Category Archives: Important Information

မော်လိုက်မြို့တွင် ၈ တန်း ကျောင်းသား ၂ ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ အနောက်မြောက်ဘက် မော်လိုက်မြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ၈ တန်း ကျောင်းသားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ  ရွာ ၃ ရွာကို မီးရှို့လိုက်သည် ဟု ဒေသခံတို့က ပြောသည်။

ဇွန် ၈ ရက်နေ့တွင် မြို့မြောက်ဘက် မန်ကျည်းတန်းကျေးရွာအနီးရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို အင်အား ၆၀ ခန့်ရှိ စစ်ကောင်စီ စစ်ကြောင်းတစ်ခုက ဝင်ရောက်စီးနင်းပြီး  ဆယ်ကျော်သက်အရွယ် ကိုစည်သူနှင့်ကိုဖြိုး ဆိုသူတို့ကို ဖမ်းသွားခြင်းဖြစ်သည်ဟု အမျိုးသမီးတစ်ဦးက ပြောသည်။

“စစ်ကြောင်းဝင်လာတော့ ဒေသခံတွေက ရှောင်နှင့်ပြီ။ ကလေးနှစ်ယောက်ကို ဖမ်းပြီးပစ္စည်း သယ်ခိုင်း တယ်။ လမ်းပြခိုင်းတယ်။ပြီးတော့ သတ်ထားခဲ့တာ” ဟု မော်လိုက်မြို့နယ်မှ လုံခြုံရေးအရ အမည် မဖော်လိုသည့် အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ဒေသ၌ အင်တာနက်နှင့် ဖုန်းလိုင်း ဖြတ်တောက်ခံထားရသဖြင့် ဆက်သွယ်ရေး အခက်အခဲကြောင့် ကလေး ၂ ဦး၏ ရုပ်အလောင်းဓာတ်ပုံများ မပို့နိုင်သေးဟု သူက ဆိုသည်။

ကလေး ၂ ဦးကို သတ်ဖြတ်သည်ဟူသော ဒေသခံ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးဌာနကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

လက်ပြန်ကြိုးတုပ်ခံထားရသည့် အဆိုပါ ကလေးနှစ်ဦးကို စစ်ကောင်စီတပ်က ဓားနှင့် ခုတ်သတ် ထားခြင်းဖြစ်ကြောင်း မော်လိုက်မြို့နယ် PDF တာဝန်ခံ ကိုမိုးဒီက အတည်ပြုသည်။

ထိုစစ်ကြောင်းကို  ဇွန် ၈ နံနက် ၁၁ နာရီဝန်းကျင်တွင်  ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ အထိနာပြီး နောက်ကြောင်းပြန်ဆုတ်သွားခဲ့ကြောင်း သူက ဆက်ပြောသည်။ 

ဇွန် ၁၀ တွင် ဖောင်းပြင်မြို့ဘက်မှ လာသည့်စစ်ကြောင်း နှင့် ကလေးမြို့နယ်ဘက်မှ တက်လာသည့် စစ်ကြောင်း နှစ်ခုပေါင်း အင်အား ၁၅၀ နီးပါးက မော်လိုက်မြို့နယ်အတွင်းရှိ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ကျေးရွာများကို စစ်ကြောင်းထိုးသည်ဟု သိရသည်။

ထိုနေ့ညနေ ၄ နာရီဝန်းကျင်တွင် ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် ထိုစစ်ကြောင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု မရှိသော်လည်း ၎င်းတို့ဘက်မှ ၁ ဦး သေဆုံးခဲ့ကြောင်း ကိုမိုးဒီက ပြောသည်။ 

“ကလေးမြို့ ခမ်းပတ်ဘက်က ဝင်လာတဲ့ စစ်ကြောင်းတစ်ကြောင်းက ကျွန်တော်တို့ နောက်ဘက်က ရောက်န တာကို မသိလိုက်ရဘူး။ ကျွန်တော်တို့ ထွက်သွားပြီး နာရီဝက်လောက် နေတဲ့အချိန်မှာ သူတို့က တောင်ကုန်းနေရာမှာ လက်နက်ကြီးထိုင်ပြီးတော့ ရွာထဲကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ဝင်တယ်။ ကျွန်တော်တို့ကလည်း ဘယ်လို မှ ပြန်ခုခံလို့မရတော့ ပြန်ဆုတ်ခွာခဲ့ရတယ်” ဟု ကိုမိုးဒီက  ပြောသည်။ 

ထိုစစ်ကြောင်းဝင်ခဲ့သည့် မန်ကျည်းတန်း၊ ယုဝ ၊ တပ်ကုန်းရွာတို့မှ နေအိမ် ရာနှင့်ချီ မီးသင့်ပျက်စီးခဲ့ရသည်။

ဇွန် ၁၁ တွင် ထိုစစ်ကြောင်း တပ်စွဲသည့် မန်ကျည်းတန်းရွာ ရွာလုံးကျွတ်နီးပါး ပြာကျခဲ့ကြောင်း၊ ဇွန် ၁၂ တွင် ရွာချင်းကပ်လျက်ဖြစ်သော ယုဝရွာကို ဝင်ရောက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ 

“ယုဝရွာဆို အိမ်ခြေစိတ်တယ်။ ကျွန်းသစ်တွေလည်းပေါတော့ ပျဉ်ထောင်အိမ်တွေများတယ်။ မန်ကျည်းတန်းရွာ မှာဆိုလည်း အိမ်သာတောင် မကျန်ဘူး။ တပ်ကုန်းမှာဆိုလည်း လေးငါးနေရာခွဲပြီး ရှို့တာ” ဟု မော်လိုက်မြို့နယ် ဒေသခံ အထက်ပါအမျိုးသမီးက ပြောသည်။

မော်လိုက်မြို့နယ်တွင် စစ်ကောင်စီက အင်တာနက်လိုင်းများ၊ ဖုန်းလိုင်းများ ဖြတ်တောက်ထားသည့်အတွက် ဆက်သွယ်ရေးခက်ခဲနေပြီး မီးလောင်ပျက်စီးသည့်အိမ်ခြေအရေအတွက် အတိအကျ သိရရန် ကြိုးပမ်းနေဆဲ ဖြစ်ကြောင်း ဒေသခံများကဆိုသည်။ 

စစ်ကောင်စီကမူ ၎င်းတို့၏ တပ်သားများ မီးရှို့မှုကျူးလွန်ခြင်းမရှိဟု မကြာခဏ တုံ့ပြန်တတ်သည်။

 ဇွန် ၁၄  နှင့် ၁၅  တွင်လည်း   မော်လိုက်တွင်  တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်။ 

ယမန်နေ့ကလည်း ဒေသခံကာကွယ်ရေးအဖွဲ့များ ကုန်တင်ရေယာဉ်တစ်စီးပေါ်မှ မေလအတွင်းက သိမ်းဆည်း ထားသည့် ကျောင်းသုံးပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ်များကို စစ်ကောင်စီတပ်က  ယုဝရွာမှတဆင့် ပြန်လည် သယ်ဆောင်ရန် ကြိုးစားစဥ် တိုက်ပွဲဖြစ်ခဲ့သည်။ 

“အဲ့ဒီစာအုပ်တွေကို သူတို့ကပြန်ယူသွားပြီးတော့ ဖောင်းပြင်ကို ပို့ဖို့ဆိုပြီးတော့ မော်တော်နဲ့ ဆန်တက်လာတယ်။ ဆန်တက်လာတဲ့အချိန်မှာ ဖြတ်တိုက်တော့ တော်တော်အထိနာတယ်။ မော်တော်က ပတ်ချာရမ်းပြီး တစ်ဘက် ကမ်းမှာ ထားခဲ့ရတဲ့အခြေအနေရှိတယ်။ ဒီနေ့က အခုလေးတင် ဖြတ်တိုက်ပြီးတော့ ပြီးသွားတာရှိတယ်။ အခု ပြောနေရင်းနဲ့ကို ဖြစ်နေတာ” ဟု မော်လိုက် PDF တာဝန်ခံ ကိုမိုးဒီ က ဇွန် ၁၅   နံနက်ပိုင်းတွင် ပြောသည်။ 

မော်လိုက်မြို့နယ်အတွင်း  တိုက်ပွဲများတွင်  စစ်တပ်ဘက်မှထိခိုက်ဒဏ်ရာရသူများပြားကြောင်း ဒေသခံကာကွယ်ရေး အဖွဲ့ များက ပြောသော်လည်း Myanmar Now က သီးခြားအတည်ပြု နိုင်ခြင်း မရှိသေးပေ။

ချင်းတွင်းမြစ်ကမ်းဘေးရှိ မော်လိုက်မြို့နယ်သည် တောင်ကုန်းတောင်တန်းပေါများပြီး မြေပြန့်လွင်ပြင် နည်းပါး သည့်အပြင် အရှေ့ဘက်တွင် ကျွန်းလှမြို့၊ အနောက်ဘက်တွင် တမူးမြို့၊ ကလေးမြို့၊ တောင်ဘက်တွင် ကလေးဝ မြို့တို့နှင့်နယ်နိမိတ်ချင်းထိစပ်နေသည်။ 

ချင်းတွင်းမြစ်အနောက်ဘက်ကမ်းကျေးရွာများကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဝင်ရောက် စီးနင်း နေသည့်အတွက် မကျည်းတန်း၊ ယုဝ၊ ပရောက်၊ တပ်ကုန်း၊ ဝဲသာ စသည့် ကျေးရွာ ၅ ရွာ တို့မှဒေသခံ ငါးထောင် နီးပါးမှာ မြစ်အရှေ့ဘက်ကမ်းကျေးရွာများသို့ သွားရောက်တိမ်းရှောင်နေရပြီး စားဝတ်နေရေးနှင့်ဆေးဝါးအခက်အခဲ ကြုံတွေ့နေရသည်။

အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်း မြို့နယ်များကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး နယ်မြေစိုးမိုးနိုင်ရေး အပြင်းအထန်ကြိုးစားနေသောကြောင့် တိုက်ပွဲများ ဆက်တိုက် ပြင်း ထန်နေသည်။ myanmar now

ဇီးကုန်းမြို့တွင် နယ်ထိန်းရဲ ၁ ဦး လိုင်းကြေးသွားတောင်းစဉ် ဓားထိုးခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်မှာ ဒီဇင်ဘာ ၃၀ ရက်နေ့ မနက်စော ၃ နာရီဝန်းကျင်က နယ်ထိန်းရာထူးရှိတဲ့ ရဲ ၁ ဦးဟာ တရားမဝင်လောင်းကစားလိုင်းကြေးသွားတောင်းစဉ် ဓားနဲ့အထိုးခံလိုက်ရတယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံတဦးက “နယ်ထိန်း ကိုဝင်းက သူ့အပိုင် အမှတ် ၅ ရပ်ကွက်ထဲက ဘိလိယက်ခုံနဲ့တွဲထားတဲ့ လောင်းကစားဒိုင်ဆီကို လိုင်းကြေးလာတောင်းတဲ့အချိန် လည်ပင်းကို ဓားနဲ့အထိုးခံရတာ မသေဘူးလို့တော့ သိရပါတယ်” လို့ ပြောပါတယ်။

နယ်ထိန်းဖြစ်သူ ကိုဝင်းဟာ ဓားထိုးခံရတဲ့အတွက် ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ဇီးကုန်းမြို့နယ်၊ မြို့မရဲစခန်း တာဝန်ကျရဲတဦးက “သူက အမှတ် ၅ ရပ်ကွက်နယ်ထိန်း ဟုတ်ပါတယ်။ လိုင်းကြေးတောင်းရင်းဖြစ်တာလားဆိုတာတော့ မပြောတတ်ဘူး။ သူ့မေးကြည့်လေဗျာ။ လည်ပင်းနဲ့ လက်တွေမှာတော့ ဓားဒဏ်ရာရထားတယ်။ အမှုဖွင့်မဖွင့်ဆိုတာကလည်း သူ့သဘောပဲ” လို့ ပြောပါတယ်။

ဓားထိုးခံရပြီး အချိန်အနည်းငယ်အကြာမှာ အခင်းဖြစ်တဲ့နေရာကို ရဲတွေရောက်လာပြီး သေနတ်တွေ ပစ်ဖောက်သွားတယ်လို့ ဒေသခံတွေဆီကသိရပြီး ဓားနဲ့ထိုးသူကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ရဲစခန်းနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။ DVB

မင်းအောင်လှိုင်နှင့်စစ်တပ်ခေါင်းဆောင်များကို နိုင်ငံတော်ပုန်ကန်မှုကျူးလွန်၍ တာဝန်မှ ရပ် စဲကြောင်း ကြေညာ

နိုင်ငံတော်ပုန်ကန်မှု ကျုးလွန်ခဲ့သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်နှင့် စစ်တပ်ခေါင်းဆောင်များကိုအောက် တိုဘာလ ၁၃ ရက်နေ့ တာဝန်မှ ရပ်စဲကြောင်း ပြည်သူ့စစ်သားများနှင့်အရာရှိများက ထုတ်ပြန် ကြေညာသည်။khit thit

ပုလဲ PDF မှ စစ်ကောင်စီယာဥ်တန်းအား မိုင်းခွဲ ၊စစ်ကောင်စီဘက်မှ ၁၀ ဦးသေ အများအ ပြားဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် ၊ ပုလဲ-ဂန့်ဂေါ လမ်းမပေါ်တွင် သွားလာနေသည့် စစ်ကောင်စီယာဥ်တန်းအား ပုလဲ PDF မှမိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ဆယ်ဦး သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း Pale People Defense Force (PPDF) (ပုလဲPDF)က ယ နေ့ အောက်တိုဘာလ ၁ ရက်တွင် ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် လက်ပုကန်ကျေးရွာနှင့် နှောကန်ကျေးရွာကြား (ပုလဲ-ဂန့်ဂေါ) ကားလမ်းမကြီး၏ တစ်နေရာတွင် သွား လာနေသည့် စစ်ကောင်စီ ယာဥ်တန်းကို စက်တင်ဘာလ ၃၀ ရက် မနက်ပိုင်းက ပုလဲPDF မှ ဗိုလ်နဂါး ဦးဆောင်သည့် ရဲဘော်များက မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ယာဥ်တန်းဘက်မှ ဆယ်ဦး သေဆုံးပြီး ဒဏ်ရာရသူတွေ အများအပြားရှိခဲ့သည့်အပြင် ၄င်းတို့လိုက်ပါ စီးနင်းလာတဲ့ ခွေးဘီလူး မော်တော်ယာဥ်တစ်စီး၊ ဆိုင်ကယ် သုံးစီး ပျက်စီးခဲ့သည် ဟုထုတ်ပြချက်တွင် ရေးသားထားသည်။

အဆိုပါတိုက်ခိုက်မှုတွင် ပုလဲPDF ရဲဘော်များဘက်မှ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ပုလဲ PDFက အတည်ပြုထုတ်ပြန် ကြေညာထားသည်။mizzima

၈ လအတွင်း အကြမ်းဖက်စစ်တပ်ပစ်သတ်မှုကြောင့် ပြည်သူ ၁၁၄၆ ဦးကျဆုံး၊ ၈၆၀၀ နီး ပါးဖမ်းဆီးခံရ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၈ လအကြာ အကြမ်းဖက်စစ်တပ် ပစ်ခတ် သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၄၆ ယောက်ထိ ရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တ ကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၈၅၈၄ ယောက်ဖမ်းဆီးခံခဲ့ရကာ ၆၉၂၁ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၁၂ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၈၉ ယောက်ရှိနေပြီး သူတို့ထဲက မျက် ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့် ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဝင်၊ ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်၊ ဂွမြို့၊ မြို့မရပ်ကွက် အုပ်ချုပ်ရေး မှူးဟောင်း ဦးလူနီ(ခ)ဦးစိုးလှိုင်နဲ့ ဂွမြို့ခံ ဦးအောင်စိုးမင်းတို့ကို စက်တင်ဘာ ၂၇ ရက်နေ့ မှာ ထောင်ဒဏ် အသီးသီးချမှတ်ခံခဲ့ရကြောင်း သိရှိရပါတယ်။ 

ဦးရဲခေါင်ညွန့်ကို ရာဇသတ် ကြီးပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀(က)နဲ့  ထောင် ဒဏ် ၃ လ၊ ဦးလူနီကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ်၊ ဦးအောင်စိုးမင်းကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀(က) နဲ့ ထောင်ဒဏ် ၅ လ ကျခံစေဖို့ ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်ညပိုင်းက မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားတဲ့ ရဲတပ်သား ကိုနေဝင်းဟာ လက်ဖက် ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေချိန် ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင်နေကာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန် ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အကြောင်းကြားဖို့ အသိပေးထားပါတယ်။DVB

စစ်တပ်ဒေါက်တိုင် ဦးတေဇပိုင် ထူးကုမ္ပဏီလုပ်ငန်းစုနှင့် ဆက်နွယ်နေသည့် စီးပွားရေးလုပ်ငန်းများအားလုံးကို ဒဏ်ခတ်ပိတ်ဆို့အရေးယူရန် JMF တောင်းဆို (အပိုင်း ၂)

အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုနဲ့ပက်သက်ဆက်နွယ်နေတဲ့ ခရိုနီဦးတေဇပိုင် ထူးအုပ်စုနဲ့အပေါင်းအပါတွေ အားလုံးကို နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့ အရေးယူနိုင်ရေးအတွက် Justice For Myanmar အဖွဲ့က စက်တင်ဘာလ ၂၇ ရက်နေ့ မှာ စာရင်းထုတ်ပြန် တောင်းဆိုထားပါတယ်။အဆိုပါစာရင်းထဲမှာ ထူးအုပ်စုကုမ္ပဏီ (HGC)အပါအဝင် ကုမ္ပဏီလုပ်ငန်စု ၆၀ပါဝင်လာပြီး ဒါဟာ JMF ရဲ့ လတ်တလော စုံစမ်းပြုစုရရှိသလောက် စာရင်းဖြစ်ပါတယ်။

ထူးကုမ္ပဏီများအုပ်စု (HGC) ဟာ မြန်မာစစ်တပ်နဲ့ နက်ရှိုင်းတဲ့ ဆက်နွှယ်မှုတွေရှိပြီး အဓိကခရိုနီ စီးပွားရေးလုပ်ငန်းစုကြီးတစ်ရပ် ဖြစ်ပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့မှာ မြန်မာစစ်တပ်ကို စစ်လက်နက်နဲ့ ဘဏ္ဍာငွေကြေးအကူအညီတွေ ပေးအပ်နေတဲ့ အထောက်အ ထားတွေနဲ့အတူ ဗြိတိန်အစိုးရက ထူးအုပ်စုနဲ့ ၎င်းရဲ့ဥက္ကဌဖြစ်သူ ဦးတေဇတို့အပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ထူးအုပ်စုက ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကာ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်ထဲမှာတော့ ၎င်းတို့အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခြင်းအပေါ် သဘောမတူကြောင်း၊ ၎င်းတို့အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ခြင်းဟာ အရေးယူဆောင်ရွက်နိုင်တဲ့ အချက်အလက်တွေနဲ့ အသေးစိတ်သတင်း အချက်အလက်တွေ ရှိမနေခြင်းကြောင့် ရှင်း လင်းချက်တွေကို တောင်းခံထားကြောင်း အသိပေး ပြောကြားခဲ့ပါတယ်။ဦးတေဇနဲ့ ထူးအုပ်စုအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်နိုင်ရေးအပေါ် ပံ့ပိုးကူညီဖို့အတွက် Justice For Myanmar က ဦးတေဇရဲ့ စီးပွားရေးကွန်ယက်၊ အဆိုပါစီးပွားရေးကွန်ယက်နဲ့ အကြမ်းဖက်စစ်ကောင်စီတို့အကြား ဆက်နွယ်မှုဆိုင်ရာ အချက်အလက်တွေကို ထုတ်ပြန်ခဲ့ပြီး ဖြစ်တယ်လို့ JFM က ဆိုပါတယ်။

ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေထဲ လက်နက်ကုန်သွယ်ရေးမှာ ဦးတေဇရဲ့ ပါဝင်ပတ်သက်မှုအတွက် နောက်ထပ် သက်သေအထောက်အ ထား အဖြစ် လျှို့ဝှက်ပေါက်ကြားခဲ့တဲ့ မြန်မာ့လေတပ်နဲ့ Yangon Aircraft Engineering Company Limited တို့အကြား စီးပွါးရေးဆိုင်ရာ အစည်းအဝေးမှတ်တမ်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။၊ ဒါ့အပြင် ထူးအုပ်စုရဲ့ ကုမ္ပဏီခွဲနဲ့ မိတ်ဖက်စီးပွားရေးလုပ်ငန်း ၆၀ တို့မှ ရှယ်ယာရှင်နဲ့ ဒါရိုက်တာ ၁၃၁ ဦးတို့ရဲ့ အသေးစိတ် အချက်အလက်တွေ ပါရှိတဲ့ စာရင်းအချက်အလက် ဇယားတစ်ခုလည်း ပါဝင်တယ်လို့ သိရပြီး၊ အဆိုပါ စာရင်းအချက်အလက်တွေကို JFM ရဲ့ website မှာ ဖော်ပြထားတယ်လို့လည်း သိရပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဦးတေဇနဲ့ သူ့ကွန်ယက်က မြန်မာစစ်တပ်နဲ့ ကာလရှည် နီးနီးကပ်ကပ် လက်တွဲခဲ့တဲ့ စီးပွားရေးမိတ်ဖက်တွေဖြစ်ပြီး စစ်တပ်ထဲမှာ စနစ်တကျ အမြစ်တွယ်နေတဲ့ အဂတိလိုက်စားမှုတွေကနေ ခုလိုမတရား ချမ်းသာလာကြတာဖြစ်တယ်။

သူတို့က လုပ်ငန်းနေရာငှားရမ်းတာ၊ မြေနေရာငှါးတာ၊ ဖက်စပ်လုပ်ငန်းတွေ၊ စစ်လက်နက်နဲ့ ဆက်စပ် ဝန်ဆောင်မှုတွေ အပါအဝင် စစ်ကောင် စီနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ စီးပွားရေးတွေကတဆင့် စစ်တပ်က လက်ရှိ ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ ဝတ်မှုတွေမှာ ကြံရာပါအဖြစ် ပါနေကြတာ ဖြစ်တယ်” လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ထူးအုပ်စုနဲ့ စီးပွားရေးလုပ်ငန်းစုကြီး တွေက အားပေးပံ့ပိုးပေးခဲ့ကြပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဦးတေဇအပါအဝင် ၎င်းမိသားဝင်တွေနဲ့ ၎င်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ တခြားသော မိတ်ဖက်စီးပွားရေးလုပ်ငန်းစုကြီးတွေကို နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ချက်ချင်းဆောင်ရွက်ပေးကြဖို့ ကိုလည်း JFM က တိုက်တွန်းတောင်းဆိုထားပါတယ်။နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် မြန်မာပြည်သူတွေရဲ့ ရုန်းကန်တိုက်ပွဲကို ပံ့ပိုးပေးဖို့ မဖြစ်မနေ ဆောင်ရွက်ရမှာဖြစ်ပြီး စစ်ကောင်စီနဲ့ စစ်ခရိုနီတွေရဲ့ ရာဇဝတ်မှုလုပ်ရပ်တွေကို ဆက်လက်သည်းခံနိုင်တော့မှာ မဟုတ်ကြောင်း ရှင်းလင်းတဲ့ သတင်းစကားတစ်ရပ်ကို မဖြစ်မနေ ပေးရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။khit thit

စစ်တပ်က ဖယ်ရှားခိုင်းသည့် မြေနေရာ‌ပေါ်က နေအိမ်များကိုယ်တိုင် ဖြိုဖျက်ဖယ်ရှားနေ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်ရှိ ကျေးရွာသုံးရွာက ဒေသခံများကို တပ်ပိုင်မြေပေါ်တွင် နေထိုင်သည်ဟုဆိုကာ စစ်တပ်က ဖိအားပေး ဖယ်ရှားခိုင်းသည့်အတွက် လက်ရှိတွင် ရွာသူ၊ ရွာသားများက နေအိမ်များကို ၎င်းတို့ကိုယ်တိုင် ဖြိုဖျက်ကာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့‌ နေကြကြောင်း ဒေသခံများက ပြောသည်။

စဉ့်ကူးမြို့တောင်ဘက် ငွေတောင်ကျေးရွာ၊ ညောင်ဝန်းကျေးရွာနှင့် ရေထွက်ကြီးကျေးရွာ သုံးခုက နေအိမ်များကို သုံးရက်အတွင်း ဖြိုဖျက်ဖယ်ရှားပေးကြရန်နှင့် မဖယ်ရှားပေးပါက နေအိမ်များကို မီးရှို့မည်ဟု စက်တင်ဘာ ၂၄ ရက်နေ့တွင် အာဏာ သိမ်း စစ်ကောင်စီတပ်က လာရောက် ခြိမ်းခြောက်ပြောဆိုပြီးနောက် ဒေသခံများက ဘေးလွတ်ရာသို့ ပြောင်းရွှေ့‌ နေရခြင်း ဖြစ်သည်။ “စစ်တပ် ဖျက်ဆီးတာမခံရဖို့ ကိုယ့်အိမ်ကို ဖျက်ပေးရတာပေါ့။ စစ်တပ်က ဖျက်ဆီးရင် အားလုံး လူမဆန်တဲ့လုပ်ရပ်နဲ့ လုပ်မှာ။ မဖျက်ရင် မီးရှို့မယ်လို့ ပြောထားတယ်” ဟု ရေ ထွက်ကြီး ကျေးရွာ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် ဒေသခံများအနေဖြင့် အိမ်ပြန်ဆောက်ရန် မြေနေရာ မရှိ၍ နေအိမ် ဖြိုဖျက်ရာမှ ထွက်ရှိလာသည့် နေအိမ်အပိုင်းအစများကို နီးစပ်သူတချို့ထံ အကူအညီတောင်းကာ စုပြုံထားရပြီး အသိမိတ်ဆွေ နေအိမ်တချို့တွင် ခိုကပ်နေထိုင်နေရကြောင်း ဒေသခံများက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီတပ်က ဖိအားပေး ခြိမ်းခြောက် ဖယ်ရှားခိုင်းသည့် ကျေးရွာသုံးရွာသည် ပြီးခဲ့သည့် စစ်အစိုးရလက်ထက်တွင် မန္တ လေးမြို့ အမှတ် (၁၂၁) ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်က တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခဲ့သည့် မြေနေရာများဖြစ်သည်။ ထိုစဉ်က ငွေတောင်ကျေးရွာ နှင့် ညောင်ဝန်းကျေးရွာ နှစ်ရွာပေါင်း မြေဧက ၃,၀၀၀ ကျော်နှင့် ရေထွက်ကြီး ကျေးရွာရှိ မြေဧက ၅၀၀ ကျော် သိမ်းဆည်းခံလိုက်ရခြင်းဖြစ်ပြီး လျော်ကြေးငွေလည်း မရရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

စဉ့်ကူးမြို့နယ် တောင်ဘက်ခြမ်းတွင် တည်ရှိသော ရေထွက်ကြီးကျေးရွာတွင် အိမ်ထောင်စု ၄၀ ကျော်၊ လူဦးရေ ၂၀၀ ကျော်နေထိုင်ပြီး ငွေတောင်ကျေးရွာ နှင့် ညောင်ဝန်းကျေးရွာ နှစ်ရွာပေါင်း အိမ်ခြေ ၁၀၀ ကျော်နှင့် လူဦးရေ ၆၀၀ ကျော်ရှိသည်။ ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်နှင့် NLD အစိုးရလက်ထက်တွင် မြေယာဥပဒေအတိုင်း တပ်သိမ်းမြေကို ပြန်လည်ပေးအပ်ရန် လျှောက်ထားတောင်း ခဲ့သော်လည်း စစ်တပ်က ပြန်လည်စွန့်လွှတ်ခဲ့ခြင်း မရှိခဲ့ဘဲ စစ်တပ်နှင့် ဒေသခံများကြား မြေယာအငြင်းပွားမှု ဖြစ်ပွားခဲ့သည်။

လက်ရှိ စစ်အာဏာသိမ်းပြီးနောက်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က အဆိုပါ ကျေးရွာသူ ကျေးရွာသားများကို တပ်ပိုင်မြေတွင် ဝင်ရောက်နေထိုင်သည်ဟုဆိုကာ နေအိမ်များဖြိုဖျက်ပြီး ရက်ပိုင်းအတွင်း ပြောင်းရွှေ့ထွက်ခွာပေးရန် ဖိအားပေး ပြောဆိုလာခြင်း ဖြစ်သည်။mizzima

“အောင်လံလွှင့်ချီ နွေဦးထီ” ကံထူးရှင်ရွေး ချယ်ပွဲ အောက်တိုဘာ ၁ ရက် ကျင်းပမည်

‘အောင်လံလွှင့်ချီ နွေဦးထီ’ pilot project ကံထူးရှင်ရွေးချယ်ပွဲကို အောက်တိုဘာ ၁ ရက် မနက် ၉ နာရီမှာ ပြုလုပ်မယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

ကံထူးရှင်ကိုလည်း Computerized random selection (ကွန်ပျူတာဖြင့်ကျပန်းရွေးချယ်ခြင်း) နဲ့ NUG စီမံကိန်း၊ ဘဏ္ဍာရေး နှင့်ရင်းနှီးမြှုပ် နှံမှု ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကနေ ရွေးချယ်ပေးသွားမယ်လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေးအတွက် ပြုလုပ်တဲ့ အောင်လံလွှင့်ချီ နွေဦးထီ ကံထူးရှင်တွေအနေနဲ့လည်း ဆုမဲပေါက်တဲ့ငွေကို လုံခြုံစွာရယူနိုင်သလို CDM ဝန်ထမ်းတွေအတွက် ပြုလည်လှူဒါန်းနိုင်အောင် စီစဉ်ပေးသွားမယ်လို့ သိရပါတယ်။

အောင်လံလွှင့်ချီ နွေဦးထီကို အွန်လိုင်းကနေတဆင့် ရောင်းချခဲ့တဲ့နေ့ရက်တိုင်းမှာ နာရီပိုင်းအတွင်း သတ်မှတ်စောင်ရေကုန်ဆုံးသွားတဲ့အထိ လူစိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။DVB

သာကေတ ဓမ္မာရုံတွင် အကြမ်းဖက်စစ်ကောင်စီက တပ်စွဲထား

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ( ၉ ) ရပ်ကွက်ရှိ ကလျာဏ ဓမိက ဓမ္မာရုံ၌ ယနေ့စက်တင်ဘာ ၂၈ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်လာရောက် တပ်စွဲထားသည်ဟု ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။

” ဒီနေ့မှ လာပြီးတပ်စွဲထားတာ အခု​ထိတော့ လူအများကြီး မလာသေးဘူးဗျ။ အခုဆို ဓမ္မာရုံထဲမှာ စစ်ခွေး ၆ကောင်ပဲရှိတယ်”ဟု ၎င်းက ပြော သည်။ ယင်းအပြင် တောင်ဒဂုံ အမျိုးသားယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ တပ်စွဲထား သည်ဟု မြင်တွေ့ခဲ့ရသူတစ်ဦးက ပြောသည်။

” အဲဒီကျောင်းက လောက်ကောင်တွေပဲ ကျန်တော့တာမို့ ရွံလို့ အဲဒီရှေ့ကတောင် ဖြတ်မလျှောက်ဖြစ်တာ ကြာပြီ။ ဒီနေ့မှ အဲ့ဘက်ကိစ္စရှိလို့သွားတော့ အဲ့စစ်ခွေးတွေ အများကြီးပဲ။ ကျောင်းထဲမှာ ရှိနေတာ ”ဟု ၎င်းက အမျိုးသားယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် ကျောင်း၀န်းအတွင်းက အခြေအနေကို ပြောသည်။mizzima

« Older Entries