Category Archives: Interview

စစ်ကောင်စီနှင့်ပေါင်းနေသည့် အနုပညာရှင်များ ပြည်သူ့သစ္စာဖောက်များဖြစ်ဟု အကယ် ဒမီ မင်းမော်ကွန်းပြော

လာမယ့် ဧပြီလထဲမှာ စစ်ကောင်စီဩဇာခံ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကဦးစီးတဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲကို ကျင်းပဖို့ စီစဉ်နေပါတယ်။ ဒီနှစ်မှာကျင်းပမယ့် အကယ်ဒမီပေးပွဲက ပြီးခဲ့တဲ့ ကိုဗစ်ကာလကတည်းက ရပ်ဆိုင်းထားခဲ့ရတဲ့ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂ ခုနှစ်အတွင်းက ရုံတင်ခဲ့တဲ့ ၃ နှစ်စာကို ရုပ်ရှင်ကားတွေကို ပေါင်းပြီး အကယ်ဒမီဆု ရွေးချယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၉ ရုပ်ရှင်ဆန်ခါတင်စာရင်းကိုတော့ ၂၀၂၀ ပြည့်နှစ်ကတည်းက ထုတ်ပြန်ကြေညာထားခဲ့တာမှာ လက်ရှိ နွေဦးတော်လှန်ရေးမှာပါဝင်နေဆဲ အနုပညာရှင်တွေရဲ့ ရုပ်ရှင်ကားတွေလည်း ပါဝင်နေတာပါ။ အဲဒီအထဲမှာ အကယ်ဒမီမင်းမော်ကွန်းရဲ့ “နိုင်ငံကြီးသား” “ထာဝရထက်နှစ်ဆ” စတဲ့ ရုပ်ရှင်ကားတွေပါဝင်နေတာကြောင့် အကယ်ဒမီမင်းမော်ကွန်းကို အကယ်ဒမီပေးပွဲနဲ့ ပတ်သက်တာတွေအပြင် တော်လှန်ရေးနဲ့ ပတ်သက်တဲ့အကြောင်းအရာတချို့ကို  ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – စစ်ကောင်စီလက်အောက်မှာ ကျင်းပမယ့် အကယ်ဒမီပေးပွဲနဲ့ ပတ်သက်လို့ ကိုကျော့်ရဲ့ အမြင် ဘယ်လိုရှိပါသလဲ။

ဖြေ။ “တက်တဲ့သူတွေ‌တော့ တက်ကြမှာပေါ့။ ဒါပေမဲ့ အကယ်ဒမီစင်မြင့်ပေါ်တက်ပြီးတော့ ဘယ်သူက ဒီဆုကိုယူမလဲဆိုတာကိုပဲ ကျနော်တို့က စိတ်ဝင်တစားစောင့်ကြည့်ရမှာပေါ့။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ သူတို့က ပေးပြီးတော့ မယူပြန်ဘူးဆိုရင်တော့ အခက်အခဲဖြစ်နိုင်တဲ့ကိစ္စတွေလည်း ကြိုတော့မြင်နေရတယ်။ တချို့တွေက ဘေးကျပ်နံကျပ်ထဲ နေနေရတယ်ပေါ့။ တချို့တွေကတော့ အဲဒီလိုမဟုတ်ဘူး ဟိုဘက်ကို ပေါ်ပေါ်ထင်ထင်ကူး သွားပြီးတော့ ပြည်သူကို သစ္စာဖောက်သွားတာတွေရှိပါတယ်။ သစ္စာဖောက်လို့ ပြောတဲ့နေရာမှာ တော်လှန်ရေးအစပိုင်းတုန်းက ပြည်သူနဲ့တသားတည်းဆိုပြီး လိမ်ညာခဲ့ပြီးတော့ အခုချိန်မှာ စကစဘက်က ပေါ်ပေါ်ထင်ထင် ရပ်တည်သွားတဲ့သူမျိုးတွေကို သစ္စာ ဖောက်တယ်လို့ပဲ ကျနော်သုံးချင်ပါတယ်။”

“ကျနော်တို့ ဖျော်ဖြေရေးနဲ့ဆိုင်တဲ့ အနုပညာလုပ်ငန်းရုပ်ရှင်ဖြစ်ဖြစ် ဂီတဖြစ်ဖြစ်ပေါ့ အားလုံးက ငွေကြေးနဲ့ သက်ဆိုင်နေတယ်၊ Commercial art ဖြစ်တဲ့အတွက် ကျနော်တို့ တိုင်းပြည် အဆင်ပြေနေမှ ကျနော်တို့ ပြည်သူတွေပြေလည်နေမှ ကျနော်တို့အနုပညာတွေလည်း စီးပွားရေးအရအောင်မြင်မှာ ဖြစ်ပါတယ်။ ကျပ်တည်းနေရင် ရုပ်ရှင်တွေမကြည့်တော့ဘူး စတိတ်ရှိုးတွေ သွားမကြည့်တော့ဘူး။ ဒါပေမဲ့ ဆန်ဈေးတွေ ဆီဈေးတွေတက်ရင်လည်း ဝယ်ရမယ်သုံးရမယ်။ ကားခဆီဈေးတွေတက်ရင်လည်း ဒါမဖြစ်မနေ ကျောင်းသွား ရုံးသွားဖို့ ဝယ်သုံးရမှာပဲ။ ဒါပေမဲ့ တဖက်မှာဖျော်ဖြေရေးနဲ့ပတ်သက်တာတွေ အပျော်အပါးတွေကို လျှော့ချ ကြမှာဖြစ်တယ်။ နောက်တနည်းပြောရရင် ပြည်သူတွေ အဆင်ပြေနေဖို့ လိုပါတယ်။ အနုပညာတွေ အရင်မလုပ်ဘဲနဲ့ ကျနော်တို့က တိုင်းပြည်ကောင်းစားဖို့ ပြည်သူအဆင်ပြေဖို့ ရှေးရှုပြီးတော့ အရင်လုပ်ရပါမယ်။ ဒါတွေကို အရင်မလုပ်ဘဲနဲ့ စကစနဲ့ပေါင်းပြီးတော့ ပြည်သူကို ညာစားနေတဲ့ အနုပညာရှင်တွေသည် ပြည်သူကို သစ္စာဖောက်တဲ့ သရဲဘောကြောင်တဲ့ အနုပညာသမားတွေ  ပဲဖြစ်ပါတယ်ခင်ဗျ။”

မေး။ နောက်တခုကတော့ ဒီနှစ်အကယ်ဒမီပေးပွဲမှာ အရင်အစိုးရလက်ထက်ကတည်းက ထုတ်ပြန်ထားပြီးသား ၂၀၁၉ ဆန်ခါတင်ကားတွေကိုလည်း ထည့်သွင်း ရွေးချယ်သွားမယ်လို့ ပြောထားတာဆိုတော့ ကိုကျော့် ရုပ်ရှင်ကားတွေလည်းပါဝင်နေတယ်။ ဆိုတော့ အနုပညာရှင်တစ်ယောက်အနေနဲ့ ဘာများပြောချင်ပါသလဲ။

ဖြေ။ ‘ကျနော်က တိုင်းပြည်အေးချမ်းနေတဲ့အချိန်တုန်းကတောင် အကယ်ဒမီဆိုတာကို လိုချင်ခဲ့တာ မဟုတ်ပါဘူးဗျ။ အခုလိုအချိန်ဆိုတော့ ပိုဆိုးတာပေါ့။ ပေးတာမပေးတာ သူတို့အပိုင်းပါပဲ။ လက်ခံခြင်းမခံခြင်းကတော့ ကျနော်တို့အပိုင်းပါပဲ ကျနော်တို့က လုပ်စရာရှိတာကို ပြတ် ပြတ်သားသားလုပ်ခဲ့ပြီးသားဆိုတာ အားလုံးသိပါတယ်။ အဲဒါကြောင့်မို့ အကယ်ဒမီဆိုတဲ့ ကိစ္စတွေနဲ့ ကျနော်နဲ့က ဘာမှသက်ဆိုင်ခြင်းလည်း မရှိတော့ဘူး။ နောက်ပြီးတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေပြီးတော့လည်း ကျနော့် သဘောဆန္ဒအလျောက် နုတ်ထွက်ပြီးသားဆိုတာလည်း အများသိအောင်ကြေညာပြီးသားဖြစ်တယ်။ စကစကိုလည်း အစကတည်းက တော်လှန်ခဲ့တာဆိုတော့ ရုပ်ရှင်အစည်းအရုံးရော စကစရောက လုပ်တဲ့ ဘယ်လိုပွဲမျိုးနဲ့မဆို ကျနော်နဲ့ မသက်ဆိုင်ပါဘူး။”

မေး။ လက်ရှိမှာ စစ်ကောင်စီက ဖမ်းဆီးထားခဲ့တဲ့ အနုပညာရှင်တွေကို ပြန်လွှတ်ပေးပြီး အနုပညာအလုပ်တွေ ထဲပါဝင်စေတာမျိုး၊ နောက်ပီးတော့ အဲဒီအနုပညာရှင်တွေပါတဲ့ရုပ်ရှင်တွေ ဇာတ်လမ်းတွေကို ပြသနေတာမျိုးတွေ လုပ်နေတာဟာ စစ်ကောင်စီရဲ့ လှည့်ကွက်တခုလို့ ထင်ပါသလား။

ဖြေ- “အဓိက ကတော့ ခုနက ကျနော်ပြောသလို နှစ်ပိုင်းရှိတာပေါ့။ သူတို့ဘက်ကို ပါသွားတဲ့သူတွေနဲ့တော့ သူတို့က ပျော်ပျော်ကြီးကျင်းပမယ် လုပ်နေမယ်ပေါ့။ သူတို့ဘက်ကို မရပ်တည်တဲ့သူတွေကိုကျတော့ ပိုပြီးတော့ ကျဉ်းထဲ ကျပ်ထဲ ရောက်လာအောင် ပိုပြီးတော့ ပရိသတ်နဲ့ စိတ် ဝမ်းကွဲအောင်အကြောင်းတွေ ဖန်တီးမယ်ဆိုတော့ ကျနော်ကတော့ ဒါကိုမြင်ပီးသားပါ။ တော်လှန်ရေးရှည်ကြာလာတာနဲ့အမျှ သူတို့ကတော့ ဉာဏ်နီဉာဏ်နက်မျိုးစုံကို ထုတ်သုံးနေမှာပါပဲ။”

မေး။  တော်လှန်ရေးကာလ တလျောက်မှာ အခက်အခဲတွေကြုံရတဲ့အခါ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းတာတွေရှိမှာဆိုတော့ ဘယ် လိုမျိုး ကျော်ဖြတ်ခဲ့ရလဲ။

ဖြေ။ “ကျနော်တို့က တောထဲမှာလည်းနေခဲ့ဖူးတယ်။ အခု ဒီနိုင်ငံမှာလည်းနေနေတယ်ဆိုတော့ တောထဲလည်း တော်ထဲအလျောက် ဒီမှာဆိုလည်း ဒီမှာအလျောက်မတူတဲ့ အခက်အခဲတွေ မျိုးစုံရှိပါတယ်။ တခါတလေမှာလည်း ကျနော်တို့ကိုယ်တိုင်လည်း လူဖြစ်တဲ့အလျောက် စိတ်ဓာတ်ကျတဲ့အခါမျိုးတွေလည်းရှိပါတယ်။ ဒါပေမဲ့ အမြဲကြီးတော့ မဟုတ်ဘူးပေါ့၊ ကျသွားလိုက် ပြန်ပြီး တော်လှန်ရေးမှာလုပ်ရမယ်ဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ထူမတ်လိုက်ပေါ့။ ဒီလိုပဲ အားလုံးလည်း သွားနေရမယ်ထင်တာပဲ။ အထူးသဖြင့်တော့ တောထဲက ကျနော်တို့ ညီ အစ် ကိုမောင်နှမတွေကိုပိုပြီးတော့ကိုယ်ချင်းစာပါတယ်။ ဒါ့ကြောင့်အများကြီးတော့ မညည်းချင်ဘူး။ တခါတလေကျတော့လည်း ပြန်ပြီးတော့ မထချင်လောက်အောင် ဖြစ်ရတာမျိုးတွေလည်းရှိပါတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ ကြိုးစားပြီး ပြန်ထူမတ်နေဆဲပေါ့။”

မေး-တော်လှန်ရေးရှည်ကြာလာတဲ့အခါမှာ ပါဝင်နေကြတဲ့အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေနဲ့ တော်လှန်ရေးရဲဘော်တွေက မတူတဲ့ပုံစံတွေနဲ့ တိုက်ခိုက်ခံရတာမျိုးတွေ ကြုံလာကြတဲ့အခါ တချို့သူတွေက လက်လျော့နောက်ဆုတ်သွားကြတာမျိုးတွေလည်းရှိလာတဲ့အပေါ် ဘာများပြောချင်လဲ။

ဖြေ။ “ကျနော်တို့ ညီအစ်ကိုတွေကိုကျနော်တခုပဲပြောချင်တာက ပြည်တွင်းမှာ ကြံ့ကြံ့ခံနေကြတဲ့ ပြည်သူတွေရော၊ တောထဲက ရဲဘော်တွေရော၊ ပြည်ပမှာရှိနေတဲ့ လူတွေရော အကုန်လုံးက ကြံ့ကြံ့ခံရင်းနဲ့ ရပ်တည်နေကြရတာပါ။ ဒီလိုအခက်အခဲတွေကြုံလာရတဲ့အခါ ကျနော်တို့ စိတ်ဓာတ်ကျလို့တော့ရပါတယ်။ ဒါပေမဲ့ လက်လျော့လိုက်လို့တော့မရပါဘူး။ နဂိုတည်းက ပါလာခဲ့တဲ့ အရှိန်အဟုန်အတိုင်းပဲ ဆက်ပြီးတော့ ကြိုးစားပေးနေစေချင်ပါတယ်။ ဒါမှလည်း ကျနော်တို့တော်လှန်ရေးက အချိန်မှီအတွင်းမှာ အောင်မြင်ပါလိမ့်မယ်။ အဲဒီလို မြန်မြန်ဆန်ဆန်အောင်မြင်ဖို့လည်း လိုပါတယ်။ ဒီနေ့ချိန်ထိ ပြည်တွင်းမှာ အသက်ဆုံးရှုံးနေရတဲ့ အိုးအိမ်တွေ ဆုံးရှုံးနေရတဲ့ တိုင်းရင်းသားတွေ ညီအစ်ကို မောင်နှမတွေ အများကြီးရှိနေပါတယ်။ သူတို့ အတွက်ကို ကျနော်တို့က မဖြစ်မနေ ဆက်ပြီးတော့ ကြိုးစားနေဖို့တော့ လိုပါတယ်။”

မေး – တခြားဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါ။

ဖြေ။ “အဓိကကတော့ ကျနော်တို့ ဒီတော်လှန်ရေးက မြန်မြန်အောင်မြင်ဖို့ လိုအပ်နေပါပြီ ဟိုဘက်ကလည်း တနေ့တခြားဆုံးရှုံးမှုတွေ ရှိလာသလို သူတို့ခြေကုပ်ယူနိုင်တာတွေ အင်အားကြီးထွားလာတဲ့ အကြောင်းအရာတွေလည်း ရှိနေပါတယ်။ ဆိုတော့ ကျနော်တို့ တော်လှန်ရေး အမြန်အောင်မြင်အောင် ညီညီညွတ်ညွတ်နဲ့ အရှိန်အဟုန်မြှင့်တင်ပြီးတော့ လုပ်ဖို့လည်း လိုပါလိမ့်မယ်။ နောက်ထပ် ကျနော်တို့ ဒီတော်လှန်ရေးထဲမှာ ရန်သူကိုရင်ဆိုင်တဲ့အခါ ကိုယ့်အချင်းချင်းက အပြစ်တင်ပြီးတော့ တယောက် တပေါက်နဲ့ ရင်ဆိုင်ဖို့ဆို မလွယ်ကူနိုင်ပါဘူး။ ဆိုတော့ ကိုယ့် အချင်းချင်းလည်း ယုံကြည်ရမှာဖြစ်သလို အချင်းချင်းဖေးမပြီး စာနာနားလည်ပြီး ရှေ့ဆက်ဖို့ လိုပါလိမ့်မယ်ခင်ဗျ။ အားလုံးကိုလည်း ကျနော်က ကျေးဇူးတင်ပါတယ်။”DVB

အဆုံးသတ်တွင် ပိုမိုတရားမျှတ၊ ဒီမိုကရေစီအနှစ်သာရရှိသည့် မြန်မာပြည်ထောင်စု ပေါ် ပေါက်လာမည်ဟု နိုလင်းဟေဇာပြော

မြန်မာ့အရေးငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းလို့ရနိုင်မယ့် နည်းလမ်းကို ထောက်ပံ့ အားပေးမှာဖြစ်ပြီး နောက်ဆုံးမှာ ပိုမိုတရားမျှတဲ့၊ ဒီမိုကရေစီအ နှစ်သာရရှိတဲ့ မြန်မာပြည်ထောင်စု ပေါ်ပေါက်လာ လိမ့်မယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက ပြောလိုက်ပါတယ်။ 

မတ်လ ၁၆ ရက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ အစည်းအဝေးပြီးနောက် သတင်းထောက်တွေက မေးမြန်းရာမှာ နိုလင်းဟေဇာကပြောကြားလိုက်တာပါ။ 

အာဆီယံရဲ့ သဘောတူညီချက် ၅ ချက်ဟာ ထူးခြားထိရောက်မှုမရှိတာကြောင့် မြန်မာ့အရေးကို တခြားနည်းနဲ့ ဖြေရှင်းလို့ မရနိုင်ဘူးလားလို့ သတင်းထောက်တစ်ဦးက မေးမြန်းခဲ့တာကို မြန်မာ့အရေးဟာ ဒေသတွင်းအဖွဲ့သို့မဟုတ် တစ်နိုင်ငံတည်းက ဖြေရှင်းလို့ရနိုင်တဲ့ ပြဿနာ မ ဟုတ်ဘဲ နိုင်ငံတကာက ဝိုင်းဝန်းကူညီဖြေရှင်းပေးဖို့လိုတယ်၊ မြန်မာနိုင်ငံသားတွေရဲ့ဆန္ဒနဲ့ ကိုက်ညီတဲ့ရလဒ်ဖြစ်ဖို့ အရေးကြီးတယ်လို့  မစ္စနိုလင်းဟေဇာက ပြန်လည်ဖြေကြားခဲ့ပါတယ်။ 

နောက်ထပ်သတင်းထောက်တစ်ယောက်က မြန်မာ့ပဋိပက္ခတွေထဲမှာ ဘယ်တစ်ခုက အရေးကြီးဆုံးဖြစ်ပြီး ဘယ်ပြဿနာတွေကို နိုင်ငံတကာက ဝိုင်းဝန်ကူညီဖြေရှင်းပေးနိုင်မလဲ မေးမြန်းတာကို လူမှုကူညီကယ်ဆယ်ရေး အရေးပေါ်လိုအပ်နေသူတွေဆီကို အကူအညီတွေရောက်အောင်ပို့ဆောင်ဖို့အတွက် ဒေသခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ ပြန်ဖြေခဲ့ပါတယ်။ အလှူရှင်တွေအနေနဲ့လည်း လိုအပ်သူတွေအလွယ်တကူ လာရောက်ဆက်သွယ်နိုင်အောင် ပြင်ဆင်ထားကြဖို့ တိုက်တွန်းသွားပါတယ်။ 

နောက်ထပ် သတင်းထောက်တစ်ဦဟကလည်း မြန်မာနိုင်ငံကို နောက်တစ်ကြိမ်ထပ်သွားဖို့ရှိမရှိ၊ NUG ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိမရှိမေး မြန်းခဲ့တာကို NUG ခေါင်းဆောင်တွေသာမက မှုကူညီရေးအဖွဲ့အစည်းတွေ အပါအဝင် ဒေသခံအဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့တွေနဲ့ အမျိုးသမီးအဖွဲ့အစည်းတွေပါ ထိတွေ့ဆက်ဆံမှုတွေရှိတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

တကယ်လို့ အပြောင်းအလဲတစ်ခုခုဖော်ဆောင်နိုင်ဖို့ရှိရင်တော့ မြန်မာနိုင်ငံကိုထပ်သွားမှာဖြစ်ပြီး အကျိုးမရှိဘဲနဲ့ ထပ်သွားဖို့ မရှိဘူးလို့ ပြောပါတယ်။

အဲဒီသတင်းထောက်ကပဲ  ဆက်လက်ပြီး မြန်မာ့အရေးကို ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ မဖြစ်နိုင်ဘူးလို့လည်းပြောသလို ငြိမ်းချမ်းစွာ အဖြေရှာရေးလုပ်ငန်းစဉ်တွေကိုလည်း ထောက်ပံ့အားပေးရမယ် ဆိုတာကြောင့် မြန်မာ့ပြဿနာအဖြေရှာရေး ရှေ့ခရီးစဉ်မှာ ဘယ်လိုတွေဖြစ်လာမလဲလို့ မေးမြန်းရာမှာ ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေးကို အားပေးထောက်ပံ့ရမှာ ဖြစ်သလို ပြည်သူတွေလိုလားတဲ့ ဆန္ဒအတိုင်းလဲ ဖြစ်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။ အနာဂတ်မှာ ပိုပြီးရားမျှတတဲ့၊ ပိုပြီး ဒိမိုကရေစီအနှစ်သာရရှိတဲ့ မြန်မာပြည်ထောင်စု ပေါ်ပေါက်လာလိမ့်မယ်လို့ သူကပြောခဲ့ပါတယ်။

နိုင်လင်းဟေဇာနှင့် သတင်းထောက်များ၏အမေးအဖြေ  

သတင်းထောက်။ အရပ်သားတွေ ခေါင်းဖြတ်အသတ်ခံရတာတွေအပါအဝင် မြန်မာနိုင်ငံမှာ အခြေအနေတွေ ပိုမိုဆိုးရွားလာနေပြီး မြန်မြန်ဆန်ဆန်အရေးယူဖို့ လိုအပ်နေတယ်လို့ မစ္စနိုလင်းဟေဇာက ပြောခဲ့တဲ့အတိုင်း နိုင်ငံရေးအရချဉ်းကပ်တဲ့နေရာမှာလည်း အာဆီယံဟာ အခုဆိုရင် မြန်မာနိုင်ငံမှာ အာဏာသိမ်းခဲ့တာ နှစ်နှစ်ကျော်လာတဲ့အထိ ဘာမှထူးထူးခြားခြား တိုးတက်အောင်ဆောင်ရွက်နိုင်ခြင်းမရှိသေးဘူးဆိုတော့ မြန်မာ့အရေးကို တခြားနည်းလမ်းနဲ့ ဖြေရှင်းဖို့ မဖြစ်နိုင်ဘူးလား။ မြန်မာစစ်အာဏာရှင်တွေအပေါ်မှာ လုံလောက်တဲ့ ဖိအားမပေးနိုင်သလို့ သူတို့ဘက်ကလည်း ပြောင်းလဲတိုးတက်ဖို့ ဆောင်ရွက်တာဘာမှမတွေ့ရဘူးလို့ တချို့ စောင့်ကြည့်သူတွေနဲ့ တချို့နိုင်ငံတွေကလည်း ပြောနေကြပါတယ်။

နိုလင်းဟေဇာ – “ကျေးဇူးတင်ပါတယ်။ ကျမတို့က မြန်မာ့အရေးမှာ အာဆီယံက ဦးဆောင်ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဆောင်ရွက်ဖို့ နိုင်ငံတကာက သဘောတူထားတာပါ။ မြန်မာ့အရေးမှာ အာဆီယံရဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ၅ ချက်ကို အချိန်အကန့်အသတ်နဲ့ သတ်မှတ်ထားတဲ့အချိန်အတွင်း ခိုင်ခိုင်မာမာနဲ့ ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မလားဆိုတာကို ကျမတို့က စောင့်ကြည့်ပြီး မဖြစ်လာခဲ့ရင်လည်း ပိုမိုကြီးလေးတဲ့ အပြစ်ဒဏ်တွေနဲ့ အရေးယူနိုင်ဖို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။”

“ကျမနေပြည်တော်ကို သွားတဲ့အချိန်တုန်းကလည်း စစ်ကောင်စီရဲ့ ခေါင်းဆောင်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ၊ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာတွေ၊ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးနေတာတွေဟာ မလိုအပ်ဘဲ ချက်ချင်းရပ်တန့်လို့ရတဲ့ ကိစ္စတွေဖြစ်တယ်ဆိုတာ ကျမအလေးအနက်ပြောခဲ့ပါတယ်။ အာဆီယံကလည်း ဒီလုပ်ငန်းစဉ်တွေကို သူတဖွဲ့တည်း လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒေသအလိုက်ကြိုးပမ်းမှုပုံစံနဲ့ သွားရမှာပါ။ ဘာပဲဖြစ်ဖြစ် မြန်မာ့အရေးဟာ မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒအတိုင်း မြန်မာနိုင်ငံက ဦးဆောင်တဲ့ လုပ်ငန်းစဉ်တွေဖြစ်ဖို့ အရေးကြီးပါတယ်။ ကျမတို့က ဒေသတွင်းနိုင်ငံတွေတင်မကဘဲ နိုင်ငံတကာက ပူးပေါင်းကူညီးဆောင်ရွက်ပေးဖို့လည်း လိုပါတယ်။ ဒီနေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ချမှတ်နိုင်လိုက်တဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ကျမတော်တော်လေး အားရပါတယ်။”

သတင်းထောက်။ ။ အခုချိန်မှာ မြန်မာနိုင်ငံနဲ့ ပါတ်သက်တဲ့ ပြဿနာတွေ အများအပြားရှိနေမှာဖြစ်ပြီး အဲဒီထဲက ဘယ်ပြဿနာဟာ အမြန်ဆုံးဖြေရှင်းရမယ့် အရေးအကြီးဖြစ်ပြီး နိုင်ငံတကာရဲ့ အကူအညီနဲ့ ဖြေရှင်းနိုင်မယ့် ပြဿနာကရော ဘာတွေ ဖြစ်နိုင်မလဲ။

နိုလင်းဟေဇာ။ “မြန်မာ့အရေးမှာ လူမှုကူညီကယ်ဆယ်ရေးတွေလည်း အမြောက်အမြား လိုအပ်နေတာဖြစ်ပါတယ်။ ဒီပြဿနာမှာ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေပါတယ်။ နိုင်ငံရေးကပ်ဆိုက်တာလည်းပါတယ်။ လူမှုကူညီကယ်ဆယ်ရေးလိုအပ်နေတဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပြဿနာတွေပါတယ်။ လူမှုရေးနဲ့ စီးပွားရေးပြဿနာတွေပါတယ်။  အဲဒါကြောင့် ကျမတို့ အခုလုပ်သင့်တာက လူမှုကူညီ ကယ်ဆယ်ရေးလိုအပ်နေတဲ့ နေရာတွေကို သိရအောင်လုပ်ပြီး လူမှုရေးကူညီမှုတွေ ရောက်အောင်ပေးပို့နိုင်ဖို့ဖြစ်တယ်။ အကူအညီလိုအပ်နေတဲ့ နေရာတွေဟာ ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေဖြစ်တာကြောင့် ကူညီထောက်ပံ့ရေးတွေ လိုအပ်နေသူတွေဆီ ရောက်ဖို့ အလွန်ခက်ခဲနေတာတွေကိုလည်း ကျမတို့ ကြားသိနေရပါတယ်။ ဒါကြောင့် သူတို့ဆီကို အဘက်ဘက်ကနေ နည်းလမ်းပေါင်းစုံနဲ့ အကူအညီတွေ ရောက်အောင်ပို့ပေးနိုင်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ဖို့လိုနေပါတယ်။ အလှူရှင်တွေဘက်ကလည်း သူတို့ဆီကို ဒေသခံအဖွဲ့အစည်းတွေကနေ ပိုပြီးတော့ အလွယ်တကူဆက်သွယ်နိုင်အောင် ဆောင်ရွက်ဖို့လိုပါတယ်။”

သတင်းထောက်။ မေးချင်တာတွေကတော့ ၁။ မစ္စနိုလင်းဟေဇာအနေနဲ့ မြန်မာနိုင်ငံကို နောက်တစ်ခေါက်သွားပြီး စစ်ကောင်စီခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ရှိပါသလား။ ၂။ ပထမအကြိမ်သွားတုန်းက စစ်ကောင်စီနဲ့ တွေ့ခဲ့ပေမယ့် NUG အပါအဝင် ဘယ်အတိုက်အခံအဖွဲ့အစည်းနဲ့မှ တွေ့ဆုံဆွေးနွေးခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ NUG အပါအဝင် အတိုင်အခံအဖွဲ့အစည်းတွေနဲ့ လူသိရှင်ကြားတွေ့ဆုံဆွေးနွေးသွားဖို့ရှိပါသလား။  ၃။ အထွေထွေညီလာခံမှာ အစီရင်ခံစဉ်တုန်း မြန်မာနိုင်ငံမှာ နှစ်ဘက်လုံးက အင်အားသုံးပြီး အနိုင်ယူဖို့ ကြိုးစားနေကြတာဖြစ်လို့ ဆွေးနွေးညှိနှိုင်းမှုနဲ့ အဖြေရှာနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။ အဲဒီနောက် ဆွေးနွေးညှိနှိုင်းပြီး ပဋိပက္ခတွေအဆုံးသတ်နိုင်ရေးကိုလည်း ဆောင်ရွက်နေတယ်ဆိုတော့ ရှေ့မှာ ဘယ်လိုတွေဆောင်ရွက်သွားဖို့ ရှိလဲဆိုတာ သိချင်ပါတယ်။

ဖြေ-နိုလင်းဟေဇာ။ “ဒုတိယမေးခွန်းကနေ စဖြေပါမယ်။ ကျမဒီတာဝန်ကို စပြီးယူရတဲ့ အချိန်ကနေစပြီး NUG ရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေရှိသလို ဒေသခံအဖွဲ့အစည်းတွေနဲ့လည်း ကျမနီးနီးကပ်ကပ်ထိတွေ့မှုတွေရှိပါတယ်။ ကျမရဲ့ ချဉ်းကပ်ပုံက ပြဿနာကို အရင်ဆုံးနားထောင်တာဖြစ်တာကြောင့် ဒေသခံလူမှုကူညီကယ်ဆယ်ရေး အသင်းအဖွဲ့တွေ အမျိုးသမီးအဖွဲ့အစည်းတွေ၊ တိုင်းရင်သားလက်နက် ကိုင်တွေ အပါအဝင် အားလုံးနဲ့ အမြဲတမ်းထိတွေ့မှုတွေ ရှိနေပါတယ်။”

“မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒရှိတဲ့အတိုင်း မြန်မာနိုင်ငံကဦးဆောင်တဲ့ လုပ်ငန်းစဉ်တွေဖြစ်ရပါမယ်။ NUG နဲ့ CRPH က ခေါင်းဆောင်တွေနဲ့ ကျမနဲ့တွေ့ဆုံခဲ့တာတွေကို အများမြင်သာအောင် ထုတ်ပြန်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။ NUG နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဖို့ကိုလည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကပဲ စီစဉ်ခဲ့ပါသေးတယ်။ ဒါကြောင့် NUG အပါအဝင် အတိုက်အခံတွေနဲ့ မတွေ့ဖြစ်ဘူးဆိုတာဟာ နားလည်မှုလွဲတာပါ။ လူတိုင်းက အလုပ်တွေရှုပ်နေကြတာဆိုတော့ သတင်းတွေကို တချိန်တည်း၊တပြိုင်တည်း မရနိုင်တာ ကျမနားလည်ပါတယ်။”

“မြန်မာနိုင်ငံကို ပြန်သွားပြီး စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ရှိသေးလာဆိုတာကတော့ ကျမသွားလို့ အကျိုးရှိမယ်ဆိုရင် ကျမသွားပါမယ်။ အဲလိုမဟုတ်ရင်တော့ သွားဖို့ မရှိပါဘူး။ အဓိပ္ပါယ်ရှိတဲ့ အပြောင်းအလဲတစ်ခု ကျမဖန်တီးပေးနိုင်မယ်ဆိုရင် သွားပါမယ်။ ဒါကြောင့် ကျမတို့က လက် လျော့လိုက်လို့ မရပါဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းလို့ရနိုင်မယ့် နည်းလမ်းကို ကျမတို့က ထောက်ပံ့ အားပေးရမှာဖြစ်ပါတယ်။”

“တစ်ခုရှိတာက အကန့်အသတ်လေးတွေကိုတော့ နားလည်ဖို့လိုပါတယ်။ မြန်မာနိုင်ငံသားတွေ ခံစားနေရတဲ့ ကပ်ဘေးနဲ့ နိုင်ငံပြိုလဲကျသွားမယ့်အရေးကို မြန်မာနိုင်ငံသားတွေ လက်မခံနိုင်တဲ့အကြောင်းကို သူတို့နားလည်ပြီး အာရုံစိုက်လာအောင် လုပ်နိုင်မယ်ဆိုရင်ပေါ့။  ဒေသခံအဖွဲ့အစည်းတွေနဲ့သာမက နိုင်ငံတကာနဲ့ ကျမတို့ ဆွေးနွေးနေတာတွေ အများကြီးရှိပါတယ်။ အဲဒါကြောင့် နောက်ဆုံးမှာ ပိုပြီးတရားမျှတတဲ့၊ ပိုပြီး ဒိမိုကရေစီအနှစ်သာရရှိတဲ့ မြန်မာပြည်ထောင်စုပေါ်ပေါက်လာမှာပါ။ ကျေးဇူးတင်ပါတယ်။ DVB

နမ့်ဆန်တွင် ၅ ရက်မြောက် TNLA နှင့် စစ်တပ်တို့ တိုက်ပွဲပြင်းထန်၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပြင် ရဟတ် ယာဉ်များဖြင့် စစ်လက်နက်နှင့် စစ် အင်အားများချထား

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်တွင် စစ်တပ်က ပလောင် TNLA တပ်ကို ရုတ်တ ရက် ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့မှစတင်ပြီး ယနေ့ ဒီဇင် ဘာလ ၁၁ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး စစ်တပ်က လေကြောင်းသုံး၍ အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိကြောင်း သိရှိရသည်။

လက်ရှိတွင် တိုက်ပွဲ ဖြစ်ပွားမှု သည် ၅ ရက်တာကြာမြင့်လာပြီး တိုက်ပွဲ အခြေ အနေ အသေးစိတ်သိရှိနိုင်ရန် TNLA ပြောခွင့်ရ ပုဂ္ဂိုလ် ဒုတိယ ဗိုလ်မှူး ကြီးတာအိုက်ကျော်ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လက်ရှိ နမ့်ဆန်မှာ ဖြစ်နေတဲ့ တိုက်ပွဲ နောက် ဆုံး အခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ တိုက်ပွဲကတော့ ဒီဇင်ဘာ ၇ ရက်နေ့ကနေပြီးတော့ ဒီနေ့အထိ ဆက်ပြီး ဖြစ်ပွားနေတယ်။ ဒီမနက် ၁၀ နာရီခွဲမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပစ်ခတ်မှုတွေဖြစ်တယ်။ နမ့်ဆန်ဘက်ရော မန်တုံဘက်ရော ရဟတ်ယာဉ်တွေနဲ့ လူတွေ ပစ္စည်းတွေ လက်ရှိ စစ်ပစ္စည်းတွေ လာချသွားတာရှိတယ်။ တိုက်ပွဲဖြစ်တာကတော့ နမ့်ဆန်မြို့နယ်ကုန်းသာကျေးရွာမှာပါ။

မေး။ ။ လက်ရှိ နှစ်ဖက် အထိအခိုက် သေဆုံးမှုအခြေအနေကရော။

ဖြေ။ ။ တိုက်ပွဲဖြစ်တဲ့နေရာမှာ နှစ်ဖက် ထိခိုက်မှုရှိနိုင်တယ်။ ဒါပေမယ့် အသေးစိတ် မသိရသေးဘူး။ တိုက်ပွဲဖြစ်တဲ့နေရာက ဌာနချုပ်မဟုတ်ပါဘူး။ ကုန်းသာကျေးရွာဖြစ်ပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့က ရဟတ်ယာဉ်တွေနဲ့ လူလာချသွားတယ်။ လူတွေ လာချပြီး အဲဒီမှာ ကျနော်တို့ တပ်ဖွဲ့ဝင်တွေရွာထဲမှာ ရှိနေတာ့ တိုက်ပွဲဖြစ်တယ်။

မေး။ ။ အခု စစ်တပ်ကို TNLA ဘက်က ပတ်ပတ်လည် ၀ိုင်းပြီး ပိတ်ဆို့ထားနိုင်တယ်ဆိုတာရော ဟုတ်ပါလား။

ဖြေ။ ။ အဲဒီလိုမျိုးပတ်ပတ်လည်တော့မဟုတ်ဘူး။ ရွာထဲမှာ TNLA တပ်သားတွေ ရှိတယ်။ သူတို့က လူတွေကို ရဟတ်ယာဉ်တွေနဲ့ ရွာထဲကို ချတယ်။ ချပြီးတာနဲ့ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်နေတာ ဒီနေ့အထိပေါ့။

မေး။ ။ ငြိမ်းချမ်းရေးအလားအလာ က ဘယ်လိုရှိမလဲ။

ဖြေ။ ။ သူတို့ လူတွေ လာချလို့ တိုက်ပွဲဖြစ်နေတာလေ။ တိုက်ပွဲအလားအလာ က ဘယ်လိုရှိမလဲဆိုတာ ခန့်မှန်းရခက်ပါတယ်။

မေး။ ။ မြောက်ပိုင်းမဟာမိတ်တွေနဲ့ရော လက်ရှိ စစ်တပ်က TNLA ကို ထိုးစစ်ဆင်လာတဲ့အပေါ် ဘယ်လိုတုံ့ပြန်သွားမလဲ။ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေနဲ့ တိုင်ပင်ဆွေးနွေးတာရှိလား။

ဖြေ။ ။ အဲဒါတော့မရှိပါဘူး။ khit thit

ဦးဆောင်သံဃာကိုမမိသဖြင့် သံဃာအချို့အား ဖမ်းဆီးခဲ့သည့်အပေါ် သံဃသမဂ္ဂ(မန္တလေး) ကန့်ကွက်

မန္တလေးမြို့မှာ သံဃသမဂ္ဂ ဦးဆောင်သံဃာတော်ကို ဖမ်းမမိတဲ့အတွက် အခြားသံဃာအချို့ကို ပြန်ပေးဆွဲသလို ဖမ်းဆီးချုပ်နှောင်ခဲ့တဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း သံဃသမဂ္ဂ(မန္တလေး) က နိုဝင်ဘာ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်သားတွေဟာ နိုဝင်ဘာ ၂ ရက် နေ့ခင်း ၁ နာရီလောက်က မန္တလေးမြို့ မိုးကောင်းကျောင်းတိုက်အတွင်း ယခင်က သီတင်းသုံးနေထိုင်ခဲ့တဲ့ သံဃသမဂ္ဂ ဦးဆောင်ရဟန်းတပါးကို ဖမ်းဆီးဖို့ ဝင်ရောက်ရှာဖွေခဲ့ပါတယ်။

ဖမ်းဆီးလိုတဲ့ သံဃသမဂ္ဂ ဦးဆောင်ရဟန်းတော်ကို ဖမ်းမမိတာကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေက ည ၇ နာရီကျော်မှာ ဒုတိ ယအကြိမ်  မိုးကောင်းကျောင်းတိုက်အတွင်း ဝင်ရောက်လာပြီး သံဃသမဂ္ဂ(မန္တလေး) နဲ့ လုံးဝပတ်သက်ဆက်နွှယ်ခြင်းမရှိတဲ့ ဦးအဇ္ဇုနနဲ့ ရှင်ကုသလတို့ကို စာအံကျောင်းတက်နေချိန် ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးစဉ်က “မေးစရာရှိလို့ ခဏခေါ်သွားမည်၊ ပြန်ပို့ပေးပါမည်” ဟု ဆရာတော်ကြီးကို ​လျှောက်ထား ခေါ်ဆောင်သွားခဲ့ပေမယ့် နိုဝင်ဘာ ၆ ရက် ဒီနေ့အထိ ပြန်မလွှတ်သေးဘဲ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သံဃသမဂ္ဂ (မန္တလေး) က ထုတ်ပြန်ထားပါတယ်။

မတရားဖမ်းဆီးခံထားရတဲ့ ဦးအဇ္ဇုန နဲ့ ရှင်ကုသလတို့အား ညှဉ်းပန်းနှိပ်စက်မှုကြောင့် ကျန်းမာရေးနဲ့ အသက်အန္တရာယ်တစုံတရာဖြစ်ခဲ့ပါက အကြမ်းဖက် ဖမ်းဆီးခဲ့သူတွေသာ တာဝန်ခံ တာဝန်ယူကြရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ DVB

အာဏာသိမ်းခဲ့သည့်အပေါ် စစ်ခေါင်းဆောင်နောင်တရပုံရှိဟု RCSS ဥက္ကဋ္ဌ ယွက်စစ်ပြော

မြန်မာပြည်မှာ အာဏာသိမ်းခဲ့တဲ့အပေါ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နောင်တရမယ့်ပုံရှိတယ်လို့  RCSS/SSA ရှမ်းပြည်တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ThaiPBS သတင်းဌာနနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ  ပြောကြားလိုက်ပါတယ်။ 

အောက်တိုဘာ ၁၇ ရက်နေ့က ထုတ်လွှင့်သွားတဲ့  အဆိုပါအင်တာဗျူးမှာ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲအခြေအနေတွေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ် အမြင်သဘောထားတွေကို  ထိုင်းသတင်းဌာနက မေးမြန်းခဲ့ရာမှာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာ နှစ်ကြိမ်တိုင် သွားရောက်တွေ့ဆုံခဲ့တဲ့ ဗိုလ်ချုပ်ကြီး ယွက်စစ်က ဖြေကြားသွားတာပါ။ 

ဖြေ- ယွက်စစ်- “၁၉၄၈ လွတ်လပ်ရေးရပြီးကတည်းက မြန်မာပြည်မှာ အာဏာသိမ်းမှုတွေ အကြိမ်ကြိမ်ရှိခဲ့တယ်။ ဦးနေဝင်းလက်ထက်၊ ဦးသန်းရွှေလက်ထက်စသဖြင့်ပေါ့။ ဒါပေမဲ့ အာဏာသိမ်းမှုတွေထဲမှာ ဒီတကြိမ်အဆိုးရွားဆုံးပဲလို့ ကျနော်မြင်တယ်။ ပြဿနာက နိုင်ငံရေးပေါ့။ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီအနိုင်ရတယ်၊ စစ်တပ်ကလက်မခံဘူး။ အန်အယ်လ်ဒီ မဲလိမ်တယ်လို့ပြောတယ်။ မဲကိစ္စကျနော်တို့တော့မသိပါဘူး။ တို့ကရွေးကောက်ပွဲလည်း မဝင်ဘူးလေ။ အာဏာသိမ်းရင် ပြဿနာတက်မယ်လို့တော့ ထင်ထားပြီးသား။ တကယ်လည်း အခြေအနေတွေဆိုးလာတယ်။ သူ့ (ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်) အနေနဲ့တော့ ဒီလောက်ဆိုးမယ်လို့ မထင်ဘူးပေါ့။ ကျနော့်တယောက်တည်း အမြင်အရပြောရရင် နောင်တရမယ့်ပုံရှိတယ်။ ထိန်းသိမ်းရခက်နေတယ်လေ။ အခြေအနေက  ရှစ်လေးလုံးတုန်းကနဲ့မတူဘူး၊ ပြည်သူတွေ အများကြီးအုံကြွလာတယ်။ အာဆီယံနဲ့ နိုင်ငံတကာကို အကူအညီတောင်းတယ်။ မရတော့ တုတ်တုတ်ချင်း ဓားဓားချင်းချဖို့ PDF ပြည်သူ့ကာကွယ် ရေးတပ်တွေပေါ်လာတယ်။ PDF တွေက နေရာ တိုင်းလိုရှိနေတော့ ဘယ်နေရာကို ဦးတည်တိုက်ရမလဲမသိဘူး။”

မေး- အင်အားကြီးတဲ့စစ်တပ်ကို PDF တွေက နိုင်အောင်တိုက်နိုင်မှာလား။ 

ဖြေ- “PDF ဆိုတာ ပြည်သူတွေဆီက ဖြစ်လာတာလေ၊ တိုက်ခိုက်နည်းတွေသူတို့မသိဘူး၊ တချို့တလေတော့သိမှာပေါ့။ နယ်မြေအပိုင်းမှာတော့ အားသာတယ်။ သူတို့ ပြောက်ကျားလိုတိုက်တယ်။ ဗုံးခွဲတယ်၊ ဗုံးလည်းကိုယ့်ဖာသာ ကိုယ်လုပ်တယ်။ တော်လှန်ရေး အရှိန်ပိုမြင့်လာနိုင်တယ်။ အရေးကြီးတာ SAC ( စစ်ကောင်စီ )က ဘယ်လိုဖြေရှင်းမလဲ။” 

မေး- ဒါဆိုရင် မင်းအောင်လှိုင်အနေနဲ့ အလျှော့ပေးလာနိုင်မလား၊ သူ့သဘောထားက ဘယ်လိုလဲ။

ဖြေ- “ကျနော်တို့ကိုတော့ အလျှော့ပေးတဲ့အနေနဲ့ အချက် ၄ ချက်ပြောတယ်။ (၁) ဖက်ဒရယ်ဒီမိုကရေစီပေါ့၊ အရင်က လုံးဝလက်မခံဘူး။  (၂) က ရွေးကောက်ပွဲကို PR စနစ်နဲ့လုပ်မယ်။ (၃) ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အကုန်လုံးနဲ့ ဆွေးနွေးမယ်။ (၄) က ပြဿနာဖြစ်နေတဲ့ ၂၀၀၈ အခြေခံဥပဒေ တချို့အချက်တွေကို ပြင်ဆင်မယ်လို့ပြောတယ်။ ကျနော့်အမြင်ကတော့ နိုင်ငံရေးကိစ္စ အရင်ပြေလည်အောင်မဆွေးနွေးဘဲ ၂၀၀၈ ဥပဒေ ပြင်လို့မရဘူး။ ၂၀၀၈ ဥပဒေက သူတို့သဘောနဲ့ သူတို့ရေးထားတာလေ။ အရင်ဆုံး တိုင်းရင်းသား ပြည်သူတွေအားလုံးက ဖက်ဒရယ်ဒီမိုကရေစီကိုလိုလားတာ။ ဘယ်လိုပုံစံနဲ့ သွားကြမလဲ၊ ဘယ်လိုအာဏာခွဲဝေမလဲ ဆိုတာကို အတူဆွေးနွေးပြီးပုံဖော်ကြရမှာ။”

မေး- ဒါတွေကို မင်းအောင်လှိုင်သိအောင် ပြောခဲ့သေးလား။ သူဘာပြန်ပြောလဲ။ 

ဖြေ- “ပြောပါတယ်။ သူကတော့ နားထောင်တာဘဲ။ လက်ခံလား လက်မခံလားလဲတော့ မသိဘူးပေါ့။ ” 

မေး- NUG ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ သတိထားဖို့၊ စစ်ကောင်စီက မက်လုံးပေးတာ လိမ်ညာပြီး သွေးခွဲနေတာ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ အင်အားချိနဲ့အောင်လုပ်နေတာလို့ သတိပေးထားတယ်၊ အဲဒီပေါ်မှာရော ဘယ်လိုမြင်လဲ။

ဖြေ- “အဲဒါသူတို့သတိပေးမှမဟုတ်ပါဘူး။ ကျနော်တို့ နှစ်ပေါင်း ၅၀ – ၆၀ ကျော်တိုက်လာတာ ကျနော်တို့ သူတို့ထက်ပိုသိပါတယ်။ ကျနော်တို့ဆီမှာ အချက်အလက်တွေ သူတို့ထက်ပိုရှိတယ်၊ အမှန်က ပြဿနာက NUGနဲ့ တပ်မတော်ကြားဖြစ်နေတာ။ တို့တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့မဆိုင်ဘူး။ တို့လည်းသွားမပတ်သက်ဘူး။ အဖွဲ့တိုင်းနဲ့တော့ ဆွေးနွေးလို့ရပါတယ်။ တော်လှန်ရေးက ဘာကြောင့်ဖြစ်လာရသလဲဆိုရင် ဆွေးနွေးဖို့ စားပွဲဝိုင်းမရှိလို့ပေါ့။ ” 

မေး- အန်စီအေစာချုပ်လက်မှတ်ထိုးမထားတဲ့အဖွဲ့ ဥပမာ ‘ဝ’ အဖွဲ့တွေလိုက စစ်ကောင်စီနဲ့ သွားဆွေးနွေးတဲ့အပေါ်ရော ဘယ်လိုမြင်လဲ။

ဖြေ- “အမှန်တော့ အဖွဲ့တိုင်းအပစ်ရပ်ပါတယ်။ ဆန္ဒပြပွဲတွေက စစ်တပ်နဲ့ အန်အယ်လ်ဒီရဲ့ ပြဿနာကြောင့်ဖြစ်တယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့မဆိုင်ဘူး PDF ကလည်း အန်အယ်လ်ဒီ ထောက်ခံသူတွေပဲ။ ဒါပေမဲ့ ပြည်သူနဲ့  PDF တွေက အတူနေထိုင်ကြတယ်။”

မေး- မင်းအောင်လှိုင်က အာဏာသိမ်းတဲ့အပေါ်နောင်တရသလိုပဲလို့ ခင်ဗျားမြင်တယ်၊ ဒါပေမဲ့ အာဆီယံက အကြံပြုတာ တောင်းဆိုတာတွေ မလိုက်လျောခဲ့ဘူး၊ အတိုက်အခံတွေကို သေဒဏ်ပေးတယ် ၊ အဲဒီအပေါ် ဘယ်လိုမြင်လဲ။”

ဖြေ- “ပထမဆုံးအကြိမ်သွားကတည်းက ကျနော်မေးပါတယ်။ နိုင်ငံတကာက ဖိအားပေးတာ၊ အာဆီယံကတောင်းဆိုတာ၊ ပြည်သူတွေဒုက္ခ ရောက်တာ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ များလာတာ၊ ဘယ်လိုဖြေရှင်းမလဲဆိုတော့ သူ(မင်းအောင်လှိုင်က) အပေါ်ယံပဲဖြေတယ်၊။ သူတို့လည်း ကြိုးစားဖြေရှင်းနေတာပဲတဲ့။ အဖွဲ့တိုင်းနဲ့ဆွေးနွေးမယ်။ အကောင်းဆုံးလုပ်သွားမယ်။ အဲဒါကြောင့်ဖက်ဒရယ် ဒီမိုကရေစီကိုလက်ခံတာ။ မူအားဖြင့်တော့လက်ခံတယ်ပေါ့။ အသေးစိပ်တော့ ဆွေးနွေးရမှာပေါ့။ တိုင်းရင်းသားလက်နက်ကိုင်တွေကိုပြောတာ။ ဒါပေမဲ့  NUG နဲ့တော့ မဆွေးနွေးဘူးလို့ အပြတ်ပြောတယ်။”

မေး- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ဆယ်နှစ်ကျော်တွေ့ခဲ့ပြီးပြီ။ မင်းအောင်လှိုင်နဲ့လည်း အကြိမ်ကြိမ်သွားဆွေးနွေးခဲ့တယ်။ မျှော်လင့်ချက်တွေပို ရှိလာသလား။

ဖြေ- “အမှန်တော့တို့က အန်စီအေလက်မှတ်ထိုးပြီးပြီ။ အန်စီအေက တို့လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့လုံးနဲ့ဆိုင်တယ်။ မင်းအောင်လှိုင်က အာဏာ သိမ်းပေမယ့် အခြေခံဥပဒေကို ဖျက်သိမ်းတယ်လို့ မကြေညာသေးဘူး။ နိုင်ငံရေးပါတီတွေ ရုပ်သိမ်းတယ်လို့ မကြေညာသေးဘူး။ အန်စီအေ ရုပ်သိမ်းတယ်လို့ မကြေညာသေးဘူး။ အဲလိုမကြေညာတော့ သူကတို့နဲ့ဆွေးနွေးချင်တယ်ဆိုတော့ တို့သွားရမှာပေါ့ ။ ဘာလို့လဲဆို ငါတို့ဘာမှ အမှားမလုပ်ထားဘူးလေ။”

မေး- အခြေအနေ ကောင်းမွန်လာသလားဆိုတာကို စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တိုက်ပွဲ ရှိ မရှိပေါ်မူတည်တယ်။ အစကမြောက်ပိုင်းဘက်မှာ တိုက်ပွဲတွေဖြစ်တယ်၊ လက်ရှိအခြေအနေမှာရော တိုက်ပွဲက ဘယ်လိုရှိလဲ။

ဖြေ- “ကျနော်တို့အဖွဲ့အနေနဲ့တော့ ဘယ်သူနဲ့မှမတိုက်တော့ပါဘူး။ ဘာလို့လဲဆို တို့ကကြေညာချက်ထုတ်ထားတယ်လေ။ ဆွေးနွေးမယ်ဆိုရင် တိုက်ပွဲရပ်ထားမှ ပစ်ခတ်တဲ့အခါ ဆိုးကျိုးပဲရှိတယ်။ ဒုက္ခရောက်ရတာပြည်သူတွေ။ စစ်သည်တွေလည်း မသေသင့်ဘဲသေရတယ်။ ဒဏ်ရာမရသင့်ဘဲရကြတယ်။ ဒါကြောင့် ဆွေးနွေးဖို့ ထုတ်ပြန်ကြေညာရတာ၊ အဖွဲ့တိုင်းဆွေးနွေးကြပါ။ တိုက်ခိုက်တာတွေ မလုပ်ကြနဲ့တော့လို့။”

မေး- ကြေညာချက် မထုတ်ခင်၊ မင်းအောင်လှိုင်နဲ့သွားမတွေ့ခင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့  အလွတ်သဘောဆွေးနွေးတာတွေ ရှိသေးလား။ 

ဖြေ- “မရှိဘူး။ မင်းအောင်လှိုင်လည်းကြေညာတယ်။  ၂၀၂၂ ခုနှစ်ဟာ အပစ်အခတ်ရပ်တဲ့ နှစ်ဖြစ်ရမယ်လို့။ အဲဒါကောင်းတယ်လေ။ ကျနော်လည်းကြိုဆိုတယ်။ အကုန်လုံးနဲ့ဆွေးနွေးမယ်ဆိုတော့  တို့လဲဆွေးနွေးမယ်ပေါ့။”

မေး- RCSS က လက်နက်ကိုင်အဖွဲ့တွေနဲ့ ၄ လအတွင်းဆွေးနွေးမယ်လို့ စာထုတ်ထားတယ်။ အဲဒါအောင်မြင်ဖို့က အဓိကအချက်ဘာလဲ။

ဖြေ-“အဲဒါတော့ ခန့်မှန်းရခက်တယ်၊ ဘာလို့လဲဆို ကြေညာထားတာမကြာသေးဘူး။ စာလည်းပို့ထားတာမကြာသေးဘူး၊ ၄- ၅ လအတွင်း သူတို့ဘယ်လိုသဘောထားလဲဆိုတာ စောင့်ကြည့်ရမယ်၊ သူတို့ဘက်ကဆွေးနွေးလိုရင် အတူတူညှိနှိုင်းအဖြေရှာကြမယ်၊ ငြိမ်းချမ်း ရေးရအောင်ဘယ်လိုလုပ်ကြမလဲပေါ့။”

မေး- အစိုးရတပ်နဲ့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ဘာကြောင့်ဆွေးနွေးလို့ မပြေလည်ကြတာလဲ၊ အဓိကအကြောင်းရင်းကဘာလဲ။

ဖြေ-“အာဏာသိမ်းခဲ့တဲ့အကြိမ်တိုင်းဟာ ဗမာစစ်တပ်ဘဲ။ ‌၁၉၄၈ လွတ်လပ်ရေးရပြီးကတည်းက တိုင်းပြည်မတိုးတက်တာ အုပ်ချုပ်သူက တရားမျှတမှုမရှိလို့။ ကိုယ်ကျင့်တရားမကောင်းလို့။ အာဏာကိုတဦးတည်းချုပ်ကိုင်ထားတယ်။ အဲဒါပြဿနာကြီးပေါ့။ ဘယ်အစိုးရတက်တက် ဗမာလူမျိုးကပဲ ကြီးစိုးတယ်၊ တို့တိုင်းရင်းသားတွေက အရန်သက်သက်ပဲ။ တို့တိုင်းရင်းသားမှာ အာဏာမရှိဘူး။ ဘာဖြစ်လို့အတူနေခဲ့ကြလဲဆို ရှမ်းမှာသက်သေရှိတယ်။ ပင်လုံစာချုပ်မှာ အတိအလင်းရေးထားတယ်။ ပင်လုံစာချုပ် ဘာလို့ချုပ်ရသလဲ။ တို့က တတိုင်းပြည် တည်းမှမဟုတ်ခဲ့ပဲ။ တိုင်းပြည်တွေစုပြီးမှ ပြည်ထောင်စုလုပ်ခဲ့တယ်။ သူတို့က အာဏာသိမ်းတယ်။ ပြည်ထောင်တွေကို တစ်ခုတည်းဖြစ်အောင်လုပ်တယ်။  ကိုယ်ကျင့်တရားလည်းမရှိ။ တရားမျှတမှုလည်းမရှိဘူဆိုရင် တော်လှန်မှုတွေက ရှိနေဦးမှာပဲ။”

မေး-နိုင်ငံတကာက မင်းအောင်လှိုင်ကို  စစ်အာဏာရှင်၊ တိုင်းပြည်ကိုပြဿနာရှာတဲ့သူလို့မြင်တယ်၊ ခင်ဗျားအနေနဲ့ သူနဲ့အကြိမ်ကြိမ်သွားတွေ့ခဲ့ပြီး သူ့ကို ဘယ်လို လူစားလဲလို့ မြင်သလဲ။ 

ဖြေ- “ခန့်မှန်းရခက်ပါတယ်။ မျက်နှာမြင်ပေမယ့် စိတ်ကိုမှမမြင်ရဘဲ။ ပြောတာ ဆိုတာတော့ မိတ်ဆွေလိုပါဘဲ။ အာဏာရှင်လိုမပြုမူပါဘူး။ ဒါပေမဲ့ သူ့အတွင်းစိတ်တော့ မသိဘူးလေ?”

မေး- ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ကော သူဘာတွေပြောသေးလဲ ၊ ဘာလုပ်မှာလဲ။

ဖြေ- “သူကရှင်းရှင်းလင်းလင်းမပြောပါဘူး၊ အာဆီယံကသွားပြီးဆွေးနွေးတာလဲ သူတို့ ဘာဆွေးနွေးလဲမသိဘူး။ သတင်းတွေထဲကြည့်ရသလောက်တော့ အာဆီယံကိုယ်စားလှယ်က  မှန်ကန်တဲ့ အချက်အလက်တွေမရသလိုဘဲ။ သူတို့က အချက် ၃ ချက်တောင်းဆိုတာတွေ့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ၊ ကျောင်းသားတွေ လွှတ်ပေးဖို့၊ တိုက်ပွဲတွေရပ်ဖို့ တောင်းဆိုတယ်၊ အဲဒါက ပြဿနာဖြေရှင်းနည်းမဟုတ်ဘူး။ အာဆီယံအနေနဲ့ ပြဿနာကို အမှန်တကယ်ဖြေရှင်းချင်ရင် အရင်ဆုံးအချက်အလက်တွေကောက်ယူ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့တွေ့ဆုံ၊ နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံ၊ ပြည်သူလူထုတွေနဲ့တွေ့ဆုံ၊ မင်းအောင်လှိုင်နဲ့တွေ့ဆုံ၊ အဖွဲ့တိုင်းဆီက အချက်အလက်တွေရပြီးရင် အားလုံး လာပြီး တွေ့ဆုံအောင်လုပ်ရမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းအောင်လှိုင်ကိုပဲတွေ့ရုံနဲ့ ပြဿနာမဖြေရှင်းနိုင်ဘူး။ ပြဿနာက အဲဒီထက်နက်နဲတယ်။ ပြဿနာက နှစ်ပေါင်း ၇၀ ကတည်းက ရှိခဲ့တာလေ။” DVB

ပေါက်ဒေသတိုက်ပွဲတွင် ရွာမီးရှို့တပ်မှ ဗိုလ်နှင့်တပ်ကြပ် သေဆုံးဟု PDF ပြော

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကြက်ဆူအိုင့်ရွာတွင် မီးရှို့နေသည့် စစ်တပ်ကို ယနေ့ (စက်တင်ဘာ ၂၆) နံနက်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ် ကြီးတစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။ 

မြို့မြောက်ပိုင်းရှိ ထိုရွာကို နယ်မြေချင်းထိစပ်နေသည့် မြိုင်မြို့နယ်မြောက်ပိုင်းမှ လာသည့် အင်အား ရာဂဏန်းပါသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက နံနက် ၇ နာရီဝန်းကျင်မှ စတင်၍ မီးရှို့ဖျက်ဆီးကြသည်ဟု မြိုင်မြို့နယ် PDF က ပြောသည်။

“မီးရှို့ပြီးတော့ ထွက်လာတဲ့ဟာကို ပစ်ခတ်တာပေါ့။ ကျွန်တော်တို့ လက်နက်ကြီးနဲ့ မိုင်းနဲ့ အဓိက တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီရွာမှာပဲ တိုက်ပွဲဖြစ်တာ” ဟု မြိုင်မြို့နယ် PDF တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောသည်။ 

နံနက် ၁၀ နာရီခန့်တွင် ရွာမြောက်ဘက်နှင့် တောင်ဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သေဆုံးသွားသည့် စစ်ကောင်စီအရာရှိ နှစ်ဦး၏ ရုပ်အ လောင်းကိုလည်း ယနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် တူးဖော် တွေ့ရှိရသည်ဟု ၎င်းက ပြောသည်။ 

“သူတို့နှစ်ယောက်အလောင်းကို ဖော်ကြည့်နေတာ။ အလောင်းမှာ အမိန့်စာပါ တွေ့တယ်။ အလောင်းတွေကတော့ စစ်ဝတ်စုံနဲ့။ ဗိုလ်ကြီးအ လောင်းကိုတော့ မီးရှို့သွားတယ်။ တပ်ကြပ်ကြီးအလောင်းကို မြေမြှုပ်ခဲ့တာ။ မီးမရှို့ဘူး” ဟု ဗိုလ်လက်ယာက မြင်တွေ့ရပုံကို ပြောသည်။

ခြေလျပ်တပ်ရင်း အမှတ် ၂၅၈ တပ်ရင်းမှူး ဗိုလ်မှူးကြီး ငြိမ်းချမ်း (ကြည်း ၂၆၉၉၂) လက်မှတ်ဖြင့် တပ်ကြပ်ကြီး ရုပ်အလောင်းပေါ်တွင် တွေ့ရသည့် အမိန့်စာအရ ဗိုလ်ကြီးဝင်းဇော်ဆိုသူနှင့် တပ်ကြပ်ကြီးအောင်ဆန်းဝင်း (ကိုယ်ပိုင်အမှတ် ၆၇၈၃၄၉) တို့ဖြစ်သည်ဟု ဆိုသည်။  

ဗိုလ်ကြီးဝင်းဇော်၏ ရုပ်အလောင်းနှင့် အမိန့်စာမှာ မီးလောင်ပျက်စီးနေသောကြောင့် ကိုယ်ပိုင်အမှတ် မသိရကြောင်း ဗိုလ်လက်ယာက ပြောသည်။

“အမိန့်စာတစ်ခုက မီးရှို့ထားတာ အပိုင်းလေးပဲ ရတယ်။ ဗိုလ်ကြီးငြိမ်းချမ်းပဲ ဖတ်လို့ရတော့တယ်။ ဒီ့ပြင်စာတွေ မရှိတော့ဘူး”

လက်ရှိတွင် စစ်ကောင်စီတပ်မှာ ကြက်ဆူအိုင့်ရွာအနီး တပ်စွဲထားဆဲဖြစ်ကာ နှစ်ဖက် ဆိုင်ထားသည့် အနေအထားဖြစ်၍ တိုက်ပွဲများ ထပ်မံဖြစ်လာဖွယ်ရှိကြောင်း PDF ဘက်က သုံးသပ်သည်။

ယနေ့နံနက်ပိုင်းအထိ ကြက်ဆူအိုင့်ရွာတွင် နေအိမ် ၄ လုံး မီးလောင်ပျက်စီးသွားကာ ဆိုင်ကယ်အချို့ကို မီးရှို့ထားကြောင်း သိရပြီး ဒေသခံအများအပြား ထွက်ပြေးနေကြသည်။ 

နေအိမ်မီးရှို့မှုရပ်ဆိုင်းရန် နိုင်ငံတကာက စစ်ကောင်စီကို တောင်းဆိုထားသော်လည်း စစ်ကောင်စီက ထိုလုပ်ရပ်မျိုး ၎င်းတို့ ကျူးလွန်ခြင်းမရှိဟု ပြောဆိုလေ့ရှိသည်။ myanmar now

“အထက်အောက် မယုံကြည်မှုတွေက ပိုများလာတယ်” 

စစ်ကောင်စီတပ်သားများ ထိခိုက်ကျဆုံးမှု၊ တပ်ကို စွန့်ခွာမှု များပြားလာနေဆဲဖြစ်သည်ဟု  အာဏာဖီဆန်လိုသည့် တပ်မတော်သားများကို ကူညီနေသူ ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။ 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း Myanmar Now က ဆက်သွယ် မေးမြန်းစဉ် ဗိုလ်ကြီးလင်းထက်အောင်က အာဏာသိမ်း စစ်တပ်အတွင်း အ ထက်နှင့်အောက် ယုံကြည်မှု နည်းပါးခြင်း၊ စစ်သားလိုအပ်ချက်အတွက် ဖြေရှင်းမှု အခြေအနေ၊ သုံ့ပန်းမူဝါဒများအကြောင်း ပြောပြထား သည်။ 

မေး – ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက မြန်မာစစ်တပ်က ဗိုလ်လောင်းတွေကို နှစ်စဉ်ပေးနေကျ စစ်သင်တန်းတွေ ၂၀၂၃ ဧပြီလကစပြီး ရပ်ဆိုင်းတော့မယ်လို့ သိရပါတယ်။ ဒီပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး နည်းနည်းသုံးသပ်ပေးပါ။  

ဖြေ –  မနှစ်ကတည်းက ဒီလိုမျိုးဆက်မလုပ်ဖို့ကို မီဒီယာကနေသော်လည်းကောင်း၊ စာပေးပို့ခြင်းနဲ့သော်လည်းကောင်း ဂျပန်နိုင်ငံက မြန်မာပြည်သူတွေကနေလည်း  ဗိုလ်လောင်းတွေ၊ သင်တန်းသားတွေကို မသင်ကြားပေးဖို့ တော်လှန်ရေးကာလစအကတည်းက ဖိအားပေးတာ။ အရပ်ဖက်အဖွဲ့အစည်းတွေ အဓိက ဖိအားပေးခဲ့တာကျွန်တော်တို့ တွေ့ရတယ်။ ဥပမာ Justice For Myanmar တို့လို၊  အချက်အလက်တွေ ထုတ်ဖော်ပြီးပြောခဲ့တာ။ ဖိအားပေးခဲ့တဲ့အချိန်မှာလည်း သူတို့မလုပ်ခဲ့ဘူး။ သူတို့ အဲ့ဒီအချိန်တည်းက လုပ်ခဲ့ရင် ပိုပြီးတော့ ကောင်းမှာပေါ့။  မြန်မာစစ်တပ်ကို ပညာသင်ကြားပေးနေတာသည် ကောင်းကျိုးဖြစ်ထွန်းနိုင်စရာ တစ်ကွက်မှမရှိတဲ့အတွက်၊ သူတို့အခုလို ဆုံးဖြတ်ချက်ချလိုက်တာသည် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှု၊ ကိုယ့်ပြည်သူကိုယ် ညှင်းပန်းနှိပ်စက်မှု၊ နောက်ပြီး အကြမ်းဖက်လုပ်ရပ်တွေကိုလုပ်ဆောင်နေတဲ့ အချက်တွေကြောင့်လို့  ထင်ပါတယ်။ 

ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာစစ်တပ် အဆက်အဆံရှိတာကတော့ ကျွန်တော်တို့ ၂၀၁၀ စစ်သင်တန်းဝင်ကတည်းက အဆက်အဆံရှိတယ်လို့တော့ သိထားတယ်။ သင်တန်းတွေခေါ်တာကတော့ ကျွန်တော်တို့ ဗိုလ်လောင်းဘဝမှာတော့ မခေါ်သေးဘူး။  ဒီလိုရပ်ဆိုင်းလိုက်တာ မြန်မာစစ်တပ်အတွက်က   ကြီးကြီးမားမားထိခိုက်မှုတော့မရှိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာစစ်တပ် အနေနဲ့က တခြားနိုင်ငံတွေမှာလည်း စစ်ပညာသွားသင်ယူနေတာတွေလည်း ရှိတယ်။  

မေး – မကြာသေးခင်ကပဲ စစ်ရဟတ်ယာဉ်တွေ သွားပစ်လို့ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းမှာ ကလေးအများအပြားသေဆုံးသလို ကရင်နီပြည်နယ်ထဲက ဘုရားကျောင်း တစ်ကျောင်းမှာ ခိုလှုံနေတဲ့ ကလေးငယ်နှစ်ဦး လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့်ပဲ သေဆုံးခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုတွေမှာ ဂျပန်မှာ စစ်သင်တန်းတက်ရောက်ခဲ့ဖူးတဲ့သူတွေ ပါနိုင်မလား။

ဖြေ – ပါဝင်နိုင်မလားဆိုတော့ မြေပြင်တပ်ဖွဲ့တွေမှာတော့ ပါဝင်နိုင်မှုအနေအထားက နည်းတယ်။ ဒါပေမယ့် ဒီလို လုပ်ငန်းဆောင်တာမျိုးတွေလုပ်ဖို့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ပတ်သက်မှုတွေရှိတယ်။ နောက်ပြီးတော့ ဒီဂျပန်ကိုသွားရောက်တဲ့ သင်တန်းသားတွေအနေနဲ့က နေပြည် တော်လို ဌာနချုပ်တွေမှာ နေတဲ့သူတွေက အဓိကသွားရောက်တယ်လို့ သိထားတယ်။ အဲ့ဒီတော့ ဒီလိုပြန်လာတဲ့သူတွေအနေနဲ့ ပြန်လာတဲ့သူတွေအနေနဲ့ အခုလုပ်နေတဲ့ စစ်ဆင်ရေးတွေမှာ သူတို့ရဲ့အကြံပေးမှုတွေ၊ နည်းပညာဆိုင်ရာ ပံ့ပိုးမှုတွေကတော့ ပါလိမ့်မယ်ဗျ။ တိုက်ရိုက်မပတ်သက်ရင်တောင် သွယ်ဝိုက်ပြီးပတ်သက်နေပါတယ်။  အဲ့ဒီကပြန်လာတဲ့သူတွေကတော့ သင်လာသမျှပညာတွေကို ပြန်ပြီးအသုံးချမှာပဲ။ အခုအချိန်ထိလည်း အသုံးချနေကြတာရှိမှာပဲ။ ဆယ်ယောက်သွားတက်ရင် တစ်ဝက်လောက်ကတော့ ဒီထဲမှာ ပြန်ပါနေမှာပဲ။ အကုန်လုံးက တိုက်ရိုက်မပတ်သက်ရင် တစ်ဝက်လောက်က အကြံပေးမှုတွေရှိနေမှာပဲ။

မေး – ၂၀၂၁   ဖေဖော်ဝါရီလကတည်းက မြန်မာစစ်တပ်က အပြစ်မရှိတဲ့ ပြည်သူတွေကို စတင်သတ်ဖြတ်ခဲ့တာဆိုပေမယ့် ၂၀၂၂  ဇူလိုင်လအတွင်းက  နိုင်ကျဥ်းလေးဦးကို ကြိုးပေးကွပ်မျက်ခဲ့လို့ ဂျပန်ဘက်က အခုလို ဆုံးဖြတ်ချက်ထွက်လာတာရော ဖြစ်နိုင်ပါသလား။

ဖြေ – ဖြစ်နိုင်တယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ကြိုးပေးသတ်ဖြတ်တာနဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံးက စစ်ကောင်စီကို ရှုံ့ချတာတွေရှိတယ်။ နောက်ပြီးတော့ သူတို့နဲ့ နီးနီးကပ်ကပ် ထိကပ်နေတဲ့နိုင်ငံတွေတောင် ရေငုံနှုတ်ပိတ်နေတာမျိုးမတွေ့ရဘူး။ ဒီ နိုင်ငံရေးသမားတွေကို ကြိုးပေးခဲ့တာကြောင့် ဒီလိုမျိုးလုပ်ငန်းစဉ်တွေ   ဖြစ်လာတာလို့ အပြည့်အဝယုံကြည်တယ်။ ဆိုးဝါးတဲ့ ကျွန်တော်တို့နိုင်ငံသမိုင်းထဲက ဖြစ်ရပ်တစ်ခုဖြစ်နေတယ်။ လူ့အခွင့်ရေးကို ကြီးကြီးမားမား ချိုးဖောက်လိုက်တဲ့ကိစ္စရပ်လည်းဖြစ်တယ်။ နိုင်ငံရေးအရလည်း အောက်တန်းကျတဲ့လုပ်ရပ် ဖြစ်တဲ့အတွက် ဒီလို ရပ်ဆိုင်းလိုက်တာတွေက ဖြစ်လာတယ်။ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဖြစ်သွားတယ်လို့ ကျွန်တော့်အနေနဲ့ မြင်တယ်။

မေး – မြန်မာစစ်တပ်က ဗိုလ်လောင်းတွေကို စစ်ရေးသင်တန်းပေးနေတာ ဂျပန်အပြင် အခြားဘယ်နိုင်ငံတွေရှိဦးမလဲ။

ဖြေ – အာရှထဲက တော်တော်များများတယ်။ အိန္ဒိယဆိုရင် ဗိုလ်လောင်းတွေတင် မဟုတ်ဘူး၊ အခြားသော စစ်သည်တွေကိုပါ စေလွှတ်တာရှိတယ်။ နောက်ပြီး တရုတ်၊ ရုရှား၊ ထိုင်း၊ ဗီယက်နမ်။ ဒါတွေက ကျွန်တော် သိသလောက်နိုင်ငံတွေပါ။ နှစ်စဉ် စေလွှတ်မှုတွေရှိနေတယ်။ 

မေး –  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ နီးစပ်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဆီမှာ သွားပြီးပူးပေါင်းတာတို့၊ လက်နက်တွေ သွားအပ်နှံတာတို့ အဲ့လိုမျိုးတွေ ဆက်တိုက်ဖြစ်လာတာ ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ – အခုလို အခြေအနေမှာတော့ ဖြစ်မှာပဲ။ ခု လောလောလတ်လတ်ဖြစ်ထားတဲ့ ကြိတ်စခန်းတို့၊ အခြားသော ရခိုင်မှာဆိုလည်း ခမရ ၃၅၂ တပ်စခန်းတွေအပြင် နိုင်ငံအနှံ့ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ လက်နက်ချတာတွေ အရမ်းများလာတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ စစ်ရေးဗျူဟာအရဆို အင်အားသုံးစွဲနိုင်ခြေက အကန့်အသတ်ရှိလာတယ်။ အရင်လို ထုနဲ့ထည်နဲ့ တိုက်စစ်ဆင်နိုင်တဲ့ အနေအထား မြန်မာစစ်တပ်မှာ အတော်လေး အားနည်းလာတာကို ကျွန်တော်တို့တွေ့ရတယ်။ အဲ့ဒါကြောင့်လည်း မြေပြင်တပ်ဖွဲ့တွေမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ တိုက်လိုခိုက်လိုစိတ်တွေ တော်တော်လေး အားနည်းသွားတာ တွေ့ရတယ်။ အသေခံတိုက်မယ်ဆိုတာ မတွေ့ရတော့ဘူး။ အထက်က ဖိအားပေးမှုများလာရင် ထွက် ပြေးရင်ပြေးမယ်၊ လက်နက်ချရင်ချမယ်။ အညံ့ခံရင် ခံမယ်ဆိုတာ ပိုပြီးများလာတယ်။ အဓိကက အထက်နဲ့အောက် ယုံကြည်မှုနည်းလာတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခိုင်မာမှု အားနည်းလာတယ်။   ဝေဟင်ကပဲ ဘယ်လောက်ပစ်ပစ်၊ အမြောက်ကြီးတွေနဲ့ပဲ ဘယ်လောက်ပစ်ပစ်၊ မြေပြင်က တပ်ဖွဲ့တွေအနေနဲ့ကတော့ သူတို့ရဲ့ စစ်ဗျူဟာကို ကောင်းမွန်စွာ သုံးစွဲနိုင်မှုအခြေအနေက ရှေ့ကပြောသလို အားနည်းသွားတာဖြစ်လို့ မြေပြင်မှာ ဒီလိုတွေ ဖြစ်နေတာ။ ထပ်ပြီးတော့လည်း ဖြစ်ပွားဦးမှာလို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။

မေး – မကြာသေးခင်က ပေါက်ကြားလာတဲ့ လျှို့ဝှက်စာမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်တပ်ထဲ  အတော်လေး အားနည်းမှုတွေရှိလာတယ်လို့ ပြောထားတာ တွေ့တယ်၊  ဘယ်လိုအားနည်းမှုတွေရှိနေတာလဲဆိုတာ နည်းနည်းလောက် သုံးသပ်ပေးပါဦး။

ဖြေ – ဒီထဲမှာ မင်းအောင်လှိုင်ကိုယ်တိုင်က သူ့ရဲ့ တပ်မှူး၊ တပ်သားတွေကို ယုံကြည်မှုအားနည်းနေတာ တွေ့ရတယ်။ သူတို့ရဲ့ တစ်ကိုယ်တည်းအကျိုးစီးပွားကိုသာ ဆောင်ရွက်ပြီး၊ မင်းအောင်လှိုင် တပ်ချုပ်ဖြစ်တည်းက စစ်တပ်ရဲ့ အကျိုးစီးပွားကိုအကြောင်းပြပြီး သူ့ကိုယ်ကျိုးစီးပွားကို ရှာသွားတာက ပိုများတယ်။ အခုဆိုရင်လည်း အာဏာသိမ်းလိုက်တာကလည်း စစ်တပ်ရဲ့အကျိုးစီးပွားထက် သူတို့တစ်ကိုယ်ရည်အကျိုးစီးပွားအတွက် လုပ်လိုက်တာ။ စစ်တပ်ကို သူတို့အနေနဲ့ အောက်ခြေတွေကို ပြုမူဆက်ဆံပုံတွေ၊ အုပ်ချုပ်ပုံတွေ၊ ကွာဟချက်တွေ အများကြီးတွေ့နေရတယ်။ ဒီအစီရင်ခံစာထဲမှာဆိုလည်း သူ့ရဲ့အမှားကို သူမတွေးဘဲနဲ့ လက်အောက်ငယ်သားတွေကို အပြစ်တင်တဲ့စိတ်က ပိုများနေတယ်။ ဒါ ခေါင်းဆောင်တစ်ယောက်ရဲ့ စိတ်ဓာတ်မဟုတ်ဘူး။ ဒီထဲမှာ အပြစ်တင်တာတွေက ပိုများနေတယ်။ အထက်အောက် မယုံကြည်မှုတွေက ပိုများလာတယ်။  စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းလာကြတယ်။ ဥပမာ ထောက်ပံ့ရေးဆိုင်ရာလုပ်ငန်းတွေဆို အရင်လောက်မကောင်းတော့တာ။ မစားရ၊ မသောက်ရ ရိက္ခာကို အရင်လိုမရတော့တဲ့စစ်သားတွေ ပိုများလာတယ်။ နောက်ပြီး သူတို့တိုက်နေတာက ဘာအတွက်လဲဆိုတာ မသိတော့တဲ့အနေအထားမျိုးဖြစ်နေတယ်။ လက်ရှိမြေပြင်က စစ်သည်တွေကို သွားမေးကြည့်လိုက်။ သူတို့ဘာအတွက်တိုက်နေတာလဲ မသိတော့ဘူး။ နောက်ပြီး တပ်ထဲမှာ အကျအဆုံး၊ အထိအခိုက်၊ စွန့်ခွာမှုတွေ များလာတယ်။ ဒါတွေက စစ်တပ်ရဲ့ လက်ရှိအားနည်းချက်တွေပဲ။ သူတို့လက်နက်ကိုင်ထားပေမယ့် ဒီလက်နက်က သူတို့ကို စောင့်ရှောက်နိုင်တဲ့အနေအထားမှာမရှိတော့ဘူး။ ဒီလက်နက်ကိုင်ထားရတာကိုက သူတို့အတွက် လူရွံမုန်းစရာ စိတ်ခံစားမှုတွေပဲရှိလာတယ်။ အဲ့ဒါကြောင့် စစ်သားတစ်ယောက်အဖြစ် မိမိကိုယ်ကိုယ်ယုံကြည်မှု အားနည်းလာတာတွေ့ရတယ်။ ဒီအချက်တွေကြောင့်ပဲလို့ ပြောချင်ပါတယ်။

မေး – တပ်တွင်းလိမ်လည်တင်ပြတာတွေ များလာတယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုကြောင်း အဲဒီစာထဲမှာ  တွေ့ရတယ်။ တပ်တွင်းလိမ်လည်တင်ပြနေတယ်ဆိုတာ ဘာတွေများ ဖြစ်နိုင်မလဲ။

ဖြေ – အဓိကကတော့ ပထမဆုံးအချက်က တည်နေရာပေါ့နော်။ တည်နေရာကို လိမ်လည်တင်ပြတာ။ ဒီနယ်မြေကို အပေါ်ကနေသွားပြီးတော့ ရှင်းလင်းပါဆိုရင် အောက်ကတပ်ဖွဲ့အနေနဲ့ မြေပြင်မှာ ဘယ်လိုမှ မရဘူး။ ဥပမာ ဝေါလေဒေသ သုံးထပ်ကွေ့မှာဆိုရင် မြေပြင်မှာ ဘယ်လိုမှ သုံးထပ်ကွေ့ကိုကျော်ပြီး သုံးထပ်ကွေ့ကို မြေပြင်ကနေ မသွားလာနိုင်တော့ဘူး။ ဒါပေမယ့် အတင်းသွားခိုင်းတဲ့အရာတွေ ဖြစ်နေတယ်။ ဒါပေမယ့် မသွားလည်း အသွားပြပြီးတော့ တပ်တွင်းမှာ လိမ်လည်မှုတွေ ရှိလာတယ်။ အခြားနေရာမှာလည်း အများကြီးရှိနေတယ်။ ဒေသတစ်ခုကို ပစ်ကူ၊ စစ်ကူတွေမပါဘဲ မသွားရဲတဲ့အနေအထားတွေရှိနေတယ်။ အဲ့ဒီအတွက် စွန့်ခွာမှုတွေလည်း များလာတယ်။ အင်အားတွေလျော့နည်းလာတယ်။ ကျဆုံးမှုတွေများလာတယ်။ ဒါတွေကို တိတိကျကျ မတင်ပြရဲတော့ဘူး၊ လူ ၁၀၀ ရှိရင် ၁၀၀ ဆိုတဲ့စာရင်းပဲတင်ပြတော့တယ်၊ လူ ၂၀ လျော့ရင် လျော့တာကို မတင်ပြတော့ဘူး။ စစ်ရေးအရသုံးသပ်ချက်တွေဆိုရင်လည်း မှားယွင်းတဲ့သုံးသပ်ချက်တွေနဲ့ လိမ်လည်တင်ပြတာတွေရှိလာတာကို ပြောတာလို့မြင်ပါတယ်။

မေး – ပေါက်ကြားလာတဲ့ အဲဒီစာမှာပဲ စစ်ခေါင်းဆောင်က အပစ်ရပ် စာချုပ်ကိုလိုက်နာတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေရှိရာဘက်ကို ထိုးစစ်ဆင်တာတွေမလုပ်ဘူးလို့ ပြောထားတယ်၊ လက်တွေ့မှာတော့  အရပ်သားပြည်သူတွေရှိရာနေရာတွေကို  ပစ်ခတ်နေတာကလည်း  စာချုပ် ဖောက်ဖျက်တာ မဟုတ်ဘူးလား။

ဖြေ – NCA က သူတို့ ပါးစပ်ကသာ ပြောနေတာ သူတို့ကိုယ်တိုင်ဖောက်ဖျက်ထားတာ။ အခုလောလောဆယ် တိုင်းရင်းသားလက်နက်ကိုင်ဒေ သ တွေမှာ သူတို့အင်အားကိုသေချာမထိန်းညှိ၊ မကွပ်ကဲနိုင်တဲ့အခြေအနေမို့သာ သူတို့မလုပ်တာ။ လုပ်လို့ရတဲ့အနေအထားဆို သူတို့လုပ်နေပြီ။ ကရင်ပြည်နယ်လို ဒေသမှာ၊ လေးကေ့ကောလိုဒေသဆို သူတို့လုပ်ချင်သလိုလုပ်သွားတာပဲ။ သူတို့ကိုယ်တိုင် ဖောက်ဖျက်ထားတာဖြစ်နေလို့ တိုင်းရင်းသားလက်နက်ကိုင်တွေက သူတို့ပြောသမျှ လိမ်ပြောနေတာ၊ လျှောက်ပြောနေတာလို့ပဲ မြင်နေတယ်။ ပြည့်တန်ဆာ ပါးစပ်လိုပဲ လူအများက မှတ်ယူထားတယ်။ နောက်ပြီး မြေပြင်မှာ လေကြောင်း၊ ကုန်ကြောင်း အရာအားလုံးကို သူတို့လုပ်နေတယ်ဆိုတာကလည်း တ ကယ်တမ်း NCA တင်မဟုတ်ဘူး ကမ္ဘာမှာရှိသမျှ ဥပဒေတွေအားလုံးကို သူတို့ချိုးဖောက်နေတာ။ သူတို့စစ်တပ်ကိုယ်တိုင်သတ်မှတ်ထားတဲ့ ဥပဒေတွေကိုလည်း သူတို့ကိုယ်တိုင် ချိုးဖောက်နေတာ။ ဥပမာ သူတို့စစ်တပ်မှာဆို ဂျနီဗာကွန်ဗန်းရှင်းအရရော၊ စစ်ပွဲဥပဒေ စည်းမျဉ်းတွေအရရော စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာဆို စစ်တပ် အခြေချလို့ကိုမရတာ။ စာသင်ကျောင်းတွေကို ခံတပ်သဖွယ်မပြုလုပ်ရဘူး။ ဒီလိုဥစ္စာတွေကို သူတို့ကိုယ်တိုင် ချိုးဖောက်နေတယ်။ သူတို့ကိုယ်တိုင် ထင်ရာစိုင်းနေတယ်။ နောက်လည်း ဖြစ်ပွားနေဦးမှာပဲ။ သူတို့ခြေကုပ်နိုင်စရာ အခြေအနေ လျော့နည်းလာရင် သူတို့လုပ်နေဦးမှာပဲ။ အရပ်သားတွေကိုလည်း ဒီထက်ပိုပြီး သတ်ဖြတ်နေဦးမှာပဲလို့ မြင်တယ်။ ဒီထက်ပိုပြီးဆိုးဝါးတဲ့ လုပ်ရပ်တွေကို စစ်တပ်အနေနဲ့ ပိုပြီးလုပ်လာဦးမယ်လို့ ကျွန်တော့်အနေနဲ့မြင်ပါတယ်။

မေး – အခုဆိုရင် တစ်နိုင်ငံလုံး တပ်ဖြန့်ထားတဲ့ စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေ နေ့စဉ်အကျအဆုံး၊ အထိအခိုက်တွေ၊ ဖမ်းဆီးခံရတာတွေ များလာတော့ စစ်တပ်အနေနဲ့ ဘယ်လောက်အထိ အင်အားလျော့နည်းလာပြီလို့ထင်လဲ။ နောက် စစ်ကောင်စီဘက်ကရော အင်အားဘယ်လိုပြန်လည်ဖြည့်တင်းလာမလဲလို့ ထင်ပါသလဲ။

ဖြေ – အခု လျော့နည်းသွားတဲ့သူတို့ရဲ့အင်အားတွေကို ထပ်ဖြည့်တင်းဖို့က လူ့စွမ်းအားအရင်းအမြစ်တွေက ရှာဖို့ ခက်ခဲနေပြီ။ အားလုံးသိတဲ့အတိုင်း မြန်မာစစ်တပ်ကို ဘယ်သူမှမဝင်တော့ဘူး။ မဝင်တော့တဲ့အတွက် သူတို့အတင်းအဓမ္မစုဆောင်းမှုတွေ လုပ်လာနိုင်တယ်။ အရင်တုန်းကလို ပေါ်တာလိုတွေ အခုချိန်မှာလည်း လုပ်နေတာပဲ။ အဲ့ဒီထက်ပိုဆိုးတာတွေလည်း လုပ်လာနိုင်တယ်။ အင်အားနည်းပါးမှုကိုတော့ အကြမ်း ဖက်တဲ့နည်းလမ်းနဲ့ ဖြည့်တင်းမှုတွေတော့ လုပ်နိုင်တယ်။ အကြမ်းဖက်တဲ့နည်းလမ်းတွေနဲ့ စုဆောင်းမယ်၊ အတင်းအဓမ္မစုဆောင်းမှုတွေ၊ နောက်ဆုံး ကလေးစစ်သားလိုမျိုးပါ ထပ်ပြီးဖြစ်ပွားနိုင်တယ်။ ပြည်သူတွေအနေနဲ့ကတော့ ဒီအချက်တွေကို သတိထားရမယ်၊ မဖြစ်ပွားအောင်။ မိမိကိုယ်ကိုယ် ဘယ်လိုကာကွယ်မလဲဆိုတာ စဉ်းစားထားကြဖို့လိုမယ်။ အခုလောလောဆယ် တပ်အင်အားနည်းပါးမှုကတော့ အရင်ထက်စာရင် အဆပေါင်းများစွာ ပိုပြီးဆိုးဝါးလာတာတွေ့ရတယ်။ သူတို့ရဲ့ ကာကွယ်ရေးအင်အားတစ်ခုတည်းမှာတင် နေ့စဉ်နဲ့အမျှ ကျဆုံးမှုတွေရှိတယ်။ နောက်ပြီး စစ်တပ်ကို နေ့စဉ်စွန့်ခွာသူတွေကလည်း ရှိနေတယ်။ ဒါတွေဟာ ပေါင်းလိုက်ရင် သူတို့အတွက် တစ်လတစ်လ အင်အားနဲ့ဆိုရင်တောင် တော်တော်လေး လျော့နည်းမှုကရှိတယ်။ အယောက် ၁၀၀ ထွက်သွားရင် ၁၀ ယောက်တောင် ပြန်ဖြည့်ဖို့ မလွယ်တဲ့အနေအထားကို တွေ့နေရတယ်။  

မေး – မြန်မာစစ်တပ်ဘက်က PDF တွေကို ဖမ်းဆီးရမိတဲ့အခါ ပြုမူဆက်ဆံပုံနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေက စစ်ကောင်စီတပ်ဖွဲ့တွေကို ဖမ်းဆီးရမိတဲ့အခါ ပြုမူဆက်ဆံပုံတွေက ဘယ်လိုကွာခြားတာ တွေ့ရသလဲ။

ဖြေ – အရမ်းကွာခြားပါတယ်။ ဒီဘက်မှာက ပွင့်လင်းမြင်သာမှုဆိုတဲ့ အရာတစ်ခုကို အခြေခံထားတယ်။ နောက်ပြီးတော့ စည်းကမ်းလိုက်နာမှု၊ စစ်ပွဲဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု၊ စစ်သားတစ်ယောက်ရဲ့ စစ်ပွဲဥပဒေလိုက်နာရမှာတွေက နှစ်ဖက်မှာ အရမ်းကွာခြားတယ်။ ဒီဘက်မှာ မတရားမှုကိုလုပ်မယ်၊ ညှင်းပန်းနှိပ်စက်တာတွေလုပ်ရင် ဘယ်သူကမှ မထောက်ခံကြဘူး။ ရှုတ်ချကြမယ်။ ကန့်ကွက်ကြမယ်။ ဒီလိုပုံစံတွေက ကျွန်တော်တို့ဘက်မှာ ပိုများတယ်။ သူတို့ဘက်က အဲ့လိုတွေးမှာမဟုတ်ဘူး။ အခုဆိုရင် စစ်တပ်ကသူတွေ ဖမ်းဆီးရမိရင် ကောင်း ကောင်းနေ၊ ကောင်းကောင်းထိုင်ဆိုပြီး သုံ့ပန်းတစ်ယောက်ကို ကောင်းကောင်းစောင့်ရှောက်ထားတဲ့ ပုံရိပ်တွေ တွေ့ရတယ်။ ဒီလိုမျိုးအရာတွေက စစ်တပ်ဘက်မှာ မတွေ့ရဘူး။ စစ်တပ်ဘက်မှာကျတော့ လူတစ်ယောက်ကို ဖမ်းဆီးရမိပြီဆိုရင် ညှင်းပန်းနှိပ်စက်ပြီး အရင်ဆုံး သေနတ်ဒင်နဲ့ရိုက်လိုက်တာတို့ အဲ့ဒါမျိုးက ပထမဆုံး ဆိုးဝါးစွာပြုမူလိုက်တာပဲ။  နောက်ပြီး စစ်ကြောရေးလုပ်တဲ့အခါ သူတို့လိုချင်တဲ့အချက်အလက်တွေကိုရအောင်ယူပြီး နောက်ထပ် မှားယွင်းတဲ့အချက်အလက်တွေကို ထပ်ဖြည့်ပြီးတော့မှ ထောင်ချတာတွေ ပိုပြီးဖြစ်လာတယ်။ ဒါတွေက လက် တွေ့တော်လှန်ရေးမှာ ပိုပြီး တွေ့လာရတာတွေပါပဲ။ စစ်တပ်ရဲ့ပြုမူပုံတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ပြုမူပုံတွေဟာ အရမ်းကိုကွာခြားတယ်။  အမိန့်နာခံတာကတော့ နှစ်ဖက်လုံးမှာရှိတယ်။ စည်းကမ်းလိုက်နာမှုပိုင်းမှာတော့ ထုတ်ပြန်ထားတဲ့ဥပဒေတွေကို လိုက်နာမှုပိုင်းမှာ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပိုပြီးအားကောင်းတယ်။ စစ်တပ်အနေနဲ့ကတော့ အဲ့ဒီအပေါ်မှာ စစ်ခေါင်းဆောင်ကအစ အောက်ခြေစစ်သားအထိ လိုက်နာမှုမရှိတာ တွေ့ရတယ်။ သူတို့လက်ကလုပ်တဲ့အရာတွေပဲ ဥပဒေဖြစ်နေတယ်။ myanmar now

« Older Entries