်းအောင်လှိုင်ကို အမြင့်ဆုံး အပြစ်ဒဏ်ခတ် ဆုံးမခြင်းသာ ဖြစ်ပါတယ်။ 

အခြေခံပြည်သူတွေရဲ့ မဟာဒေါသမီးတောက်ကြီး အရှိန်ကျစေအောင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရှင်းလင်းအပြစ်မပေး နိုင်ဘူးဆိုရင် စစ်တပ်နဲ့ အာဏာလုပွဲကို ထောက်ခံဝိုင်းရံခဲ့ကြတဲ့ အခွင့်ထူးခံ အသိုင်းအဝိုင်းတစ်အုပ်လုံး မြန်မာသမိုင်း ကမ္ဘာသမိုင်းမှာပါ မကြုံတွေ့ခဲ့ဖူးသေးတဲ့ အလွန်အရုပ်ဆိုး အကျည်းတန်တဲ့ အဖြစ်ဆိုးတွေ ဖြစ်ပွားလာနိုင်တော့မယ့် အခြေအနေတွေဆီ ဦးတည်နေပြီ ဖြစ်ပါတယ်။

ဘာကြောင့်လို့လဲဆိုတော့ ဒီကနေ့ မင်းအောင်လှိုင် အာဏာတည်နိုင်ဖို့ အကြမ်းဖက်စစ်တပ်က အခြေခံပြည်သူလူထုအပေါ် လက်နက်အားကိုးနဲ့ လူမဆန်စွာ သတ်ဖြတ်ကြမ်းကြုတ်နေမှုဟာ မြန်မာ့သမိုင်းမှာသာမက တခြားဘယ်နိုင်ငံမှာမှ ကိုယ့်လူမျိုးအချင်းချင်းကို ရက်စက်မှုမျိုးဟာ ကမ္ဘာ့သမိုင်းမှာ မဖြစ်ပွားဖူးအောင် ရုပ်ဆိုးအကျည်းတန်လွန်းလှပါတယ်။

ဒီတော့ စဉ်းစားတတ်တဲ့ဦးနှောက် နည်းနည်းရှိရင်ကို အနားယူနေကြတဲ့ စစ်ဗိုလ်‌ချုပ်ဟောင်း အသိုင်းအဝိုင်းတွေသာမက၊ လက်ရှိ အာဏာရူးမင်းအောင်လှိုင်အောက်မှာ အမှုထမ်းနေဆဲ စစ်ဗိုလ် စစ်သားအားလုံးဟာ အကြမ်းဖက်တရားခံ မင်းအောင်လှိုင်ကို ထိုးကျွေးရှင်းလင်းခြင်းကသာ အခြေခံပြည်သူလူထုတရပ်လုံးရဲ့ မဟာဒေါသကြီးကို‌ လျှော့ချနိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်တို့လို လူထုခေါင်းဆောင်တွေ ဝင်ရောက်ဖျောင်းဖျ ညှိနှိုင်းပေးနိုင်ပါလိမ့်မယ်။ 

အာဏာရူး မင်းအောင်လှိုင်ကို ထိုးမကျွေးနိုင်သ၍ စစ်အခွင့်ထူးခံအသိုင်းအဝိုင်းအားလုံးဟာ ၁၉၇၀ ကျော် ကာလတွေတုန်းက ‌မြောက်ဗီယက် နမ်အစိုးရတပ်ရဲ့ ဗီယက်ကောင်းတွေ အလိုက်ခံရတာမို့ အမေရိကန်နဲ့ ပူးပေါင်းခဲ့ကြတဲ့ တောင်ဗီယက်နမ်(ဆိုင်းဂုံ) အစိုးရ ထောက်ခံသူ တောင်ဗီယက်နမ်သားတွေဟာ အမေရိကန်တပ်တွေ ဆုတ်ခွာရတော့ အတူလိုက်ပါခွင့် မရသူတွေဟာ ရရာလှေတွေနဲ့ ပင်လယ်ထဲက‌နေ ထွက်ပြေးကြရသလို ကြုံလာနိုင်ပါတယ်။ ထွက်ပြေးခဲ့ရတဲ့ တောင်ဗီယက်နမ်သား အများစုဟာ ကမ်းမမြင် လမ်းမမြင် ပင်လယ်ထဲ မျောပါပြီး အများစုဟာ အသက်ဆုံးပါးခဲ့ကြရပြီး အနည်းစုသာ တခြားတိုင်းပြည်တွေဆီ ရောက်ခဲ့ရပါတယ်။

မပြေးနိုင်တဲ့ တောင်ဗီယက်နမ်သား ၃၀၀,၀၀၀ ကျော်ကို ပြန်လည်ပြုပြင်သင်ကြားရေး အကျဉ်းစခန်းများသို့ ပို့ခံခဲ့ရပြီး အများစုမှာ အလုပ် ကြမ်းတွေကို အတင်းအကျပ် စေခိုင်းခံရပြီး ညှဉ်းပန်းနှိပ်စက်မှု၊ ငတ်မွတ်ခေါင်းပါးမှုနှင့် ရောဂါဘယတွေနဲ့ ရင်ဆိုင်ကြရပါတယ်။ 

ဆန့်ကျင်ဘက် အင်အားကြီးနိုင်ငံတွေ ပါဝင်ပံ့ပိုး စွက်ဖက်ခဲ့ကြတဲ့ မြောက်ဗီယက်နမ်နဲ့ တောင်ဗီယက်နမ် စစ်အတွင်းမှာ ဗီယက်နမ်စစ်သားနဲ့ ဗီယက်နမ်ပြည်သူအားလုံးပေါင်း သေဆုံးမှုမှာ ၁ သန်းအောက်မှ ၃ သန်းအထိ သေဆုံးရတယ်လို့ ခန့်မှန်းကြသလို အမေရိကန် စစ်သားပေါင်း ၅၈,၂၂၀ လည်း စစ်ပွဲအတွင်း သေဆုံးခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာလည်း ဒီကနေ့ အရှိန်ရလာတဲ့ စစ်အာဏာရှင်စနစ် အပြီးဖျက်သိမ်းပစ်မယ့် နွေဦးတော်လှန်ရေးကြီး အောင်ပွဲခံနိုင်ဖို့ စစ်သား၊ ရဲသား၊ ပြည်သူပြည်သားတွေရဲ့ အသက်ပေါင်းများစွာ ပေးဆပ်ရဦးမှာ ဖြစ်ပါတယ်။

အဲဒီလို လူ့အသက်တွေ အများအပြား မဆုံးပါးရ‌အောင်  အကြမ်းဖက်စစ်ခေါင်းဆောင် မင်း‌အောင်လှိုင်ကို သူ့စစ်တပ်ကပဲ ပြန်ထိုးကျွေးရမယ့် နည်းလမ်းပဲ ရှိပါတော့တယ်။ မဟုတ်ရင်တော့ စစ်အခွင့်ထူးခံအသိုင်းအဝိုင်းနဲ့ ထောက်ခံသူတွေဟာ တောင်ဗီယက်နမ်သားတွေလို အလားတူ ကြမ္မာဆိုးမျိုး ရင်ဆိုင်ရဖွယ်ရှိနေပါပြီ။

အဲဒီလိုအဖြစ်ဆိုးတွေ ဖြစ်လာနိုင်ခြေကို မသိကြတဲ့သူတွေဟာ မျက်ကန်းတစ္ဆေမကြောက် ဆိုသလို ဆက်လက်မိုက်မဲစွာ အာဏာရူး မအလနဲ့ အကြမ်းဖက်ကောင်စီကို ဆက်လက် ထောက်ခံနေကြဆဲ ဖြစ်ပါတယ်။ ဘာကြောင့်လို့လဲဆိုတော့ နားပိတ်၊ မျက်စိပိတ်ခံရတာအပြင် NLD ဒီကို ထောက်ခံသူ ၁၂ သန်းသာရှိတယ်ဆိုတဲ့ ဂျင်းသတင်းအမှားကြီးကြောင့်လည်း ပါနိုင်ပါတယ်။ အရင် စစ်ခေါင်းဆောင်တွေ၊ ရွေးကောက်ပွဲလုပ်တိုင်း ခွက်ခွက်လန်အောင် ရှုံးနိမ့်ခဲ့ကြတဲ့ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ဆိုသူတွေကိုယ်တိုင်ဟာ မမှန်ကန်နဲ့ သတင်းအချက်အလက်တွေနဲ့ ဂျင်းစားပြီး မျက်မမြင်ပုဏ္ဏားများလို ထင်ရာလုပ်ခဲ့ကြတာချည်းပါပဲ။

ဒီတော့ သမ္မတရူးမင်းအောင်လှိုင်ရဲ့ အတွင်းစည်းထဲက စစ်ဗိုလ်စစ်သားတွေ၊ အနားယူပြီးတဲ့ စစ်ဗိုလ်ချုပ်အဟောင်းတွေအနေနဲ့ မိမိနဲ့ မိမိ မိ သား စုဘဝ ရေရှည်အန္တရာယ်ကင်း လုံခြုံဖို့၊ တောင်ဗီယက်နမ်သားတွေလို အဖြစ်ဆိုးတွေ မကြုံရစေဖို့၊ ကမ္ဘာမှာ မဖြစ်ပွားဖူးသေးတဲ့ အရုပ် ဆိုး အကျည်းတန်တဲ့ အဖြစ်အပျက်ဆိုးတွေ မကြုံစေဖို့၊ အခြေခံပြည်သူတွေရဲ့ မဟာဒေါသ မီးတောက်ကြီး‌ လောင်ကျွမ်းတာ မခံချင်ဘူးဆိုရင်တော့ အကြမ်းဖက်စစ်မိစ္ဆာခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးပြီး ပြည်သူ့တရားစီရင်ရုံးကို ပို့ဆောင် ထိုးကျွေးခြင်းကသာ မိမိကိုကိုယ်နဲ့ မိမိ မိသားစုဝင်တွေကို ကယ်တင်နိုင်မှာ ဖြစ်ပါကြောင်း အသိပေး တိုက်တွန်းလိုက်ပါတယ်။

မင်းကောင်းချစ်

စစ်ယာဉ်တန်းကို ကရင်နီတော်လှန်ရေးတပ်တွေ ဘယ်လိုချေမှုန်းတိုက်ခိုက်ခဲ့လဲ 

မေလ ၇ ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံအရှေ့ဘက်ဖျား ကယား (ကရင်နီ) ပြည်နယ်တွင် စစ်ကောင်စီတပ်မှ ယာဉ်တန်းတစ်ခု ရွေ့လျားနေ သည်။ ဘော်လခဲမြို့နယ်မှ ဖရူဆိုမြို့နယ်သို့ ချီတက်နေခြင်းဖြစ်သည်။ မိုင် ၄၀ ခန့်ကွာဝေးသော ခရီးလမ်းကြောင်းဖြစ်သည်။   

အဆိုပါ စစ်ယာဉ်တန်းသည် ဖရူဆိုမြို့နယ်ရှိ အမှတ် (၁၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းသို့ ဦးတည်သွားနေသည်ဟု ယူဆရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ စစ်ဘက်အသုံးအဆောင်နှင့် လက်နက်ခဲယမ်းအချို့ သယ်ဆောင်လာခြင်းဖြစ်သည်။

ထိုစစ်တပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရန် ကယားပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သော ကရင်နီတပ်မတော် (KA) နှင့် အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသော ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့မှ ဒါဇင်နှင့်ချီသော အဖွဲ့ဝင်များက ဖရူဆိုမြို့နယ် လောကျေခူရွာအနီးတွင်း စောင့်ဆိုင်းနေခဲ့ကြသည်။

လမ်းတစ်ဖက်တစ်ချက် ချုံနွယ်ပိတ်ပေါင်းများ ထူထပ်ရာ နေရာတွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်များ စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ထိုနေရာကို ယာဉ်တန်းမဖြတ်မီ စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် နှစ်ကြိမ် ကင်းလှည့်စစ်ဆေးခဲ့သည့်ပြင် မြေပြင်ရှေ့ပြေးကင်းများလည်း ရှိနေ သည်ဟု ထိုနေ့က ချုံခိုတိုက်ခိုက်မှုတွင် KNDF တပ်ဖွဲ့ဝင်များကို ဦးဆောင်သူ တပ်ရင်းမှုး ခူးရီဒူးက ဆိုသည်။ 

“သူတို့ကင်းရှိတယ်။ ကျွန်တော်တို့ ဖြတ်တိုက်တာက သူတို့ကင်းနဲ့ နီးနီးလေးပဲ။ လမ်းလျှောက်လို့ရှိရင် ၁၀ မိနစ်စာလောက် မရှိဘူးထင်တယ်။ သူတို့ တောက်လျှောက် ကင်းရှိတယ်။ ရွာထဲမှာ ကင်းရှိသလို လမ်းဘေးမှာလဲ ကင်းရှိတယ်။ တောင်ပေါ်မှာလဲ လမ်းကင်းရှိတယ်” ဟု ၎င်းက ပြောသည်။

ထရပ်ကား ၂၁ စီးပါး စစ်ကောင်စီယဉ်တန်းမှ လေးစီးကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်များက ဖောက်ခွဲရေးမိုင်းများ၊ မောင်းပြန်ရိုင်ဖယ်သေနတ်များ အသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နှစ်နာရီကြာသော ထိုတိုက်ခိုက်မှုတွင် စစ်ကားလေးစီးတွင် ပါလာသော ဒုတိယဗိုလ်မှုးကြီးအဆင့်ရှိ အရာရှိတစ်ဦးနှင့် အခြားအရာရှိနှစ်ဦးအပါအဝင် စစ်ကောင်စီဘက်မှ စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့သည်။​

သေဆုံးသည့် အရာရှိများအနက် တစ်ဦးမှာ ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှ အသက် ၃၄ နှစ်အရွယ် ဗိုလ်ကြီးကျော်ဇင်ဝင်းဖြစ်ကြောင်း တိုက်ပွဲအပြီး သိမ်းဆည်းရမိသော စာရွက်စာတမ်းအထောက်အထားများအရ သိရှိရသည်။

စစ်ကောင်စီဘက်မှ တပ်သားတစ်ဦးကိုသာ အသက်ရှင်လျက် ဖမ်းဆီးရမိသည်။ တိုက်ခိုက်မှုဖြစ်စဉ်ကို ရိုက်ကူးထားသော ရုပ်သံမှတ်တမ်းအရ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတံဆိပ်ပါ တီရှပ်အင်္ကျီဝတ်ဆင်ထားသော ထိုတပ်သားသည် ညာဘက်လက်တွင် ဒဏ်ရာရရှိထားသည်ကို တွေ့ရသည်။ 

ထိုသို့ စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်ပြီးနောက် မွန်းတည့် ၁၂ ခန့်တွင် စစ်ကူရောက်လာသော စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးအဖွဲ့များ ထပ်မံတိုက်ပွဲဖြစ်ပွားသည်။ 

“ကျွန်တော်တို့ဘက်က သူတို့နဲ့ မတိမ်းမယိမ်းပဲ။ ဒါကတော့ လူဦးရေအရပေါ့လေ။ လက်နက်ခဲယမ်းမီးကျောက်ကတော့ သူတို့လောက် မပြည့်စုံဘူး” ဟု တပ်ရင်းမှုး ခူးရီဒူးက ဆိုသည်။

“ကျွန်တော်တို့ မိုင်းဆွဲတော့ တစ်စီးလည်း အနည်းငယ်ထိခိုက်ပြီးတော့ မောင်းပြေးသွားတယ်။ ဆိုတော့ လေးစီး ကျန်နေခဲ့တယ်။ ရှေ့မှာသွားတဲ့ ယာဉ်တန်းတွေက နောက်မှာကျန်ခဲ့တဲ့ လေးစီးကို မကူမကယ်ပေးဘူး။ ဘာမှ မလုပ်ကူပေးဘူးပေါ့လေ။ အဲဒီအချိန်မှာ သူတို့ရဲ့ တပ်သားတွေရဲ့ စိတ်ဓာတ်ကလည်း ကျွန်တော်ထင်တယ် ပိုပြီးတော့မှ ကျဆင်းကုန်တယ်လို့ ကျွန်တော်တို့ အဲ့လိုမြင်တယ်” ဟု ၎င်းက ပြောသည်။

ထိုမွန်းလွဲပိုင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၇ ဦး ထပ်မံသေဆုံးခဲ့သည်။ ထိုနေ့က တိုက်ပွဲများတွင် ကရင်နီတော်လှန်ရေးအင်အားစုများဘက်မှ တစ်ဦးသာ ထိခိုက်ဒဏ်ရာရရှိသည်ဟု ဆိုသည်။​

အထိအခိုက်အကျအဆုံးများခဲ့သော ဖရူဆိုမြို့နယ်အတွင်း စစ်တပ်ယာဉ်တန်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းအမှောင်ချထားဆဲဖြစ်သည်။ 

စစ်တပ်က ဗျူဟာအဆင့် အထိုင်ချထားသည့် ကယားပြည်နယ် ဘော်လခဲမြို့နယ်နှင့် ကပ်လျက်ရှိ ဖူရူဆိုမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလမှစ၍ စစ်ကောင်စီယာဉ်တန်းများ မကြာခဏ တိုက်ခိုက်ခံနေရသည်။ 

ယခုလ ၆ ရက်ကလည်း ဖရူဆိုမြို့နယ် မာခရော်ရှေ့ကျေးရွာနှင့် လောကျေခူရွာသစ်ကြားတွင် KA/KNDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ တိုက် ပွဲဖြစ်သည့်နည်းတူ ၄ ရက်နေ့ကလည်း စစ်တပ်ယာဉ်တန်းတစ်ခု ကြားဖြတ်တိုက်ခိုက်ခံရပြီး မော်တော်ယာဉ်နှစ်စီး မီးလောင်ပျက်စီးခဲ့သည်။ 

လက်ရှိတွင် ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်များတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ခြင်း မရှိဘဲ ကရင်နီတော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည်ဟု သိရသည်။

“ကျွန်တော်တို့က ထိန်းချုပ်နိုင်တဲ့ အနေအထားမှာရှိတယ်လို့ ပြောလို့ရတာပေါ့။ တကယ်လို့ ဖရူဆိုနဲ့ ဒီးမော့ဆိုတို့ကို ထိန်းချုပ်နိုင်ပြီဆိုရင် သူတို့ ရဲ့ စစ်ကောင်စီရဲ့ ထောက်ပို့လမ်းကြောင်းတွေကို ကျွန်တော်တို့ ပိုပြီးတော့ ဖြတ်တောက်နိုင်မယ်ဆိုတာ ဒါက ကျွန်တော်တို့ စဉ်းစားချက်ပေါ့လေ။ လွိုင်ကော်ကတော့ ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့ အနေအထားမှာ မရှိပါဘူး” ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည့် တပ်ရင် းမှူး ခူးရီဒူးက ပြောသည်။

KNDF အနေဖြင့် ၎င်း၏တပ်ဖွဲ့ဝင်များကို ပြည့်မီသော အနေအထားတွင် မဟုတ်သော်လည်း ထိုက်သင့်သော လက်နက်များ တပ်ဆင်ပေးထားနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

“ချေမှုန်းရေးမှာဆိုရင်လည်း ကျွန်တော်တို့မှာက ပြည့်စုံမှု မရှိဘူး။ ကျည်မရှိဘူး။ ဒါလည်း အခက်အခဲရှိတယ်။ စနိုက်ပါဆိုလည်း ကျွန်တော်တို့ သိပ်မသုံးနိုင်ဘူး။ ရှိတာလေးကို အကောင်းဆုံးဖြစ်အောင် အသုံးပြုတဲ့အနေအထားမှာပဲ ရှိတယ်။ မိုင်းတစ်လုံးရှိရင်လည်း အဲဒီမိုင်းတစ်လုံးကို အကောင်းဆုံး ဘယ်လိုအသုံးချမလဲဆိုတဲ့ အနေအထားမှာပဲ ရှိတယ်” ဟု ခူးရီဒူးက ပြောသည်။ 

စစ်အာဏာသိမ်းမှုကို အကြမ်းမဖက်ဘဲ ဆန္ဒပြခဲ့ကြသော်လည်း အရပ်သားပြည်သူများ ပစ်ခတ်ဖြိုခွင်းခံရပြီးနောက် ကရင်နီပြည်နယ်ရှိ ဒေသ ခံများက ရရာလက်နက်ကိုင်စွဲကိုင်လျက် ခုခံတော်လှန်ခဲ့ရာ လာမည့် မေလ ၂၁ ရက်တွင် တစ်နှစ်ပြည့်မြောက်မည်ဖြစ်သည်။ 

ကရင်နီပြည်နယ်၌ နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့များတွင် အင်အားထောင်ချီရှိသည့် KNDF မှာ အင်အားအများဆုံးဖြစ်ပြီး ကရင်နီတပ်မတော် (KA) နှင့်အတူ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည်။

စစ်တပ်သည် စိတ်ဓာတ်ရေးရာ အကြီးအကျယ် ချွတ်ခြုံကျနေသည့်ပြင် ၎င်းတို့ကို မုန်းတီးရွံရှာသော ပြည်သူများ၏ တိကျသော သတင်းပေးပို့မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် အင်အားကြီးမားသော စစ်ကောင်စီကို ယခုကဲ့သို့ ခုခံတော်လှန်နိုင်ခြင်းဖြစ်ကြောင်း KNDF တပ်ရင်းမှူးတစ်ဦးဖြစ်သူ ခူရီဒူးက ဆိုသည်။  myanmar now

မေ ပထမပတ်တွင် စစ်ကိုင်းနှင့် ချင်းရှိ အိမ် ၁၀၀၀ ကျော် မီးရှို့ခံရ

စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုပြင်းထန်သည့် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တွင် မေလပထမပတ်အတွင်း စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မေ ၂ ရက်နေ့က စစ်ကိုင်းတိုင်း အရာတော်မြို့နယ် မလဲသာရွာ၊ ကလေးမြို့နယ်တောင်ပိုင်း အရှေ့စည်းရွာတို့ကို စစ်တပ်က ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့ပြီး တန့်ဆည်မြို့နယ်၊ ကြောင်ဆင်းအိုင်ကျေးရွာတွင်လည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

တန့်ဆည်မြို့နယ် အနောက်မြောက်ပိုင်းကို ပြီးခဲ့သည့်လကုန်ပိုင်းမှစ၍ ဝင်မွှေခဲ့ပြီးနောက် ကြောင်ဆင်းအိုင်ရွာတွင် တပ်စွဲနေသည့် စစ်တပ်သည် ယနေ့ (မေ ၅) နံနက်ပိုင်းတွင် ရွာကို မီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။ 

“ဒီနေ့မနက် ၆ နာရီလောက်ကစပြီး မီးရှို့ဖျက်ဆီးနေတာ။ စစ်တပ်အင်အား ၉၀ လောက် တပ်စွဲနေတာ” ဟု တန့်ဆည်မြို့နယ် ဒေသခံကာကွယ် ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကြောင်ဆင်းအိုင်ရွာ မီးရှို့မှုတွင် ပျက်စီးသည့်အိမ်အရေအတွက် မည်မျှရှိသည်ကို မသိရသေးပေ။

အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး လူဦးရေ ၃၀၀၀ နီးပါးရှိသည့် ထိုရွာတွင် ဒေသခံတို့က စစ်တပ်ရောက်လာကတည်းက ထွက်ပြေးတိမ်းရှောင်နေကြသည်။ 

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တောင်ပိုင်း၊ မလဲသာရွာကို မေ ၂ ရက်နေ့က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့ရာ အိမ်ခြေ ၅၀၀ ကျော်ပျက်စီးခဲ့ကြောင်း အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က မေ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။

အိမ်ခြေ ၆၀၀ နီးပါးရှိသည့် မလဲသာရွာမှာ စစ်တပ်က ၄ ကြိမ်မြောက် ဝင်ရောက်စီးနင်းပြီးနောက် ရွာအရှေ့ဘက်ခြမ်းရှိ အိမ်ခြေအချို့မှအပ တစ်ရွာလုံးနီးပါး ပြာပုံဖြစ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

“ရွာတောင်ဘက်ကနေ စပြီးရှို့တာ။ လေက မြောက်လေတိုက်တာ။ အဲဒီတော့ အမြန်ကြီးကူးစရာမရှိဘူး။ ခဏလေးအတွင်းကို တော်တော်လောင်တာဆိုတော့ ပိုက်စိပ်တိုက် သေချာကိုရှို့သွားတယ်လို့ ယူဆတယ်။ မလဲသာရွာနဲ့ ကန်ရင်းရွာကြားက စျေးဆိုင်တန်းလေးတွေကိုလည်း ရှို့တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက ပြောသည်။ 

“အိမ်ခြေကျဲတဲ့အိမ်နဲ့ ရွာရဲ့အရှေ့ဘက် သစ်ပင်တွေရှိတဲ့နေရာက ၂၀ ကျော် ၃၀ လောက် ကျန်ခဲ့တယ်။ ရွာအနောက်ဘက်က စာသင်ကျောင်းတွေတော့ မလောင်ဘူး။ ရွာအလယ်က မူကြိုကျောင်းနဲ့ စာကြည့်တိုက်တော့ မလောင်ဘူး” ဟု ၎င်းက ဆိုသည်။

မလဲသာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းပြီးနောက်တွင် ကျေးရွာအတွင်း ပိတ်မိနေသည့် မျက်မမြင်အဘွားအိုတစ်ဦး မီးလောင်ပြီးသေဆုံးခဲ့ရကြောင်း သူက ဆက်ပြောသည်။ 

ရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း၊ PDF ကို ထောက်ခံလာမည့် ကျေးရွာအဖြစ် ယူဆပြီး ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။  

အရာတော်မြို့နယ်မှ မိုင်၂၀၀ ဝန်းကျင်အကွာ ကလေးမြို့နယ်၊ အရှေ့စည်းရွာကိုလည်း မေလ ၁ ရက်နေ့ ညနေပိုင်း စစ်တပ် ဝင်ရောက်မီးရှို့မှုကြောင့် အိမ်ခြေ ၈၀၀ ဝန်းကျင်အနက် ၇၀၀ ကျော် ပျက်စီးခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

“သူတို့က တော်လှန်ရေးမှာ မပါစေချင်လို့၊ ကြောက်သွားအောင်လို့ ရည်ရွယ်ချက်နဲ့ ဒီလိုလုပ်ပေမဲ့ အားမလျှော့ဘူး” ဟု မီးရှို့ခံရမှုကြောင့် နေ အိမ်ဆုံးရှုံးခဲ့ရသည့် အရှေ့စည်းရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

“ခုလိုတွေလုပ်တော့ တော်လှန်ဖို့က လျှော့သွားဖို့မရှိဘူး။ ပိုတိုးလာဖို့၊  ပိုမုန်းလာတာပဲ ရှိတယ်။ သူတို့လုပ်လေ တော်လှန်လေပဲ” 

ချင်းပြည်နယ် ဖျက်ဆီးမှု

တောင်ကုန်းတောင်တန်း ထူထပ်ပြီး လက်နက်ကိုင်ခုခံမှုအားကောင်းရာ နယ်မြေဖြစ်သည့် ချင်းပြည်နယ်တွင်လည်း စစ်တပ်က လူနေအိမ်ခြေများကို မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံတို့က ဆိုသည်။

ယမန်နေ့ မေ ၄ ရက်နေ့က ချင်းပြည်နယ်မြို့တော် ဟားခါးမှ ဖလမ်းသို့ ဦးတည်လာသည့် သံချပ်ကာယာဉ်နှစ်စီးနှင့် စစ်ကား အစီး ၃၀ ကျော်ပါဝင်သည့် စစ်ကောင်စီယာဉ်တန်းသည် လမ်းတစ်လျှောက်ရှိ ရမ်ထလို (Ramthlo) နှင့် တလန်ဇာရ် (Tlangzar) ရွာတို့မှ နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (Chin National Defense Force) ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။ 

၂ ရက်အတွင်း မိုင်းဆွဲတိုက်ခိုက်မှု၊ ကြားဖြတ်ခြုံခိုတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သား ၁၀၀ နီးပါး ပါဝင်သည့် ထိုစစ်ကြောင်းမှ ၁၈ ဦး သေဆုံးကြောင်း၊ ပြောက်ကျားတိုက်ခိုက်သည့် ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်များဘက်မှ ၁ ဦး သေဆုံးကြောင်း CNDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ 

စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး စစ်တပ်ဘက်မှ ထုတ်ပြန်ခြင်းမရှိသလို Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ 

စစ်ကောင်စီတပ်က ခုခံမှုအားကောင်းသည့် နေရာများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်များ ဖျက်ဆီးနေ ရာ နေအိမ် ၁၁,၄၁၇ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု Data For Myanmar အဖွဲ့က မေ ၁ တွင် ထုတ်ပြန်ထားသည်။ 

အများဆုံး ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်းတွင် အိမ် ၇၅၀၃ လုံး၊ မကွေးတိုင်းတွင် ၂၁၃၁ လုံး၊ ချင်းပြည်နယ်တွင် ၁၁၄၇ လုံး မီးလောင်ထား သည်ဟု ဆိုသည်။

စစ်ကောင်စီကမူ ၎င်းတို့ မီးမရှို့ကြောင်း ငြင်းလေ့ရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူလူထုနစ်နာမှုကို အတတ်နိုင်ဆုံး ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်ပေးရေးအတွက် မူဝါဒချမှတ်ထားပြီးဖြစ်သည်ဟု ဧပြီ ၁၈ တွင် ပြောသည်။

“မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ပြည်သူတွေရဲ့အိုးအိမ်တွေကို ပြည်သူ့တော်လှန်ရေးအောင်မြင်ချိန်မှာ ပြန်လည်တည်ဆောက်ပေးမှာဖြစ်ပါတယ်လို့ က တိပေးလိုပါတယ်” ဟု သူက NUG အစိုးရဖွဲ့စည်းတည်ထောင်ခြင်း ၁ နှစ်ပြည့်အထိမ်းအမှတ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားသည်။ myanmar now

စစ်ကောင်စီက အကြောင်းရှာ ရန်ပြုမည်ကို စီးပွားရေးသမားများ စိုးရိမ်နေ 

နာမည်ကြီး လုပ်ငန်းရှင်ကြီးနှစ်ဦး ရှေ့ဆင့်နောက်ဆင့် ဖမ်းဆီးခံလိုက်ရပြီးနောက် အာဏာသိမ်းစစ်ကောင်စီက အကြောင်းမရှိအကြောင်းရှာ ရန် ပြုလာမည်ကို စီးပွားရေးသမားများ စိုးရိမ်နေကြသည်။

လွန်ခဲ့သော ငါးနှစ်ကျော်က စီမံကိန်းများကို အကြောင်းပြကာ ထိပ်သီးလုပ်ငန်းရှင် ဇေကမ္ဘာဦးခင်ရွှေနှင့် ဧဒင် ဦးချစ်ခိုင်ကို ပြီးခဲ့သည့် မတ်လနှင့် ဧပြီလအတွင်း စစ်ကောင်စီက ဖမ်းဆီးအရေးယူခဲ့သည်။  

ရန်ကုန်မြို့ရှိ စစ်တပ်ပိုင်မြေပေါ်တွင် အကောင်အထည်ဖော်နေသော ဟိုတယ်လုပ်ငန်းအတွက် ၂၀၁၄ ခုနှစ်ကတည်းက ပေါ်ပေါက်ခဲ့သော မြေ ငှားရမ်းခဆိုင်ရာ အငြင်းပွားမှုနှင့် ပတ်သက်၍ ဇေကမ္ဘာကုမ္ပဏီ ပိုင်ရှင် ဦးခင်ရွှေနှင့် သားဖြစ်သူကို မတ် ၂၃ တွင် စစ်ကောင်စီက ဖမ်းဆီး သည်။ 

ဧဒင်ကုမ္ပဏီအုပ်စုပိုင်ရှင်နှင့် ဘဏ်လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သူ ဦးချစ်ခိုင်နှင့် သားဖြစ်သူကို ယခင် အစိုးရလက်ထက်က စတင်ဆောင်ရွက်ခဲ့သော တီကျစ်ကျောက်မီးသွေးတွင်း စီမံကိန်းနှင့် ပတ်သက်၍ ဧပြီလကုန်ပိုင်းတွင် ဖမ်းဆီးအရေးယူထားသည်။ 

စစ်ကောင်စီက အချိန်မရွေးရန်ရှာမည်ကို မည်သူမဆို စိုးရိမ်နေရသည့် အခြေအနေတွင် နာမည်ကြီးစီးပွားရေးသမားများ ပို၍အန္တရာယ်ရှိသည်ဟု Myanmar Now က ဆက်သွယ်မေးမြန်းသည့် လုပ်ငန်းရှင်ငါးဦးက ဆိုသည်။

ခရိုနီကြီးများ တစ်ယောက်ပြီးတစ်ယောက် အဖမ်းခံရခြင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက် စီမံကိန်းအချို့နှင့် ပတ် သက် ၍ အဂတိလိုက်စားမှုရှိကြောင်း ပုံဖော်လိုခြင်းဖြစ်သည်ဟု ရန်ကုန်မြို့မှ အမည်မဖော်လိုသူ ကုန်သည်တစ်ဦးက ပြောသည်။

“နောက်ထပ် ခရိုနီတွေလည်း အဖမ်းခံရနိုင်တယ်။ ဘာလို့ အဖမ်းခံရနိုင်လဲဆိုတော့ ခရိုနီမှ မဟုတ်ဘူး၊ ကျွန်တော်တို့ သာမန်အလယ်အလတ်တန်းစား စီးပွားရေးလုပ်ငန်းရှင်တွေတောင်မှ အဲ့ဒီခေတ် အဲ့ဒီအခါက အစိုးရရဲ့ ပရောဂျက်တွေနဲ့ကင်းတယ်ဆိုတာ မရှိပါဘူး” ဟု ၎င်းက ပြော သည်။

ဧဒင်ဦးချစ်ခိုင်ကို စွဲဆိုထားသည့်အမှုတွင် NLD အစိုးရလက်ထက် သယံဇာတဝန်ကြီး ဦးအုန်းဝင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်၊ ဒုဝန်ကြီးဒေါက်တာထွန်းနိုင်တို့နှင့်အတူ သတ္တုတွင်းနှင့် လျှပ်စစ်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးများကိုလည်း အမှုတွဲထားသည်။ 

၎င်းတို့ကို ထောင် ၁၅ နှစ်အထိ ချနိုင်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မ ၅၅/ ၆၃ ဖြင့် စစ်ကောင်စီလက်အောက်ခံ အဂတိတိုက်ဖျက်ရေးကော်မရှင်က စွဲဆိုထားသည်။ 

“ဥပမာ ဒေါက်တာဇော်မြင့်မောင်ကို အမှုထပ်တပ်ချင်တယ်။ တပ်ဖို့အတွက်က အမှုက တည်ဆောက်ဖို့ ခက်လာပြီ။ ရှေ့မှာလည်း ငါးမှုခြောက်မှု တည်ဆောက်ပြီးပြီ။ ထပ်ပြီးတည်ဆောက်မယ်ဆိုရင် လူလိုလာပြီ။ တရားခံပြသက်သေလိုလာ၊ တရားလိုပြသက်သေလိုလာပြီ။ အဲ့လို သက် သေရဖို့ အမှုတည်ဆောက်ဖို့အတွက် ဒီသူဌေးတွေပဲ သုံးရတာလေ” ဟု အထက်ပါ ကုန်သည်က ဆိုသည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုဥက္ကဋ္ဌဖြစ်သူ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တို့ စွဲဆိုထားသည့် အမှုများတွင် စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်ကို စစ်ကောင်စီက သက်သေအဖြစ် အသုံးချထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာငါးသိန်း လာဘ်ပေးခဲ့ရသည်ဆိုသော မောင်ဝိတ်၏ ထွက်ဆိုချက်ကို စစ်ကောင်စီက နိုင်ငံပိုင်ရုပ်မြင်သံကြားမှနေ၍ အထူးတလည် ထုတ်လွှင့်ခဲ့သည်။ 

ထို့အတူ ဒေါက်တာဇော်မြင့်မောင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဆေးကုသွားစဉ် လာဘ်ငွေပေးရသည်ဟုလည်း ခေတ်အဆက်ဆက် အာဏာ ပိုင်များနှင့် ပူးကပ်လေ့ရှိသူ စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်က ထွက်ဆိုထားသည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက ကြီးလေးသောပုဒ်များနှင့် အဂတိပုဒ်မများအပါအဝင် အမှုပေါင်းများစွာ စွဲဆိုထားသည်။ 

စစ်ကောင်စီသည် မည်သူ့ကိုမဆို ဖမ်းဆီးထိန်းသိမ်းလိုသည့် ဆန္ဒရှိသည်ဟု ဦးချစ်ခိုင်နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြော သည်။

“တရားစွဲတာကတော့ စွဲပေါ့ဗျာ၊ သူတို့ရဲ့ အနေအထားအရ။ ဒါပေမဲ့ အာမခံပေးလို့ရရင်တော့ ပေးရမှာပေါ့။ ဒါပေမယ့် သူတို့က လက်ရှိ မစဉ်းစားဘူးလေ။ လက်ရှိအနေအထားအရ အကုန်လုံးကို ထိန်းသိမ်းထားဖို့ရည်ရွယ်တာဆိုတော့လေ” ဟု ၎င်းက ဆိုသည်။

ဦးခင်ရွှေသားအဖအမှုတွင်လည်း အာမခံပေးလိုက ပေးနိုင်သော်လည်း စစ်ကောင်စီက မပေးကြောင်း သူက ထောက်ပြသည်။ ထိုသားအဖကို စွဲဆိုထားသည့်အမှုမှာမူ NLD အစိုးရနှင့် ဆက်နွှယ်မှု မရှိပေ။ 

စစ်တပ်တည်ထောင်ထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်ခဲ့သည့် ဦးခင်ရွှေသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းနှင့် ခမည်းခမက်တော်စပ်သူလည်းဖြစ်သည်။ 

နာမည်ကြီးလုပ်ငန်းရှင်များကို ဖမ်းဆီးခြင်းသည် တော်လှန်ရေးအင်အားစုများကို တိုးတိုးတိတ်တိတ် ထောက်ပံ့သည့် စီးပွားရေးသမားများကိုပါ အကြောက်တရားသွင်းခြင်းဖြစ်ကြောင်း မန္တလေးမြို့မှ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“သူတို့(စစ်ကောင်စီ) ကြောက်တာ ခရိုနီကြီးတွေ ဟိုဘက်ထဲပါသွားမှာ ကြောက်သွားတာဖြစ်မယ်။ တကယ်လည်းဖြစ်ရင်ဖြစ်မယ်။ မဖြစ်ဘဲနဲ့ အဖမ်းပြပြီး ကောလာဟလတွေ ငါတို့အကုန်သိတယ်၊ မင်းတို့မလှူနဲ့ အဲ့ဒါမျိုးကို ပိတ်ချင်လို့ဖြစ်မယ်” ဟု ၎င်းက ဆိုသည်။

ထိပ်သီးလုပ်ငန်းရှင်အများစုသည် စစ်အစိုးရခေတ်တွင် ချမ်းသာခဲ့ကြသူများဖြစ်ရာ စစ်ကောင်စီက ကျေးဇူးရှင်အဖြစ်ခံယူကာ ထင်ရာစိုင်းခြင်းဖြစ်သည်ဟုလည်း တရုတ် – မြန်မာနယ်စပ်ရှိ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ 

“စစ်အစိုးရ လုပ်ပေးခဲ့လို့ ချမ်းသာတယ်ထင်တာ။ ငါတို့လုပ်ပေးခဲ့လို့ မင်းတို့တွေ ချမ်းသာခဲ့တာပေါ့။ အဲဒီလို သဘောမျိုး။ အခုလည်း ငါတို့လိုချင်တာ မှန်သမျှ မင်းတို့ပေးရမယ် ဆိုတဲ့ပုံစံချိုးတာပဲ” ဟု ၎င်းက ဆိုသည်။

ကြားညပ်နေသည့် စီးပွားရေးသမားများ

စီးပွားရေးသမားများသည် တက်လာသမျှ အစိုးရတိုင်းနှင့် တည့်အောင်ပေါင်းကြသော်လည်း လက်ရှိတွင် စစ်ကောင်စီက အပြည့်အဝမထိန်းချုပ်နိုင်သောကြောင့် တော်လှန်ရေးအင်အားစုများ၏ ဖိအားပေးမှုကိုလည်း သတိထားဆင်ခြင်နေရသည်။

“ကျင်းထဲကျပ်ထဲမှာ ရောက်နေတယ်။ မလုပ်တော့ဘူးလို့ ပြောရင်လည်း ပြဿနာတက်နိုင်တယ်။ လုပ်မယ်လုပ်တော့လည်း (စစ်ကောင်စီနဲ့) ပေါင်းလုပ်တာလားလို့ ဖြစ်ပြန်တယ်။ လက်ရှိကျွန်တော်တို့ စီးပွားရေးသမားတွေ ရင်ဆိုင်ရတဲ့ ပြဿနာပဲ” ဟု ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ 

စစ်ကောင်စီက လုပ်ငန်းရှင်တစ်ဦးကို ဆွေးနွေးပွဲဖိတ်လျှင် မဖြစ်မနေသွားရမည်ဖြစ်ပြီး မသွားလျှင် ၎င်းကိုယ်တိုင်အပြင် မိသားစုဝင်များကိုပါ အန္တရာယ်ပြုခံရနိုင်ကြောင်း ထိုကုန်သည်က ဆက်ပြောသည်။

“ဖမ်းလို့ရှိရင် အစုလိုက်အပြုံလိုက်ဖမ်းတယ်။ သတ်လို့ရှိရင် အစုလိုက် အပြုံလိုက်သတ်တယ်ဆိုတဲ့ ခေတ်ကိုး။ အဲ့တော့ ဘယ်လိုမှ မရှောင်တိမ်းနိုင်ဘူး။ မငြင်းဆန်နိုင်ဘူး။ ဒါကတော့ ကိုယ်ဘက်ကိုယ်ရပ်ပြီး ပြောတဲ့စကားမဟုတ်ဘူး။ မြို့ကြီးပြကြီးတွေမှာ နေတဲ့သူတွေသည် တကယ်ကို ထွက်ပေါက်ပိတ်တယ်” ဟု ၎င်းက ဆိုသည်။

အခြားတဖက်တွင် စစ်ကောင်စီနှင့်ပေါင်းသည်ဆိုကာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် ပြည်သူလူ ထုက သပိတ်မှောက်ခြင်း၊ လူမှုရေးပစ်ဒဏ်ခတ်ခြင်း၊ အမည်ပျက်သွင်းခြင်း၊ နိုင်ငံတကာက ပိတ်ဆို့အရေးယူခြင်းများ ကြုံတွေ့ရနိုင်သည်။

ထို့အပြင် ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့က ၎င်းတို့၏ လုပ်ငန်းများကို သတိပေးတိုက်ခိုက်မှုများလည်း ရှိပြီး လက်ရှိအဖမ်းခံရသည့် ဦးချစ်ခိုင်၏ Denko ဆီဆိုင်လည်း တိုက်ခိုက်ခံရဖူးသည်။

စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းပေးနေသည်ဟုဆိုကာ ကုမ္ပဏီခြောက်ခုကို NUG အစိုးရက ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်နှင့် မတ် လဆန်းတွင် အမည်ပျက်စာရင်းသွင်းခဲ့ရာ ကုမ္ပဏီများ အကြောက်အကန်ငြင်းဆန်ကြသည်။

ဦးထွန်းမြင့်နိုင်၏ Yangon Aerodrome ကုမ္ပဏီ၊ Puma ကုမ္ပဏီခွဲ Asia Sun Energy၊ ဒေါက်တာဝင်းမြင့်၏  မြတ်မေတ္တာမွန်၊ CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး၏ Golden Myanmar Airlines၊ တယ်လီနောပိုင်ရှင်သစ် ဦးသိန်းဝင်းဇော်၏ ရွှေဗျိုင်းဖြူနှင့် ကမ္ဘောဇလုပ်ငန်းစုပိုင်ရှင် ဦးအောင်ကိုဝင်း၏ Brighter Energy ကုမ္ပဏီတို့သည် စစ်ကောင်စီ၏ လေကြောင်းအသုံးပြု စစ်ရာဇဝတ်မှု ကျူးလွန်ရာတွင် လေ ယာဉ်ဆီတင်သွင်းကာ ပါဝင်ကူညီပေးနေကြောင်း NUG က ဆိုသည်။ 

ထိုပြင် စီးပွားရေးဟန်ပြလုပ်၍ စစ်အုပ်စုအတွက် လက်နက်ဝယ်ယူပေးနေသည်ဟုဆိုကာ ဦးတေဇ၊ ဦးဂျော်နသန်မျိုးကျော်သောင်း၊ ဒေါက် တာအောင်မိုးမြင့် အပါအဝင် စီးပွားရေးလုပ်ငန်းရှင် ၉ ဦးနှင့် ၎င်းတို့ပိုင် ကုမ္ပဏီများကို ဇန်နဝါရီလအတွင်း တွင် NUG အစိုးရက အမည်ပျက်စာရင်းသွင်းခဲ့သည်။

ထိုသို့ အမည်ပျက်စာရင်းသွင်းခံထားရသည့် စီးပွားရေးလုပ်ငန်းများ၊ ၎င်းတို့ပိုင် ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ကိုင်ခြင်း၊ ရောင်းဝယ် ဖောက် ကားခြင်း၊ ငွေပေးငွေယူခြင်းများ မပြုလုပ်ရန် NUG က သတိပေးတားမြစ်သည်။​

အာဏာသိမ်းပြီးနောက် စစ်တပ်နှင့် ဆက်နွှယ်သည်ဆိုကာ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်အချို့ကို အမေရိကန်နှင့် ဗြိတိန်တို့ကလည်း ဒဏ်ခတ်အရေးယူထားသည်။ 

နာမည်ကြီး လုပ်ငန်းရှင်ကြီး အများစုမှာ အာဏာသိမ်းပြီးကတည်းက တိတ်ဆိတ်နေသည်။ အာဏာသိမ်းပြီးရက်ပိုင်းအတွင်း စစ်ခေါင်းဆောင်က လုပ်ငန်းရှင်ကြီးများကို နေပြည်တော်သို့ ခေါ်ယူတွေ့ဆုံခဲ့သည်။ ထို့နောက်ပိုင်း မည်သည့်လှုပ်ရှားမှုမျှ ကြားသိရခြင်း မရှိတော့ပေ။

အာဏာသိမ်းခေါင်းဆောင်၏ ရန်ကုန်ခရီးစဉ်တစ်ခုတွင် နာမည်ကြီးလုပ်ငန်းရှင်တစ်ဦးဖြစ်သော ဦးဇော်ဇော်က ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အနေ ဖြင့် ကြိုဆိုဧည့်ခံရသည်ကို တွေ့ရသည်။ 

ထို့နောက်ပိုင်းတွင် ဦးဇော်ဇော်အပါအဝင် အခြားနာမည်ကြီး လုပ်ငန်းရှင်များနှင့် စစ်ကောင်စီကြား မည်သို့သော ဆက်ဆံရေးရှိသည်ကို မသိရပေ။ 

စစ်ကောင်စီက လုပ်ငန်းရှင်များကိုပါ ပစ်မှတ်ထားလာခြင်းမှာ  တစ်တိုင်းပြည်လုံးဖျက်ဆီးသည့်လုပ်ရပ်ဖြစ်ကြောင်း လုပ်ငန်းရှင်တစ်ဦးက ဆို သည်။ myanmar now

တနင်္သာရီတိုင်းအတွင်း ဆက်တိုက်ဖြစ်ပေါ်နေသော တရားမဲ့သတ်ဖြတ်မှုများ

ပြင်းပြင်းထန်ထန် ရိုက်နှက်နှိပ်စက်ထားမှုကြောင့် ခန္ဓာကိုယ်အနှံ့တွင် ညိုမဲစွဲဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာ၊ သေနတ်ဒဏ်ရာများနှင့် ရုပ်အလောင်း လက်ထိပ်ခတ်ခံထားရသည်။

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်တွင် စစ်တပ်က ဖမ်းဆီးသွားသူကို တစ်ရက်အကြာတွင် မျက်စိပွင့်လျက်အနေအထားဖြင့် အသက်မရှိတော့သော ရုပ်အလောင်းအဖြစ်သာ ဥယျာဉ်ခြံတစ်နေရာတွင် ပြန်တွေ့ခဲ့ရသည်။

သတ်ဖြတ်ခံရသူမှာ ဒေါက်တာလင်းမောင်  (ခေါ်)  ဦးလင်းမောင်ဖြစ်ပြီး ၂၀၂၂  ဧပြီ ၁ ရက်နေ့က တောင်ပျောက်တိုက်နယ် အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က ပြောသည်။ 

“လက်ထိပ်လည်း ခတ်ထားတယ်။ ပြီးရင်ကြိုးနဲ့လည်း ချည်ထားတယ်” ဟု ထိုအဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့်  ရဲဘော်ကျောက်ခဲက ဆိုသည်။

ဦးလင်းမောင်မှာ ၁၉၈၈ လူထုအုံကြွမှုကာလကတည်းက စစ်အာဏာရှင် ဆန့်ကျင်ရေးတွင် ကျောင်းသားတပ်မတော် (ABSDF)  ၏ ဆေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ကျောက်အိုင်ရွာတွင် ဥယျာဉ်ခြံလုပ်ကိုင်စဉ် ကျေးရွာများတွင် ဆေးကုသပေးနေသူ တောင်ပျောက်တိုက်နယ်ဇာတိ ၅၆ နှစ်အရွယ်  ဦးလင်းမောင် သေဆုံးမှုမှာ တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ် တရားမဲ့ သတ်ဖြတ်မှုများထဲမှ သာဓကတစ်ခုဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

ထိုဖြစ်ရပ်များကို မှတ်တမ်းတင်နေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ကလည်း စစ်ကောင်စီတပ်လက်ချက်ကြောင့် သေဆုံးသူ ၁၈၀၃ ဦးထက်မနည်း ရှိနေပြီဖြစ်သည်ဟု ဧပြီ ၂၉ တွင် ထုတ်ပြန်ကြေညာထားသည်။ 

တရားမဲ့သတ်ဖြတ်မှုများ  

ဧပြီ ၁၇ တွင် သရက်ချောင်းမြို့နယ်၊ ကမြိုင်ရွာအနီး စစ်တပ်မော်တော်ယာဉ် ၃ စီး မိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု ဆိုကာ ဒေသခံ ၇ ဦးကို ဖမ်းဆီးသွားကြောင်း၊ ထိုအထဲမှ ၂ ဦးကို စစ်တပ်က အလောင်းဖျောက် မီးရှို့သတ်လိုက်ကြောင်း ဒေသခံများက ဆိုသည်။

မီးရှို့အသတ်ခံရသူနှစ်ဦးမှာ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာရှိ ဦးတင်လတ် ရော်ဘာခြံတွင် အလုပ်လာလုပ်နေသည့် မွန်ပြည်နယ်၊ ကျိုက္ခမီမြို့၊ ရန်အောင်မြေရပ်ကွက်မှ အသက် ၃၄ နှစ်ခန့်ရှိ အလုပ်သမား ကိုကျော်သူစိုးနှင့် သရက်ချောင်းဇာတိ ပိတောက်ငယ်ရွာမှ ကိုဝင်းကျော် တို့ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

ကိုဝင်းကျော်မှာ မိဘများကိုကန်တော့ရန် ညီမဖြစ်သူကို သွားကြိုရာ ရငဲရွာအထွက် တိုက်ပွဲဖြစ်ပွားသည့်နေရာအနီး အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး စစ်တပ်က  သတ်ဖြတ်နှင့် အလောင်းဖျောက် မီးရှို့ကြောင်း ဒေသခံအချို့က ပြောသည်။

“ဖမ်းတာက ၄၀၅ တပ်ရင်းက တံတားမှာစောင့်နေတဲ့ အဖွဲ့တွေပဲ၊ မီးရှို့တာက အပေါ်က ဆင်းလာတဲ့ တပ်ရင်းလို့ ပြောတယ်၊ ၁၀၄ တပ်ရင်းလား ၁၀၃ တပ်ရင်းလားမသိဘူး” ဟု ဒေသခံရွာသားတစ်ဦးက ဆိုသည်။

ယင်းသို့ပင် သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာတွင် ဧပြီလ ၂၂ ရက် ည ၆ နာရီ ၄၅ မိနစ်ခန့်က ညောင်ဇင်ရွာဘက်မှ ဆိုင်ကယ်စီးလာသည့် အသက် ၃၀ ခန့်ရှိ ကိုစိုင်းမောင်ဆိုသည့် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က နောက်မှကားဖြင့် လိုက်လာပြီး ပစ်သတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ကားပေါ်တွင်ပါလာသည့် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဦးခေါင်း သွေးယိုစီးနေသည်ကိုတွေ့ရကြောင်း ဒေသခံအမျိုးသားက ပြောသည်။

ကားဟွန်းတီးသံ ကြားရပြီးသည်နှင့် တပြိုင်နက်   ပစ်ခတ်ခံရသည့် ကိုစိုင်းမောင် သေဆုံးပြီးသည့်နောက် စစ်ကောင်စီတပ်က လူမှားပြီးပစ်မိသည်ဟု ပြောဆိုကြောင်း ၎င်းက ပြောသည်။

ဧပြီ ၂၃  နေ့လယ် ၁၁ နာရီတွင် ကိုစိုင်းမောင် အလောင်းကို စစ်ကောင်စီတပ်က ပြန်လာပို့ပေးခဲ့ကြောင်း ၎င်းက ပြောသည်။

အလားတူ သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာတွင် ဧပြီ ၂၂  နံနက် ၄ နာရီခန့်က ဦးသိန်းယားဆိုသူ  ကို စစ်တပ်ကပစ်သတ်ခဲ့ကြောင်း ဒေသခံအချို့က‌ ပြောသည်။

အသက် ၄၀ ခန့်ရှိ ဦးသိန်းယားမှာ  အရက်မူးလာလျှင် အော်ဆဲနေတတ်သူဖြစ်သည်ဟု စော်ဖျားကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးထံမှ သိရသည်။

ဦးသိန်းယား၏ အလောင်းကို စစ်တပ်က ယင်းနေ့နံနက်တွင်ပင် သယ်ဆောင်သွားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဆယ်ကျော်သက်များ ပစ်သတ်ခံရခြင်း

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာတွင် ပန်းရံလုပ်နေသည့်  ၁၆ နှစ်အရွယ် မောင်ခန့်ဇင်ထွေး၊ ၁၇ နှစ်အရွယ် မောင်ရဲဇော်ထိုက်နှင့် ၁၈ နှစ်အရွယ် မောင်အောင်သက်ဖြိုးတို့ကို ယခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သေးသည်။

ကင်းရှေ့ရွာမှာ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာဖြစ်ပြီး ထားဝယ်မြို့နှင့် ၁၂ မိုင်ခန့်အကွာတွင် တည်ရှိသည်။

ယင်းနေ့နံနက် ၉ နာရီခန့်က စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ သရက်ချောင်းမြို့နယ် စော်ဖျားရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆေးဖြတ်ကုန်းရွာနှင့် ကင်းရှေ့ရွာကြား ကင်းရှေ့ရွာထိပ်တွင် စစ်ကူလာသည့် စစ်ကောင်စီတပ်ကား ၃ စီး ထပ်မံမိုင်းဆွဲခံခဲ့ရသည်။

မိုင်းထိသည့် စစ်ကောင်စီတပ်ဖွဲ့ ကင်းရှေ့ရွာထဲသို့ ပစ်ခတ်ဝင်‌‌ရောက်လာမှုကြောင့် ပန်းရံလုပ်ကွက်တွင် လုပ်နေသည့်အလုပ်သမား ၁၁ ဦး ထွက်ပြေးကြကြောင်း၊ လယ်ကွင်းထဲအထိ လိုက်လံ ပစ်ခတ်သဖြင့် အလုပ်သမား ၃ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထွက်ပြေးလွတ်မြောက်ခဲ့သည့် အလုပ်သမားတစ်ဦးက ပြောသည်။

“သုံးယောက်ကတော့ အနီးကပ်အပစ်ခံရတယ်၊ အဝေးကနေ လှမ်းပစ်ပြီး မသေသေးလို့ သေနတ်ဒင်နဲ့ ဆောင့်ပြီးမှ အနီးကပ် ပြန်ပြီးပစ်သတ်တာ။ ခန့်ဇင်ထွေးလည်း တင်ပါးမှာ ထိတာကို မသေသေးလို့ သေနတ်ဒင်နဲ့ထောင်းတာမှာ ဦးနှောက်တွေ ထွက်ကုန်တယ်၊ ပြီးမှ သေနတ်နဲ့ ထပ်ပစ်တာ” ဟု၎င်းကဆိုသည်။

၁၆ နှစ်အရွယ် မောင်ခန့်ဇင်ထွေးမှာ သာမဏေလူထွက်ပြီး တစ်ရက် ၆၀၀၀ ကျပ်ဖြင့် ပန်းရံဝင်လုပ်နေသည်မှာ တစ်လကျော်သာ ရှိသေးသည်ဟု သိရသည်။

မောင်အောင်သက်ဖြိုးနှင့် ရဲဇော်ထိုက်တို့မှာလည်း ဆယ်တန်းကျောင်းသားများဖြစ်ပြီး ပန်းရံဝင်လုပ်နေခြင်းဖြစ်သည်ဟု ၎င်းတို့၏ မိသားစုဝင်များက ပြောသည်။

ယင်းအပြင်ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ၊ လှည်းတန်းရပ်ကွက်၊ ရတနာလမ်းတွင် စစ်ကောင်စီတပ်နှင့် ပက်ပင်းတိုးသည့် အသက် ၂၀ ဝန်း ကျင်လူငယ်နှစ်ဦးမှာလည်း စစ်ဆေးမခံဘဲ ဆိုင်ကယ်မောင်းပြေးရာ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကိုခံခဲ့ရပြီး အသက် ၁၉ နှစ်အရွယ် ကိုဟိန်းဟိန်း သေဆုံးကာ အဖော်လိုက်ပါလာသူမှာလည်း ဒဏ်ရာရရှိခဲ့သည့် ဖြစ်ရပ် ဧပြီလ ၄ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သေးသည်။ 

တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်များက   စစ်ဘေးရှောင်များကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် ခေါ်ဆောင်ခြင်း၊ ထွက်ပြေးသူများကို ပစ် ခတ်သတ်ဖြတ်ခြင်း၊ ရွားများကို ဝင်ရောက်ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများလုယက်ယူဆောင်ခြင်းတို့ ဆက်တိုက်လုပ်ဆောင်နေ သည်ဟု ဒေသခံတို့က ဆိုသည်။

ဧပြီလ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် ဝင်းကဖော်ကျေးရွာမှ နေအိမ် ၁၀ လုံး၊ ကျောက်အိုင် ကျေးရွာမှ နေအိမ် ၂ လုံး ၊ တဲတစ်လုံး၊ မယ်ကဲကျေး ရွာမှ နေအိမ် ၂ လုံး စုစုပေါင်း နေအိမ် ၁၅ လုံးခန့်ကို စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့ပြီး ဆိုင်ကယ် ၁၄ စီး၊ ကား၁ စီး၊ စပါးကျီ ၁ ခု၊ ငွေသား သိန်း ၂၀၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့က‌ဆိုသည်။

တနင်္သာရီတိုင်းတွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်မှာ သရက်ချောင်းမြို့နယ်အခြေစိုက် ခ.မ.ရ ၄၀၃၊ ၄၀၄၊ ၄၀၅ ခြေမြန်တပ်ရင်းများနှင့် ထားဝယ်အခြေစိုက် ခ.လ.ရ ၂၅ တပ်ရင်းတို့ဖြစ်သည်ဟု သိရကြောင်း ရဲဘော်ကျောက်ခဲက ဆိုသည်။

ဒေသခံတို့အတွက် လုံခြုံမှု

ပြည်သူများအပေါ် ဖိနှိပ်မှု၊ သတ်ဖြတ်မှု၊ နေအိမ်များ မီးရှို့ဖျက်ဆီးမှုတို့ကို စစ်ကောင်စီက စစ်ရေးဗျူဟာအရ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက မတ် ၁၆ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ထိုသို့ လုပ်ဆောင်ခြင်းမှာ လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုနှင့် စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု မြောက်သည်ဟု ကောက် ချက်ချနိုင်ကြောင်း ၎င်းက ဆိုသည်။

မတ် ၂၁ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးအရာရှိ Tom Andrews က လူ့အခွင့်အရေးကောင်စီတွင် တင်သွင်းခဲ့သည့် မြန်မာနိုင်ငံအကြောင်း အစီရင်ခံစာတွင်လည်း စစ်ကောင်စီ၏ လုပ်ရပ်များမှာ  လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ကျူးလွန်သည့်ရာဇဝတ်မှု နှင့် စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုမြောက်သည်ဟု ပြောဆိုထားသည်။ 

စစ်ကောင်စီကမူ Tom Andrews သည်  “၎င်း၏လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခဲ့”သည်ဟု  တုံ့ပြန်ခဲ့သည်။

“အထူးအစီရင်ခံစာ တင်သွင်းသူ၏ ဆန်းစစ်လေ့လာမှုများသည် မျှတမှုမရှိ ဘက်လိုက်မှုရှိကြောင်း ထင်ရှားစွာ တွေ့ရသည်” ဟု ဧပြီ ၄ ရက်နေ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်စောင်တွင်  ဖော်ပြသည့်နည်းနှင့် တုံ့ပြန်လိုက်သည်။ 

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် မြန်မာလူ့အခွင့်အရေး အခြေအနေကို နာရီပေါင်းများစွာ အချိန်ဖြုန်း ဆွေးနွေးကြခြင်းမှာ  နိုင်ငံရေးအရ ဖိအားပေးလိုသည့် ဆောင်ရွက်ချက်သာ ဖြစ်သည်ဟုလည်း ထိုထုတ်ပြန်ချက်က ဆိုသည်။

နိုင်ငံတကာက မည်မျှပင် စောင့်ကြည့်ထောက်ပြလင့်ကစား မြန်မာပြည်တောင်ပိုင်းမှ  ဒေါက်တာလင်းမောင်ကဲ့သို့ လူမဆန်စွာ နှိပ်စက်သတ် ဖြတ်ခံရမှုများက ဆက်လက်ရှိနေဆဲဖြစ်သည်။ 

ဤအခြေအနေတွင် သရက်ချောင်းမြို့နယ်၊ အလယ်စုရွာမှ တိုက်ပွဲရှောင်ခဲ့ရသည့် ဒေသခံအမျိုးသမီးတစ်ဦးက   ပြည်သူ အများအပြားမှာ ခိုကိုးရာမဲ့ပြီး လုံခြုံမှုကင်းမဲ့သည့် အခြေအနေနှင့် ရင်ဆိုင်နေကြရသည်ဟု ပြောသည်။

“ကျွန်မတို့လည်း စဉ်းစားနေတာပဲ၊ ဘယ်မှာနေရင်ကောင်းမလဲလို့၊ ဘယ်နားမှလဲ နေလို့မလုံခြုံတော့ဘူး” ဟု ထိုအမျိုးသမီးက ပြောလိုက်သည်။  myanmar now

ပုလောမြို့နယ်တွင် စစ်တပ် ရမ်းသန်းတုံ့ပြန်၍ ပြည်သူထိခိုက်ဟု PDF ပြော

မြန်မာနိုင်ငံတောင်ပိုင်း လမ်းပန်းဆက်သွယ်ရေး အချက်အခြာကျပြီး ပင်လယ်ကမ်းခြေရှိသည့် ပုလောမြို့နယ်အတွင်း အာဏာသိမ်းပြီးနောက် ခုခံမှုများမြင့်နေရာ စစ်တပ်၏ ရမ်းသန်းတုံ့ပြန်မှုကြောင့် ပြည်သူ ထိခိုက်နေသည်ဟု ဒေသကာကွယ်ရေးအဖွဲ့ဘက်က ပြောသည်။

တနင်္သာရီတိုင်း၊ ပုလောမြို့မြောက်ဘက် ၆ မိုင်အကွာတွင် ယမန်နေ့ (ဧပြီ ၂၈) ညနေ ၄ နာရီဝန်းကျင်က စစ်ကားနှစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးကြောင်း ပုလော PDF က ဆိုသည်။

သို့သော်လည်း ထိုနေရာအနီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူ ၃ ဦးသေ၊ ၁၈ ဦး ဒဏ်ရာရသည်ဟု  ပုလော PDF တာဝန်ရှိသူက ပြောသည်။

PDF၏  အထက်ပါ ပြောဆိုချက်များနှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။ 

စစ်ကောင်စီကို ထောက်ခံချက်များ ရေးသားလေ့ရှိသည့် Facebook စာမျက်နှာအချို့တွင်မူ ခရီးသည်ကို ပစ်ခတ်သည်မှာ  PDF လက်ချက်ဟု စွပ်စွဲထားသည်။

PDF ကမူ  ခရီးသည်တင်ယာဉ် ၂ စီး ဖြတ်သန်းသွားကြောင်း၊ နောက်ကားထဲတွင် အရပ်ဝတ်ဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရှေ့ကားကို ပစ်ရာမှ ခရီးသည်တို့ ထိခိုက်ခြင်းဖြစ်သည်ဟု PDF ဘက်ကဆိုသည်။

“တိုက်ပွဲမဖြစ်ဘူး။​ ကျွန်တော်တို့က မိုင်းပဲဆွဲတာ။ သေနတ်နဲ့မပစ်ဘူး။ အခုခရီးသည်တင်ကားက ကျည်ဆန်နဲ့ အပစ်ခံရတာ”ဟု ပုလော PDF တာဝန်ရှိသူက ဆိုသည်။

ပစ်ခတ်မှုကြောင့် ရန်ကုန်မှ ၂ ဦး၊ ပုလောမှ ၁ ဦးသေဆုံးကာ ဒဏ်ရာရရှိသူများကို ပုလောမြို့ ဆေးရုံတွင် ကုသနေကာ ၅ ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိသည်ဟု ထိုသူက ဆိုသည်။

ပုလောမြို့သည် ၁၉၈၈ ခုနှစ်အရေးတော်ပုံကာလနောက်ပိုင်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) လှုပ်ရှားနယ်မြေဖြစ်သည်။

၁၉၉၀ ပြည့်နှစ်ဝန်းကျင်အထိ လုံခြုံရေးစိုးရိမ်ရသည့် ဒေသ၊ အညိုရောင်နယ်မြေ စစ်တပ်က သတ်မှတ်ဖူးသည်ဟု ဒေသခံအချို့ထံမှသိရသည်။

ပုလောမြို့အရှေ့ပိုင်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ ထိန်းချုပ်နယ်မြေများအတွင်း အကျုံးဝင်နေဆဲဖြစ်သည်။

လွန်ခဲ့သည့် တစ်နှစ်ကျော်က အာဏာသိမ်းပြီးနောက်တွင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံနေကြရာ ပုလောမြို့တွင်လည်း PDF တို့၏ လှုပ်ရှားမှုများရှိနေသည်။

စစ်တပ်တည်ထောင်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပုလောမြို့နယ် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့ကို PDFက ဧပြီ ၁၄ တွင်  ပစ်ခတ်ခဲ့သည်။

အမှတ် ၂၈၅ ခြေလျင်တပ်ရင်း အနီး၊ ၅ရပ်ကွက် တောင်းဝိုင်းကွေ့တွင် ဆိုင်ကယ် စီးလာသည့် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးအောင်နေဇာလင်းမှာ အပစ်ခံရပြီး  သေဆုံးသွားသည်။ 

ဦးအောင်နေဇာလင်းမှာ   ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီး လွှတ်တော်အမှတ်(၁) နေရာအတွက် ဝင်ပြိုင်သော်လည်း အနိုင်မရခဲ့သူဖြစ်သည်။

ထို့အတူ စစ်ကောင်စီက ပုလောမြို့တော်ဝန်အဖြစ် ခန့်ထားသည့် ပုလောမြို့နယ် ပါတီ အတွင်းရေးမှူး ဦးဇာနည်အောင်သည်  ဧပြီ ၂၃ တွင် အပစ်ခံရပြီး အကြီးအကျယ် ဒဏ်ရာရသွားသည်ဟု မြို့ခံအချို့ထံမှ စုံစမ်းသိရှိရသည်။

PDF ဘက်ကလည်း  ထိုနေ့ညနေပိုင်း  အမှတ်(၄)ရပ်ကွက် စိန်ပန်းနီလမ်းရှိ ဦးဝင်းလေး လက်ဖက်ရည်ဆိုင်၌ မိတ်ဆွေအချို့နှင့်အတူ ထိုင်နေသည့် ဦးဇာနည်အောင်ကို  အနီးကပ်ပစ်ခဲ့သည်ဟု ပြောသည်။

“သူတို့လက်ဖက်ရည်ဆိုင်ထိုင်နေတာ တွေ့တာနဲ့ ကျွန်တော်တို့လည်း ဝင်ထိုင်လိုက်တယ်။ သူတစ်ဝိုင်း၊ ကိုယ်တစ်ဝိုင်း စောင့်ကြည့်နေတာပေါ့။ အဲဒီမှာ ဇာနည်အောင်က ကျွန်တော်တို့ကို မှတ်မိသွားတယ်။ အဲဒီမှာ ရုတ်တရက် ထပစ်လိုက်တာ”ဟု ပုလော PDF တာဝန်ရှိသူက ဆိုသည်။

“ဇာနည်အောင်က နှစ်ချက်ထိတယ်။ သေနတ်က ဂျန့်ဖြစ်သွားတော့ တစ်ခါတည်းရှင်းဖို့ မရဘူး ဖြစ်သွားတယ်။ …မျက်လုံးထောင့်နဲ့ ပေါင်ဆုံအကြားမှာ ထိတယ်။ နားထင်နဲ့ မျက်လုံးထောင့်နားမှာ”ဟု ၎င်းက ဆက်ပြောသည်။

ဦးဇာနည်အောင်ကို ကနဦးတွင် မြိတ်မြို့ရှိ စစ်ဆေးရုံသို့ပို့ခဲ့သော်လည်း ဧပြီ ၂၅ တွင် ရန်ကုန်သို့ လွှဲပြောင်းခဲ့ကြောင်း၊  ပုလောမြို့ အမှတ် ၃ ရပ်ကွက် ကမ်းနားလမ်းတွင် နေထိုင်သည့် မိသားစုဝင်များပါ လိုက်ပါသွားသည်ဟု သိရကြောင်း မြိုခံအချို့က ဆိုသည်။

သက်တမ်းရင့် ပါတီဝင်ဖြစ်သော ဦးဇာနည်အောင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်း အမျိုးသား လွှတ်တော်အမှတ် ၁၀ အတွက် ဝင်ပြိုင်သော်လည်း ရှုံးနိမ့်ခဲ့သူဖြစ်သည်။

ကြံ့ခိုင်ရေးပါတီ ပစ်မှတ်များကို တိုက်ခိုက်ရခြင်းမှာ အာဏာသိမ်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရန် ကူညီဆောင်ရွက်နေခြင်း၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်နေသူများကို ဖမ်းဆီးစေခြင်း၊ ငွေညှစ်ခြင်းတို့ကြောင့်ဖြစ်သည်ဟု အထက်ပါ PDF သတင်းရင်းမြစ်က ပြောသည်။

ထိုဒေသအတွင်း ၎င်းတို့၏ လှုပ်ရှားမှုများကို အရှိန်မြှင့်ထားကြောင်း၊ ဧပြီ ၂၆  ည ၉ နာရီဝန်းကျင်ကလည်း မြိတ်မြို့မှလာသည့်  ၁၀ စီးပါ စစ်ကောင်စီယာဉ်တန်းကို ပုလောမြို့တောင်ဘက် နှစ်မိုင်ကျော်အကွာရှိ သင်္ကန်းတောရွာနှင့် ကဒဲရွာကြားတွင် မိုင်းဆွဲရာ ၃ စီး ပျက်စီးကြောင်း PDF ဘက်က ပြောသည်။

ထိုစဉ်ကလည်း မိုင်းဆွဲခံရသည့် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပတ်ဝန်းကျင်သို့ တညလုံးနီးပါး ပစ်ခတ်ခဲ့သေးသည်ဟု ပုလော PDF အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

၂၀၂၁ ခုနှစ်ဆန်းပိုင်းတွင် စစ်တပ်က တကျော့ပြန်အာဏာသိမ်းလိုက်ပြီးနောက် စီးပွားရေးကောင်းသည့် ပုလောမြို့တွင် အေးချမ်းမှုမရှိတော့ဘဲ အခက်အခဲများကြုံတွေ့လာရသည်ဟု မြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။

“အရပ်သားအစိုးရတုန်းကဆိုရင်တော့ တစ်နိုင်ငံလုံးနီးပါးလိုပဲ ပုလောမှာလည်း အေးအေးချမ်းချမ်းနေခဲ့ရတာ။ အလုပ်အကိုင်တွေကအစ အဆင်ပြေတယ်”ဟု ၎င်းက ပြောသည်။

မြို့ခံ အမျိုးသားတစ်ဦးကလည်း အလားတူ ပြောသည်။

“အရင်တုန်းကတော့ လူတန်းစေ့အဆင်ပြေတာပေ့ါ။ အရင်တုန်းက တိုက်ပွဲတွေတစ်ခါမှမဖြစ်ဘူးဗျ။ ကျွန်တော်အသက် ၂၇ နှစ်ရှိပြီ။ အာဏာ သိမ်းပြီးတော့ တိုက်ပွဲတွေဖြစ်နေတာ”ဟု သူက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပစ်ခတ်မှုများမရှိချိန်၌ပင် မြို့တောင်ဘက် ၂ မိုင်အကွာရှိ ကဒဲ ရွာအနီးတွင် စစ်ကောင်စီက ပိတ်ဆို့ စစ်ဆေးနေပြီး ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းခံထားရသည်ဟု သိရကြောင်း အထက်ပါ PDF တာဝန်ရှိသူက ဆိုသည်။

ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိသေးပေ။

အရပ်သားများကို ပစ်ခတ်သည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီက ငြင်းဆိုလေ့ရှိသည်။ စစ်သားများက အကြမ်းဖက် သမားကိုသာ ပစ်မှတ်ထားသည်ဟုလည်း တုံ့ပြန်လေ့ရှိသည်။

ပုလောမြို့နယ်တွင် မြိုပေါ်ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၇ စုရှိပြီး ၂၀၁၄ သန်းခေါင်းစာရင်းအရ လူဦးရေ တသိန်းခန့်နေထိုင်ကာ စိုက်ပျိုးရေးနှင့် ပင်လယ်လုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည်။

NLD ဝင်ပြိုင်သည့် ရွေးကောက်ပွဲတိုင်း ရာနှုန်းပြည့် အနိုင်ရလေ့ရှိသည့် မြို့နယ်ဖြစ်သည်။

 အာဏာသိမ်းပြီး နောက် ကြံ့ခိုင်ရေးပါတီဝင်များပင် မလုံခြုံတော့ကြောင်း၊  ကြံ့ခိုင်ရေး ထောက်ခံသူ အများစုမှာ မြို့ပေါ်မှ ကျေးရွာများသို့ ပြောင်း ရွှေ့နေထိုင်ကြပြီး အချို့မှာ အမှတ် ၂၅၈ ခြေလျင်တပ်ရင်းတွင် ခိုလှုံနေသည်ဟု သိရကြောင်း ဒေသခံအချို့က ပြောသည်။ 

“အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကျတော့ အလုပ်လည်း အဆင်မပြေတော့ဘူး။ တချို့တွေဆို မြို့ပေါ်မှာတောင် နေလို့မရတော့ဘူး။ အခုနောက် ပိုင်းဆို ပိုဆိုးလာတယ်။ စစ်ကောင်စီကလည်း ရမ်းတယ်”ဟု အထက်ပါ မြို့ခံ အမျိုးသမီးက မှတ်ချက်ပြုသည်။ myanmar now

အာဏာသိမ်းမှုကြောင့် အဖွဲ့အစည်းသိက္ခာ ပြို လဲသွားသော ရွံ့စရာ မြန်မာစစ်တပ်

မြန်မာပြည်သူများက တပ်မတော်ကို အပြင်းအထန် ပြစ်တင်ဝေဖန် နေခဲ့သည် မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့သော် ၂၀၂၁ ခုနှစ်အစောပိုင်း အာဏာသိမ်းမှုအပြီး၌ စစ်တပ်အပေါ် ပြည်သူများ၏ အမြင်တွင် အရေးကြီးသော အပြောင်းအလဲများ ဖြစ်ပေါ်လာသည်။

စစ်တပ်၏ လက်ရှိ ရက်စက်မှုများအကြောင်း အများပြည်သူအမြင်ကို စစ်တမ်းကောက်ယူမည်ဆိုပါက တပ်မတော်အပေါ် အရပ်သားများ၏ စိတ်ခံစားမှု အစစ်အမှန်ကို ထင်ဟပ်နိုင်ရေးအတွက် “ပြစ်တင်ဝေဖန်သည်” သို့မဟုတ် “မုန်းတီးသည်” ဟူသော စကားရပ်များထက် ကျော်လွန်သုံးစွဲရန် လိုအပ်သည်။

မြန်မာ့ဓလေ့ထုံးစံအရ “နှစ်သက်ခြင်း” မှသည် “မုန်းတီးခြင်း” အထိ စိတ်ခံစားမှု အဆင့်ဆင့်ကို ဖော်ပြသော စကားလုံး အများအပြား ရှိသည်။ သို့သော် စာဖတ်သူများကို ယခုအလေးထား တင်ပြမည့် မြန်မာစကားလုံး ၂ လုံးမှာမူ အဆိုပါ စိတ်ခံစားမှုအဆင့်များ၏ အပြင်ဘက်တွင် ရှိသည် သို့မဟုတ် ၎င်းအဆင့်များကို လုံးဝ ကျော်လွန်လျက်ရှိသည်။

တပ်မတော်၏ ရက်စက်သော လုပ်ရပ်များကြောင့် အထင်အမြင် သေးခံရပြီးသား အဖွဲ့အစည်းသည် ပို၍ ဆိုးဝါးစွာ အလွန်အမင်း အထင်အမြင် သေးခံရသော အဖွဲ့အဖြစ် ထိုးဆင်းသွားပုံကို ဤစကားလုံး ၂လုံးက ဖော်ပြနေသည်။

ပထမစကားလုံးမှာ လူတစ်ဦး သို့မဟုတ် အဖွဲ့တစ်ခုခုကို ရည်ညွန်းသည့် “ကြောက်စရာ” ဟူသော စကားလုံး ဖြစ်သည်။

တပ်မတော်သည် တိုင်းရင်းသား လူနည်းစုများ အဓိကနေထိုင်ရာ နယ်စပ်ဒေသအား ၁၉၆၂ ခုနှစ် ကတည်းက အကြောက်တရားဖြင့် အုပ်ချုပ်ခဲ့သလို ၁၉၈၈ လွန်ကာလများတွင်လည်း မြန်မာပြည်မ ဒေသအများအပြားကို အဆိုပါ အကြောက် တရားဖြင့်ပင် အုပ်ချုပ်ခဲ့သည်။

၁၉၉၁ ခုနှစ်က ရေးသားထုတ်ဝေခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ “အကြောက် တရားမှ လွတ်မြောက်ခြင်း” စာအုပ်၌ ထိုအကြောင်းကို ဖော်ပြခဲ့ပြီး တပ်မတော်၏ ဖိနှိပ်မှုကို ကြောက်ရွံ့ခြင်း မရှိရန် မြန်မာပြည်သူများအား သူကဆော်ဩခဲ့သည်။

ထို့အတူ အများပြည်သူအား ကြောက်စိတ် ရိုက်သွင်း၍ တည်ဆောက်ရယူ ထားသည့် အာဏာကို အနာဂတ်တွင် စွန့်လွှတ်ရမည့်အရေး ကြောက်လန့်ခြင်း မရှိရန် အကြောက်တရား လှုံ့ဆော်ရေးသမားများအတွက် တွေးခေါ်မှု လမ်း ကြောင်း ကိုလည်း သူကသင်ကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်အကြောင်းကို ကောင်းစွာ နားလည်သူဖြစ်သည်။ ၁၉၉၀ လွန်နှစ်များက နိုင်ငံရေး အကျဉ်းသားဖြစ်ခဲ့သော သူသည် ယခုတစ်ဖန် အကျဉ်းချထားခံနေရသည်။

ထိုသို့ ထပ်မံအကျဉ်းချ မခံရမီ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်အထိ ကြားကာလများ၌မူ ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်ကို ဆန့်ကျင်သော်လည်း ရံဖန် ရံခါ ပူးပေါင်းဆောင်ရွက်လေ့ရှိသည့် နိုင်ငံရေးပါတီတစ်ခုကို ဦးဆောင်သော ရွေးကောက်ခံ ကိုယ်စားလှယ်အဖြစ် ရပ်တည်ခဲ့သည်။

ယနေ့ တပ်မတော်၏ ပုံရိပ်ကို ဖော်ပြသော နောက်ထပ်စကားလုံးမှာ ” ရွံစရာ” ဖြစ်သည်။ ဤစကားလုံးသည် မုန်းတီးမှုကို ကျော်လွန်သွားသည့် ခံစားချက်ကို ရည်ညွှန်းသည်။ ၎င်းမှာ ကြောက်စိတ်မဟုတ်ဘဲ ရွံရှာခြင်း၊ အပြင်းအထန် မနှစ်မြို့ခြင်း အဓိပ္ပာယ်များကို ဖော်ညွှန်းသည်။

တစ်စုံတစ်ရာကို ရွံစရာအဖြစ် သတ်မှတ် လိုက်ပြီဆိုပါက မြန်မာတို့က ထိုတစ်စုံတစ်ရာ၏ တည်ရှိမှုကို လုံးဝ ရုစိုက်လေ့ မရှိတော့ပေ။ အဆိုပါ ရွံစရာ ဟူသော စကားလုံးသည် ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့တပ်မတော်၏ အခြေအနေကို ဖော်ပြနေသည်။

မြန်မာနိုင်ငံမှ ရရှိသော သတင်းများအရ အာဏာသိမ်းမှုကို ဆန့်ကျင်ပါက မိမိတို့၏ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ကောင်းစွာ သိရှိလျက်ပင် ဆန့်ကျင်နေကြခြင်းကို ကြည့်၍ သိရှိနိုင်သည်။

လူတစ်ဦး၊ အဖွဲ့တစ်ခု၊ အကြောင်းအရာ တစ်ခုခုသည် အဆိုပါ ရွံစရာအဆင့်သို့ ကျဆင်းသွားပါက မြန်မာတို့က အဆိုပါ လူ/အဖွဲ့/အကြောင်းအရာကို နှစ်သက်သလား သို့မဟုတ် မုန်းတီးသလား အရေးတယူ ဆက်လက် စဉ်းစားခြင်း မရှိတော့ပေ။

ရွံစရာဆိုသည်ကို လုံးဝတန်ဖိုး မထားတော့သော အဖိုးမဲ့ပစ္စည်းအဖြစ် စွန့်ပစ်လိုက် ကြသည်။ လူတို့က ရွံစရာကို မိမိတို့၏ မှတ်ဉာဏ်ထဲမှ ဖျောက်ဖျက်ပစ်ရန် ကြိုးပမ်းကြသည်။

ရွံစရာအဖွဲ့ တစ်ခုတွင် လေးစားစရာကျင့်ဝတ်၊ စာရိတ္တများ မရှိတော့ဘဲ သဘာဝလောက သို့မဟုတ် လူသားကမ္ဘာအတွက် တန်ဖိုးများ ကင်းမဲ့နေသည်။ ရွံစရာအဖြစ် သတ်မှတ်ထားသူတစ်ဦးအား မြန်မာတို့က လောက်ကောင်အပြည့်နှင့် မစင်ပုပ်ထက် အဆတစ်ထောင် ပိုဆိုးသည်ဟု မြင်သာအောင် ခိုင်းနှိုင်း ပြောဆိုလေ့ရှိကြသည်။

တပ်မတော်အား ကြောက်စရာအဖြစ်မှ ရွံစရာအဖြစ် အမြင် ပြောင်းလဲသွားခြင်းမှာ မည်သို့အရေးပါနေသနည်း။ အဖွဲ့တစ်ခုခုကို ကြောက်စရာအဖြစ် ယူဆပါက ၎င်းအဖွဲ့တွင် တရားမမျှတမှုများ၊ မနှစ်သက်စရာများ ရှိနေလင့်ကစား အဖွဲ့အတွင်း၌ ကိန်းနေသည့် တန်ဖိုးတစ်ခုခု ရှိနေသေးသည်ဟု မြန်မာတို့က မှတ် ယူနေဆဲ ဖြစ်သည်။

တပ်မတော်က ကြောက်စိတ်ကို ထုတ်လုပ်သည့်အခါ ၎င်းတို့သည် လူ့အဖွဲ့အစည်းအား အလုပ်အကျွေး ပြုသင့်သော မိမိတာဝန်ဝတ္တရားအား ထမ်းဆောင်ခြင်းမရှိဟု နားလည်ကြသော်လည်း ၎င်းတို့ကို ပြုပြင်ပြောင်းလဲနိုင်ပါက အကျိုးပြုလာလိမ့်မည်ဟု မျှော်လင့်ချက် ရှိနေသေးသည့်သဘော ဖြစ်သည်။

ကိုယ်ကျိုး အကြည့်ဆုံး၊ အတ္တအကြီးဆုံး၊ တကိုယ်ကောင်းအဆန်ဆုံး အနိုင်ကျင့်ဗိုလ်ကျသူ တစ်ဦးဆိုလျှင်ပင် နောက်ဆုံးတွင် ပြောင်းလဲလာနိုင်သည့် အလားအလာရှိနေသည်။

သို့သော် တစ်စုံတစ်ခုအား လုံးဝရွံရှာ စက်ဆုပ်စရာအဖြစ် သတ်မှတ်လိုက်သည့်အခါ ၎င်းတွင် ကိန်းအောင်း နေနိုင်သည့် တန်ဖိုးတစ်ခုခုကို တိုင်းတာပေးမည့် စံပေတံကို မြန်မာတို့က ရှာမတွေ့တော့ပေ။

အကြောက်တရား ထုတ်လုပ်သော အဖွဲ့အဖြစ်မှ ပိုမိုကောင်းမွန် ထိုက်တန်သည့် ယုံကြည်စိတ်ချရသော အဖွဲ့အဖြစ် တပ်မတော်အား မည်သို့ပြောင်းလဲမည်ကို မြန်မာတို့က ဆက်လက် မဆွေးနွေးတော့ပေ။ ထို့အတူ တပ်မတော်ကို ပြုပြင်ပြောင်းလဲလိုသည့် ဆန္ဒလည်း ၎င်းတို့တွင် မရှိကြတော့ပေ။ တပ်မတော်ကို လုံးဝသာ ဖယ်ရှားပစ်ချင်လာကြသည်။

အာဏာသိမ်းပြီးပြီးချင်း တပ်မတော်၏ ရက်စက်စွာ ဖြိုခွဲနှိမ်နှင်းမှုများနှင့် ရင်ဆိုင်ရသည့်အခါ မြန်မာဆန္ဒပြ သူများ၊ အထူးသဖြင့် ဂျနရေးရှင်း ဇက် (Gen Z) လူငယ်များတွင် အဘယ့်ကြောင့်ကြောက်စိတ် မရှိရသည်ကို ကမ္ဘာက တအံ့တဩ ဖြစ်ရသည်။

ထိုသို့ ကြောက်စိတ် ကင်းမဲ့လာရသည့် အကြောင်းရင်းတစ်ရပ်မှာ တပ်မတော်ကို လူများက ရွံစရာဟု မှတ်ယူလာကြသည့် အချက်ပင် ဖြစ်သည်။

၂၀၂၂ ခုနှစ် မတ်လကုန်အထိ မြန်မာပြည်တွင်းနှင့် နယ်စပ်ဒေသရှိ လွတ်လပ်သော သတင်းအဖွဲ့များနှင့် အန်ဂျီအိုများ၏ အဆိုအရ မြန်မာစစ်တပ်သည် ကျေးရွာများ၊ မြို့များရှိ နေအိမ်များကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ မီးရှို့ခြင်းများ ဆောင်ရွက်ခဲ့သည့်အပြင် လူ ၁၇,၃၅ ဦးကို သတ်ဖြတ်ကာ ၁၃,၁၇၁ ဦးကို ဖမ်းဆီးခဲ့သည်ဟု သတင်းရရှိသည်။

လွတ်လပ်သော အချက်အလက် ရှာဖွေရေးအုပ်စုတစ်ခုကလည်း တည်နေရာ ၂၂၂ ခုရှိ နေအိမ်ပေါင်း ၇,၉၇၃ လုံးကို တပ်မတော်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ ၎င်းတို့အနက် အိမ်ပေါင်း ၄,၉၅၄ လုံးမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ အများဆုံးလှုပ်ရှားရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ နေအိမ်များ ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံသည် ကြီးမားသည့်အတိုင်းအတာရှိသော အကြမ်းဖက်မှုနှင့် ရင်ဆိုင်နေရကြောင်း၊ တပ်မတော်က အာဏာသိမ်းမှု နောက်ပိုင်းတွင် အတင်းအကြပ် ထိန်းသိမ်းခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများအား မလိုအပ်ဘဲ အင်အားအလွန်အကျွံ သုံးစွဲနှိမ်နှင်းခြင်း၊ တရားမဲ့သတ်ဖြတ်ခြင်း၊ ထိန်းသိမ်းထားစဉ် ကောင်းမွန်စွာ မဆက်ဆံဘဲ ညှင်းပန်းနှိပ်စက်ခြင်း စသည်တို့ ဖြစ်ပွားလျက်ရှိကြောင်း” ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မတ် ၁၅ ရက်နေ့တွင် အစီရင်ခံတင်ပြသည်။

ထို့အတူ အာဏာသိမ်းမှု ဖြစ်ပွားပြီးကတည်းက တပ်မတော်၏ စစ်ဆင်ရေး အမျိုးမျိုးကြောင့် ပြည်တွင်းနေရပ် စွန့်ခွာထွက်ပြေးရသူ ၄၄၀, ၀၀၀ ခန့်ရှိမည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။

တရားမဲ့ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုများ၊ ကျေးရွာများအား ဗုံးကြဲခြင်း၊ မီးရှို့ခြင်းများကြောင့် တပ်မတော်သည် ၂၀၂၁ အာဏာသိမ်းမှု နောက် ပိုင်းတွင်မှ အဆိုပါ ရွံစရာ ဂုဏ်ပုဒ်ကို ရရှိခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။

သို့သော် လူနည်းစု တိုင်းရင်းသား အများစုအတွက်မူ တပ်မတော်သည် ၁၉၈၈ ခုနှစ်မတိုင်မီ ဆယ်စုနှစ်များစွာ ကတည်းက အဆိုပါ “ရွံစရာ” အဆင့်ကို ရရှိထားပြီး ဖြစ်သည်ဟု စောဒက တက်ကောင်း တက်နိုင်သည်။

ထို့ကြောင့် ယခု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်အရောက်မှ တပ်မတော်အပေါ် မြန်မာတို့၏ အမြင်များ မည်သို့ လျင်မြန်စွာ ပြောင်း လဲသွားရသည်ကို နားလည်ရန် အရေးကြီးသည်။

(ဤဆောင်းပါးမှာ ဧပြီလ ၂၁ ရက်နေ့ The Diplomat တွင် ဆရာထွန်းမြင့် ရေးသားထားသည့် “How the Coup Shattered the Image of Myanmar’s Military” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆို ထားခြင်းဖြစ်သည်။) khit thit

မြန်မာ့လူ့အဖွဲ့အစည်းအတွင်း စိမ့်ဝင်နေတဲ့ အာ ဏာရှင်စရိုက်

မကြာမီ နွေဦးတော်လှန်ရေးကြီး အောင်မြင်စွာ ပြီးဆုံးသွားနိုင်ခြေရှိတယ်လို့ ယုံကြည်နေတယ်။ နွေဦးတော်လှန်ရေး အောင်မြင်စွာ ပြီးဆုံးခြင်းနဲ့အတူ မြန်မာလူ့အဖွဲ့အစည်းအပေါ် နှစ်ရှည်ကြာ လွှမ်းမိုးဖိနှိပ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်လည်း ပျောက်ကွယ်သွားတော့မှာဖြစ်တယ်။

စစ်အာဏာရှင်စနစ်ဆိုးကြီး ကွယ်ပျောက်သွားတယ်ဆိုပေမယ့် နောက်တကြိမ် ထပ်မံ မပေါ်ပေါက်စေဖို့အတွက်တော့ မြန်မာလူ့အဖွဲ့အစည်းဝင်အားလုံး သတိပြု ကာကွယ် တားဆီးကြဖို့တော့ လိုတယ်။ တော်လှန်ရေးဆိုတာ လက်နက်ကိုင်ပြီး တော်လှန်မှုသာမက အတွေးအခေါ် အမူအကျင့် ခံယူကျင့်သုံးပုံကအစ ကိုယ့်မှာရှိတဲ့ ညာဉ်ဆိုးတွေကိုပါ တော်လှန် ဆန့်ကျင်ပြောင်းလဲပစ်ကြရမှာ ဖြစ်တယ်။

တကယ်တော့ မြန်မာ့လူ့အဖွဲ့အစည်းမှာ စစ်အာဏာရှင်ဓလေ့ဟာ နှစ် ၇၀ ကျော်နီးပါး ကြာညောင်းခဲ့ပြီ။ ဒါ့အပြင် မြန်မာ့သမိုင်းအရ ပြန်ကြည့်လိုက်တော့ ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ် အားလုံးဟာလည်း အာဏာရဲ့ဖိနှိပ် အုပ်ချုပ်မှုကို ခံခဲ့ရတယ်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ မြန်မာ့ရေ ပေါ်ဆီ လူ့အသိုက်အဝန်းတခုလုံးဟာလည်း အဲဒီအချိန်ကတည်းက ‘အာဏာရှင် အားကျစိတ်’ တို့  မသိမသာရော သိသိသာသာပါ စိမ့်ဝင်နေခဲ့တာကို တွေ့ရတယ်။

ရှေးကတည်းက သင်ကြားခဲ့ရတဲ့ ဘုန်းတော်ကြီးသင်ပညာရေး ဖြစ်တာကြောင့် အာဏာရှင်စရိုက်ကလည်း ကာယကံရှင်ကိုယ်တိုင် မသိဘဲ အရိုးစွဲအောင် ကိန်းဝပ်နေခဲ့တာ။ အဲဒီကျောင်းထွက်တွေကို မြန်မာ့လူမှုရေးအရ ကြည့်ရင်လည်း ဖခင်ရဲ့ တချက်လွှတ်အုပ်ထိန်းမှုနဲ့ ကြီးပြင်းခဲ့ရသလို ကိုလိုနီခေတ် ကျောင်းနေချိန် ရောက်ပြန်တော့လည်း ဆရာတွေရဲ့ မျက်နှာဖြူတို့ရဲ့ ခွဲခြားဆက်ဆံပညာရေးကနေ ဆက်လက်ထိန်းချုပ်တာ ခံကြရပြန်တယ်။

လူငယ်တွေအဖို့ကတော့ အိမ်မှာလည်း ဖခင်ရဲ့ တချက်လွှတ် အမိန့်နာခံရ၊ ကျောင်းမှာလည်း ဘုန်းကြီးနဲ့ ဆရာတွေရဲ့ တချက်လွှတ်အမိန့်နဲ့ ထိန်းချုပ်တာခံရတယ်။ ဒီကြားထဲ အလှူအတန်း ပွဲလမ်းသဘင်တွေ ရှိလာတဲ့အခါ ဘုန်းတော်ကြီးတွေရဲ့ အုပ်ချုပ်မှု ကြိမ်လုံးဒဏ် ခံကြရပြန်တယ်။ လင်မယား ရန်ဖြစ်တော့လည်း ဒီကြိမ်လုံးပဲ ကြောက်နေခဲ့ရတာ။ ဒီလိုခံရတာများလာတော့ အလိုလိုနေရင်း အာဏာရှင်လုပ်ရတာအပေါ်မှာ သာယာလာတယ်။ အခွင့်ထူးခံရတဲ့အပေါ် သာယာလာတယ်။ တပြိုင်တည်း အခွင့်ထူးခံလိုစိတ်ကလည်း ဖြူစင်တဲ့ လူငယ်စိတ်ထဲ စိမ့်ဝင်လာခဲ့တော့တာပါပဲ။ အဲဒီကတဆင့် အာဏာရှင် အားကျစိတ်ဖြစ်လာတယ်လို့ ဆိုရမယ် ထင်ပါရဲ့။

ပဒေသရာဇ်ခေတ်မှာတော့ အဲဒီလို အခွင့်ထူးခံရတဲ့ အတန်းအစားက နှစ်ခုပဲ ရှိတယ်။ ဘုရင့်အာဏာစက်ရဲ့ အုပ်ချုပ်သူ အသိုက်အဝန်းနဲ့ ဘုန်းတော်ကြီးတို့ပဲ ဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီး ပါမောက္ခဆရာ ဦးမောင်မောင်ကြီးက သူ့ရဲ့ Burmese Political Value ဆိုတဲ့စာအုပ်မှာ “ဘုရင်စနစ်ကိုကား အထောက်အပံ့ပေးကြရာတွင်မူ သာသနာ့ဒါယကာဘွဲ့ ခံယူလိုသော ဘုရင်နှင့် အခွင့်ထူးခံဘုန်းကြီးတို့မှာ တလှေတည်းစီးသော ခရီးသည်များသာ ဖြစ်သည်” လို့ ဖော်ပြခဲ့တယ်။ အဲဒီခေတ်အခါက ဘုန်းကြီးနဲ့ ဘုရင်အာဏာစက် ထိန်းသိမ်းပေးရသူတွေဟာ အခွင့်ထူးခံတွေပါပဲ။

ဘုန်းကြီးတွေဟာ အကြွင်းမဲ့အာဏာပိုင်ပဒေသရာဇ်အောက်မှာ အခွင့်ထူးခံရတယ်ဆိုတာက ဘုန်းကြီးတွေအတွက် ကင်းလွတ်ခွင့်တချို့ ရှိနေတာကို ပြောတာ။ အုပ်ချုပ်မှုအရ ကင်းလွတ်တာ။ အခွန်အတုပ်က ကင်းလွတ်တာ။ သာသနာပိုင်ဘုန်းကြီးတွေက တောင်းဆိုရင် ရာဇဝတ်သင့်သူတောင် ခွင့်လွှတ်ပေးတာမျိုးအထိ ရှိခဲ့တယ်။ ဘုန်းကြီး တပါးပါး ရာဇဝတ်မှု ကျူးလွန်ရင် ဘုန်းကြီးတွေကပဲ စစ်ဆေး လူဝတ်လဲပြီးမှ စီရင်ခွင့်ပြုတာတွေက အစပေါ့။ ဒီတော့ ဘုန်းကြီးတွေဟာ အဲဒီအခွင့်ထူးအတွက် ဘုရင်နဲ့ လိုက်လျောညီလုပ်ဆောင်လာရတော့တာပါပဲ။ ဒါကြောင့် ပဒေသရာဇ်ခေတ်မှာ ‘ဘုရင်နဲ့ ဘုန်းကြီးတွေဟာ တခရီးတည်းသွား’ တွေလို့ ပြောတာ။

ဗမာဘုရင်တွေအတွက် အုပ်ချုပ်ရေးဆိုတာလည်း လူထုကို အကြမ်းဖက်နှိပ်ကွပ်ခဲ့တာကို ခေါ်တာပါပဲ။ ပြည်သူစိတ်ထဲမှာ ကြောက်ရွံ့ရိုသေရမယ်လို့ စွဲမှတ်သွားအောင် သွတ်သွင်းခြင်းပါပဲ။ ဒီနေ့ခေတ် စစ်အာဏာရှင်စနစ်နဲ့ ဘာမှကွာခြားမှု မရှိပါဘူး။ ဒါကြောင့်လည်း ရန်သူမျိုး ၅ ပါးမှာ အုပ်ချုပ်သူ မင်းဧကရာဇ်ကို ထည့်သွင်းထားတာပေါ့။ ဒီတော့ သာမန်ပြည်သူတွေက အုပ်ချုပ်သူ မင်းနဲ့ တတ်နိုင်သမျှ ကင်းကင်းနေခဲ့ကြတယ်။ “မင်းလှေမျောလည်း မဆယ်နဲ့’ ဆိုတဲ့စကားပုံတွေက ဒီအချက်ကို ပြနေတာ။

ဒီလို ကင်းရှင်းနေကြပေမဲ့ လူမှုရေးအရဖြစ်ဖြစ်၊ အုပ်ချုပ်ရေးအရပဲဖြစ်ဖြစ် အခွင့်ထူးခံ ဖြစ်ချင်တဲ့စိတ်က အဲဒီကနေစခဲ့တာ။ ကြာလာတော့ မင်းအာဏာဟာ လူတို့ စံတခု ဖြစ်လာတယ်။ မသိစိတ်မှာ မင်းအာဏာနဲ့ ဘုန်းကြီးတွေရဲ့ ဩဇာအပေါ် အားကျစိတ်ဝင်လာခဲ့တာပေါ့။ အဲဒီ အာဏာရှင်အားကျစိတ်ဟာ အာဏာရှင်ခေတ်ဆိုးတွေကို ကြုံလာရပြီး တော်လှန်မှု မလုပ်နိုင်တိုင်း အားကျစိတ်က ခိုအောင်းလာခဲ့တာ။ တော်လှန်ပုန်ကန်လို့ အောင်မြင်လာရင်လည်း အဲဒီအားကျစိတ်နဲ့ပဲ လူထုအပေါ် ဖိနှိပ်ကျင့်သုံးကြတာပါပဲ။ ဒါကြောင့် ‘ဘီလူးကြီးဗိုက်ထဲက ဘီလူးလေး ထွက်လာတယ်’ လို့ ပြောစမှတ်ပြုခဲ့ကြတာပေါ့။

ကိုလိုနီခေတ်ရောက်တော့လည်း ပဒေသရာဇ်လောက်မဆိုးပေမယ့် အုပ်ချုပ်သူတွေရဲ့ အနိုင်ကျင့် ဖိနှိပ်တာကို ခံရတယ်။ အုပ်ချုပ်သူ မင်းမှု ထမ်းတွေကို ရောက်လေရာအရပ်တိုင်းက ဘုရင်တဆူလို ပသပြီး ဆည်းကပ်ကြရတယ်။ ကြာလာတော့ အနှိမ်ခံဘဝက လွတ်မြောက်ရာလမ်းဟာ တော်လှန်ရေးမဟုတ်ဘဲ သူတို့အလိုကျလုပ်ဆောင်ပြီး သူတို့လို နေရာရောက်အောင် ကြိုးစား လုပ်ဆောင်လာကြတယ်။ သူတို့နေရာရောက်တော့လည်း “အစွယ်ပြူးပြူးနဲ့ ဘီလူးလေး မွေးလာတာ” ပဲပေါ့။ ဒီလိုနဲ့ အာဏာရှင်အားကျစိတ်ဟာ အဆင့်ဆင့်ဖြစ်ပေါ်လာခဲ့တာပဲ မဟုတ်လား။

ဒါကြောင့် မြန်မာပြည်မှာ မွေးလာတဲ့ လူအများစုမှာ အာဏာရှင်အနုဿယလေးတွေ အညွန့်အညှောက်အဖြစ် ပါလာခဲ့ပြီးသားပဲလို့ ဆိုချင်တယ်။ ဒီလူတွေက ဆင်းသက်လာတဲ့ လူ့အဖွဲ့အစည်းရဲ့ မသိစိတ်ထဲမှာလည်း အာဏာရှင်စိတ် လွှမ်းမိုးနေတယ်။ လူ့အဖွဲ့အစည်းရဲ့ အာဏာရှင်အားကျစိတ်ဟာ အခွင့်အရေးရတာနဲ့ တန်ခိုးပြဖို့ အခွင့်သာတော့တာပဲပေါ့။ အစဉ်အလာနဲ့ ပတ်ဝန်းကျင်၊ အုပ်ချုပ်သူတို့ရဲ့ နိုင်ငံရေးဓလေ့ကနေ သင်ကြားချက်အရ ဒီလမ်းကိုပဲ လျှောက်ခဲ့ကြဟန်ပါပဲ။

လွတ်လပ်ရေးရပြီးနောက် စနစ်တွေ၊ ခေတ်တွေ ပြောင်းလဲလာခဲ့တယ်ဆိုပေမဲ့ အဲ့ဒါဟာလည်း အစိုးရတရပ်ကို တခြားအစိုးရတရပ်နဲ့ အစား ထိုး ပြောင်းလဲလိုက်တာထက် မပိုပါဘူး။ အာဏာရှင်စရိုက်က ရှိမြဲရှိနေတာပါပဲ။ ၂၀၁၅ နောက်ပိုင်းအထိလည်း ဒီလိုပါပဲ အစိုးရတရပ်ကို တခြားအစိုးရတရပ်နဲ့ အစားထိုးခဲ့တာပဲ ဖြစ်တယ်။ စစ်အာဏာရှင်စရိုက်ကို ပြည်သူ့ဒီမိုကရေစီ စရိုက်နဲ့ အစားထိုးခဲ့ခြင်း မဟုတ်ခဲ့ပါဘူး။ တိုင်းပြည်တွင်း နေထိုင်ကြတဲ့ နိုင်ငံသားတွေကို မပြောနဲ့၊ ဒီမိုကရေစီ လိုလားစွာ အကောင်ထည်ဖော်နေကြတဲ့သူတွေကိုယ်နှိုက်တောင် အာ ဏာရှင်စရိုက်ကို မပြောင်းလဲနိုင်ခဲ့ကြပါဘူး။ ဒါကို လက်မခံချင်သာ နေမယ်၊ အရှိတရားတခု ဖြစ်နေခဲ့တာတော့ ငြင်းမရ။

ဒါတွေဟာ ဘာကြောင့် ဒီလိုဖြစ်နေရသလဲဆိုရင် အထက်ကဖော်ပြခဲ့တဲ့ လူ့အဖွဲ့အစည်းအတွင်း ဘိုးစဉ်ဘောင်ဆက် ရှည်ကြာစွာ လွှမ်းမိုးထား ခဲ့တဲ့ “လူ့အဖွဲ့အစည်းရဲ့ အာဏာရှင်စရိုက်” လက္ခဏာတရပ်ကြောင့်ပဲ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ဒါကြောင့်လည်း တချို့သောပုဂ္ဂိုလ်တွေက “မြန်မာ့လူ့အဖွဲ့အစည်းဟာ အာဏာရှင်နဲ့ပဲ ထိုက်တန်တယ်” လို့ ဆိုကြဟန်ပါပဲ။ အဲဒီလို ဆိုလောက်အောင်လည်း ဖြစ်နေခဲ့တာကိုး။

တကယ်တော့ လူ့အဖွဲ့အစည်းရဲ့ စိတ်နေစိတ်ထားနဲ့ စရိုက်လက္ခဏာရပ်တွေက နေ့ချင်းညချင်း ဖြစ်ပေါ်လာတာ မဟုတ်ဘူး။ နှစ်ပေါင်းရှည်ကြာ အရိုးစွဲအောင် ခိုင်မြဲမြဲလာခဲ့တဲ့ အခြေခံစိတ်ကနေ ဓလေ့စရိုက် ဖြစ်လာခဲ့တာ။ အာဏာရှင်ဓလေ့စရိုက်ကနေ နိုင်ငံရေးဓလေ့တခုလို ဖြစ်လာခဲ့တာပေါ့။ အစဉ်အလာ နိုင်ငံရေးဓလေ့မှာက အမိန့်ပေးသူနဲ့ အမိန့်နာခံသူပဲ ရှိခဲ့တာ။ ပြည်သူလူထုက ဘယ်မှာ ပါဝင်ခွင့်ရှိခဲ့လို့လဲ။ ဘာသာရေးအဖွဲ့အစည်းတွေကလည်း အာဏာရှင်ဓလေ့ကိုပဲ ကျားကန် မောင်းနှင်ပေးခဲ့ကြတာကလား။ လက်ရှိအခြေအနေနဲ့ ယှဉ်ကြည့်ရင် ပိုပေါ်လွင်လာပါလိမ့်တယ်။ မြန်မာနိုင်ငံရေးစရိုက်ဟာ အာဏာရှင်နိုင်ငံရေးဓလေ့ထက် မပိုခဲ့ပါဘူး။

“လူ့အဖွဲ့အစည်းမှာ အာဏာရှင်တွေ မင်းမူနေခဲ့တာ ပြည်သူတွေ လက်ခံထားလို့ပဲ” လို့ ဆိုကြတယ်။ ဒီနေ့ ပြည်သူအားလုံးက အာဏာရှင်ကို ဆန့်ကျင်တော်လှန်လာကြပြီ ဖြစ်တယ်။ ဒါပေမဲ့ အာဏာရှင် ဆန့်ကျင်ရင်း တပြိုင်တည်း ‘ဘီလူးပေါက်လေး’ ဖြစ်မလာအောင် တဦးချင်း အဇ္ဈတ္တတော်လှန်ရေး လုပ်ဖို့လည်း လိုမယ်ထင်ပါတယ်။ ဒါ့အပြင် လူ့အဖွဲ့အစည်းကြားမှာ ခိုအောင်းနေတဲ့ အာဏာရှင် အားကျစိတ်နဲ့ အာဏာ ရှင်အနုဿယစိတ်ကိုလည်း ဆန့်ကျင်ရမှာပဲ ဖြစ်တယ်။ ဒါဟာ ယဉ်ကျေးမှု တော်လှန်ရေးတရပ်လည်း ဖြစ်နေတာကြောင့် ‘ကျွဲကူးရေပါ’ တပြိုင်တည်း လုပ်ဆောင်ကြဖို့ အချိန်သင့် အခါသင့်ရောက်ပြီလို့ ဆိုချင်ပါတယ်။

ဒါကြောင့် အာဏာရှင်စနစ် မြန်မာ့မြေပေါ်က ပျောက်ကွယ်သွားဖို့အတွက် ဖက်ဆစ်တပ်ကို ဖြိုဖျက်ရုံမက ကိုယ့်ရဲ့အဇ္ဈတ္တမှာ အမြစ်တွယ်စပြုနေတဲ့၊ ပြီးတော့ လူ့အဖွဲ့အစည်းအတွင်းမှာ အမြစ်တွယ်နေတဲ့ အာဏာရှင်နိုင်ငံရေးဓလေ့ကိုလည်း တော်လှန်ရေးတရပ်အဖြစ် ခံယူကျင့်သုံးသွားကြဖို့ အသိပေး တင်ပြလိုက်ရပါတယ်။ နွေဦးတော်လှန်ရေး ရဲဘော်အားလုံး အာဏာရှင်အနုဿယစိတ်ကိုပါ အမြစ်မကျန် တော်လှန်နိုင်ကြပါစေ။

ဂန္ထဝင်မောင်တူး

ထောင်မှ လွတ်သည့်နေ့တွင် မိဘနှစ်ပါးနာရေးနှင့် ကြုံရသူ

ကုန်လွန်ခဲ့သောနှစ် မိုးရာသီနှောင်းပိုင်းတွင် ဖြစ်သည်။ အသက် လေးဆယ်ကျော်အရွယ် ဒေါ်ဒေစီကျော်စိုးတစ်ယောက် ရန်ကုန် အင်းစိန်အ ကျဉ်း ထောင်မှ စစ်ကောင်စီ လွတ်ငြိမ်းသာခွင့်အမိန့်နှင့် အိမ်ပြန်ရန်ရက်ကို ရောက်ရှိလာခဲ့သည်။ 

၂၀၂၁ နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်ခဲ့သော ဝန်ထမ်းများ ရုံးမသွားဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့မှုကြောင့် ငါးလတာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရခြင်းပင်။ 

အသက်ကြီးရင့်ပြီဖြစ်သော မိအိုဖအိုများ၊ သားသမီးများနှင့် မိသားစုစုံစုံလင်လင်တွေ့ဆုံရမည့် အရေးကို ကြိုတွေးကာ အိမ်ပြန်လမ်းတစ် လျှောက် ပီတိဖြာလျက်ရှိသည်။ အကျဉ်းကျသူတို့မှာ အိမ်ပြန်ချိန်မိသားစုက ဖက်လဲတကင်းကြိုဆိုခြင်း၊ လက်စုံထမင်းဝိုင်းစားခြင်းတို့ကို အထူးမျှော်လင့်ကြသည်ချည်းပင်ဖြစ်သည်။ 

 “ကိုယ်က ထောင်ကနေ ထွက်လာတော့ ကိုယ့်မိသားစု အရမ်းပျော်ရမယ်ပေါ့၊ ကိုယ့်ကိုယ်လာခေါ်တဲ့ ကားပေါ်မှာ ဖုန်းဆက်သေးတယ် ကိုယ်က တစ်ခုခုဆို အမေ့ဖုန်းကို ဆက်နေကျဆိုတော့ အဲဒီနေ့က အမေက ဖုန်းမကိုင်ဘူး” 

မိသားစုဝင်တချို့က လာရောက်ကြိုဆိုကြပြီး နေအိမ်အနီး ဆွေမျိုးအိမ်တစ်အိမ်သို့ အရင်ဆုံးခေါ်သွားခဲ့သည်။ ထိုအိမ်ကို ရောက်သည်နှင့်ပင် မိခင်ဖြစ်သူ၏ မိတ်ဆွေများကို တွေ့ရသည့်တိုင် ဘာဖြစ်နေမှန်း မသိခဲ့ပေ။ 

သွေးအေး နှုတ်ဆိတ်နေသော မိသားစုများကို အကြိမ်ကြိမ်မေးမြန်းပြီးနောက်တွင် မိဘနှစ်ပါးလုံး ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် ရှေ့ဆင့် နောက်ဆင့်သေဆုံးခဲ့ကြောင်း ရင်ကွဲပက်လက် သိလိုက်ရတော့သည်။ 

“အမေရော အဖေရော ဆိုတော့ ဟာ ငါ့ဘဝကြီးဟာ အဲ့လောက်တောင်ပဲလားဆိုတော့ လုံးဝ သတိလစ်သွားချင်သလိုလိုဖြစ်တယ်၊ အိမ်မှာ ကိုယ်တွေ့ရတဲ့ မြင်ကွင်းက အဖေနဲ့ အမေနဲ့က သုံးရက်ပဲကွာတော့ ဓာတ်ပုံလေးတွေ ထောင်ပြီးတော့ ပန်းအိုးလေးတွေ နဲ့အဲဒါပဲမြင်ရတော့တာပေါ့နော်”

စစ်ကောင်စီက ပထမအကြိမ် ဇွန် ၃၀ တွင် လွတ်ငြိမ်းသက်သာမိန့်ဖြင့် လူထောင်နှင့်ချီ ပြန်လွှတ်ပေးချိန်တွင် သူ့မိဘများက လွှတ်စာရင်းတွင် သမီးဖြစ်သူပါဝင်နိုးဖြင့် မျှော်လင့်နေခဲ့ကြသည်။

“ဇွန်လ ၃၀ ရက်နေ့မှာ ကျမ မလွတ်လာတဲ့နောက်ပိုင်းမှာ အမေက စိတ်ထိခိုက်သွားတာ၊ တစ်ညလုံး မျှော်တာ၊ တက္ကစီနဲ့ ပြန်လာမယ် ပြောထားတော့ အိမ်ရှေ့ ကားဖြတ်တိုင်း မျှော်တာ၊ နောက်ဆုံး ဆောက်တည်ရာမရ ဖြစ်သွားတာ” 

ဖမ်းဆီးထိန်းသိမ်းခံရချိန် ငါးလအတွင်း မိသားစုနှင့် တွေ့ဆုံခွင့်မရခြင်းကြောင့် ပြန်လည်လွတ်မြောက်လာချိန်တွင် ကြုံတွေ့ခဲ့ရသည်များကို အားပါးတရ ပြောပြရန် အားတင်းခဲ့သော်လည်း မိဘများကို သက်ဆုံးတိုင် ပြန်ပြောပြခွင့် မရတော့ပေ။ 

ထောင်ဝင်စာ ပုံမှန်ချက်ပြုတ်ပေးနေသော အသက် ၆၀ ကျော်အရွယ် မိခင်မှာ ဆီးချိုရောဂါအခံရှိသူဖြစ်သော်လည်း နေကောင်းကျန်းမာသူတစ်ဦး ဖြစ်ခဲ့သည်။ ပထမအကြိမ် လွတ်ငြိမ်းခွင့်ပေးစဉ် ဒေါ်ဒေစီလွတ်မြောက်ခဲ့ပါက မိဘများနေမကောင်းချိန်တွင် ပြုစုခွင့် စကားပြောခွင့်များ ရလိုက်မည်ဖြစ်သည်။  

“အမေက သုံးရက်ပဲ၊ ရုတ်တရက်ကြီး အကောင်းကြီးမတ်တတ် ချက်ပြုတ်ကျွေးမွေးနေတာကနေပြီးတော့ သုံးရက်မြောက်နေ့မှာ ဆေးခန်းက ပြန်လာပြီးတော့ ညနေဘက် အသက်ရှူကျပ်တယ်ဆိုပြီး ဆေးခန်းသွားလိုက်တာ လမ်းမှာတင် ဆုံးသွားတာတဲ့” 

မိခင်ဖြစ်သူက ထောင်သို့ စာရေးသားကာ အမြဲအားပေးနေကျဖြစ်သည်။ မလွတ်မြောက်ခင် ရက်ပိုင်းအတွင်း ပုံမှန်ထောင်ဝင်စာ စားစရာများ ရောက်မလာခြင်း၊ စာများ ရောက်မလာခြင်းများကြောင့် စိုးရိမ်ခဲ့ရသည်။

ထိုအချိန် ပြင်ပတွင် မိဘနှစ်ပါးကို ကိုဗစ်နိုင်တင်းကြားမှ မိသားစုက အသက်လုနေရချိန်ဖြစ်ပြီး ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ချိန်လည်းဖြစ်နေသည်။ ၎င်းလွတ်မြောက်သောရက်နှင့် မိဘများသေဆုံးသော ရက်များသည် တစ်ပတ်ခန့်သာ ကွာသည်။ 

“ဘဝကြီးမှာ တစ်ခါမှလည်း ဒီလိုမဖြစ်ဖူးဘူး ဘယ်လိုမှလည်း မယုံကြည်နိုင်ဘူး”

အသက် ၇၀ ကျော်အရွယ် ဖခင်ဖြစ်သူမှာ သမီးဖြစ်သူ ဖမ်းဆီးခံထားရစဉ် ၅ လတာလုံး ထမင်းလုံးဝမစားတော့ဘဲ စိတ်ရောကိုယ်ပါ လုံးပါးပါးနေခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာချိန်မှ သိရှိခဲ့ရသည်။ လူ့လောကတွင် ကံအဆိုးဆုံးလူသားတစ်ယောက်အဖြစ် ခံစားနေရခြင်းဖြစ်သည်။

“ဒီလိုအခြေအနေနဲ့လည်း အဖေအမေ ဆုံးတဲ့အချိန်မှာ အနားမှာမရှိဘူးလို့လည်း မစဉ်းစားဖူးဘူး၊ နောက် အဖေနဲ့ အမေကလည်း သုံးရက်ပဲကွာပြီးတော့ တစ်ခါတည်း ကိုယ့်ဘဝထဲကနေ ထွက်သွားမယ်လို့လည်း တစ်ခါမှလည်း မတွေးမိဘူးပေါ့” 

ပြည်တွင်း ကိုဗစ်နိုင်တင်းတတိယလှိုင်းပြင်းထန်နေချိန်တွင် လူနာများ အောက်စီဂျင်ပြတ်တောက်မှုကြောင့် တဖြုတ်ဖြုတ်သေဆုံးနေကြချိန်ဖြစ်သည်။ ထိုအချိန်တွင် စစ်ကောင်စီကလည်း အောက်စီဂျင်ပေးဝေမှုကို အကန့်အသတ်များဖြင့် နည်းမျိုးစုံ ထိန်းချုပ်ထားချိန်ဖြစ်သည်။ 

ဒေါ်ဒေစီကျော်စိုး ပြန်လည်လွတ်မြောက်လာချိန်တွင် ဝန်ထမ်းလိုင်းခန်းနေအိမ်မှ ဖယ်ရှားခံရသော်လည်း ယနေ့တိုင် CDM တွင် ဆက်လက်ပါဝင်နေသည်။

အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားမိသားစုများတွင် ကိုဗစ်နိုင်တင်းကပ်ရောဂါဖြင့် အသက်ဆုံးရှုံးခဲ့ရမှုများ၊ စစ်အုပ်စုက ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများကြောင့် သေဆုံးခဲ့ရမှုများ စသည်တို့ကြောင့် မိသားစုမစုံလင်ကြသူများလည်း ရှိကြသည်။ 

သို့သော် မိဘနှစ်ပါးလုံး ရက်ပိုင်းတွင်း သေဆုံးခဲ့ရသည့်အဖြစ်ကို ထောင်က လွတ်လာချင်း ကြုံဆုံခဲ့ရသည်မှာ ၎င်းတစ်ယောက်တည်းဖြစ်လိမ့်မည်ဟု ယူဆနေသည်။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားခဲ့ရမှုများသည် လအတော်ကြာသွားသည့်တိုင်အောင် မေ့ပျောက်မသွားဘဲ ရောဂါများပင် တိုးလာကြောင်း ပြောပြသည်။ နေ့စဉ် မိဘများကို သတိရလျက်သာရှိတော့သည်။ 

“ကိုယ်ငိုချင်ရင် ကလေးတွေ အိပ်သွားမှ ရေချိုးခန်းထဲမှာ ရေဖွင့်ချထားပြီး အော်အော်ပြီး ငိုခဲ့ရတာ၊ ညဘက်ကြရင် အော်ငို မနက် ကလေးတွေရှေ့မှာ ဘာမှမဖြစ်သလိုနေ၊ နောက်ပိုင်း ညဘက်မအိပ်တာတွေ များလာတော့ ရောဂါတွေတိုးလာတာပေါ့” 

စစ်ကောင်စီကို နည်းလမ်းမျိုးစုံ ဆန့်ကျင် တွန်းလှန်နေသူများထဲတွင် သူ့ကဲ့သို့ CDM ဝန်ထမ်း နိုင်ကျဉ်းဟောင်းမှာ အမေ့လျော့ခံပုဂ္ဂိုလ်ဖြစ် လာ သည်ဟု ဒေါ်ဒေစီကျော်စိုးယူဆလာသည်။

ကြားဖူးနားဝရှိသည့် CDM လစာ ဆိုသည်ကိုလည်း သူ မရရှိသေးသည့် ယနေ့ကာလတွင် ဒေါ်ဒေစီကျော်စိုးက အခက်အခဲများကို ဆက်လက် ကြံ့ကြံ့ခံနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

  (* သတင်းရင်းမြစ်၏ လုံခြုံရေးအရ အမည်လွှဲဖြင့် ဖော်ပြထားပါသည်)

« Older Entries