Category Archives: News

မတူပီမြို့ နယ်အတွင်း တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်က မြို့အဝင်အထွက်ဂိတ်များ ပိတ်ဆို့ထား

ချင်းပြည်နယ် မတူပီမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ မြို့အဝင်အထွက် ဂိတ်များအား ပိတ်ဆို့ထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

စက်တင်ဘာလ ၁၉ရက်နေ့မှ စတင်ကာ CDF – Matupi နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ မတူပီမြို့အဝင်အထွက်လမ်းမများဖြစ်သော မတူပီ – မင်းတပ် ၊ မတူပီ – ဟားခါးနှင့် မတူပီ – ပလက်ဝမြို့သို့ ဆက်သွယ်ထားသော လမ်းများရှိ စစ်ဆေးရေးဂိတ်များတွင် မည်သူမျှ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း ဆိုသည်။

“အရင်ကတော့ အုပ်ချုပ်ရေးမှူးထောက်ခံစာ ဒါမှမဟုတ် မှတ်ပုံတင်နဲ့ မြို့ထဲဝင် လို့ရပေမဲ့ ကျနော်တို့က စစ်ကောင်စီတပ်ဂိတ်ကို ဝင်စီးပြီးနောက် မြို့အဝင် အထွက်ကို လုံးဝပိတ်ထားတယ်” ဟု CDF – Matupi တာဝန်ရှိသူတစ်ဦးမှ မဇ္စျိမ ကိုပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် မြို့အပြင်တွင် နေရာယူထားပြီး အချို့နေရာများတွင် အလံနီများစိုက်ထူထားကာ ကျူးကျော်ပါက ပစ်ခတ်မည်ဖြစ်ကြောင်း ပြည်သူများကို ခြိမ်းခြောက်ပြောဆိုကြောင်း သိရသည်။

ယင်းသို့ ပိတ်ဆို့ထားမှုကြောင့် ကုန်စည်ဆင်းစီးမှုများ ရပ်တန့်နေပြီး မြို့အတွင်းနေ ပြည်သူများ အခြေခံစားကုန်များ ရှားပါးလာနေကာ ကုန်းဈေးနှုန်းများလည်းမြှင့် တက်လာနေကြောင်း ဆိုသည်။

စက်တင်ဘာလ ၁၉ရက်နေ့က မတူပီမြို့တွင် စစ်ကောင်စီတပ်မှ အခြေခံစားသောက် ကုန်များအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချခဲ့ရာ ပြည်သူအများမှ အပေါ် ယံဟန်ပြ လုပ်ဆောင်ခြင်းသာဖြစ်ပြီး ၎င်းတို့အားထောက်ခံစေရန်စည်းရုံးခြင်းဖြစ်ကြောင်း ဝေဖန်လျက် တစ်ဆင့်ပြန်လည်ရောင်းချမည့် ဈေးဆိုင်ပိုင်ရှင်များကသာ ဝယ်ယူခဲ့ကြောင်း သိရသည်။

စက်တင်ဘာလအတွင်းတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် ၁၉ ၊ ၂၄ ၊ ၂၅ ၊ ၂၇နှင့် ၂၉ရက်များတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၉ဦီးသေဆုံးကာ ကာကွယ်ရေးဘက်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။ mizzima

ဗန်းမောက်တွင် စစ်တပ်နှင့် PDF ပူးပေါင်းအဖွဲ့ တိုက်ပွဲထပ်ဖြစ်၊ စစ်တပ်က နေအိမ်မီးရှို့

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ အောက်တိုဘာ ၅ ရက် မနက် ၉ နာရီခွဲလောက်က စတင်ပြီး ညနေ ၄ နာရီဝန်းကျင်လောက်ထိ စစ်ကောင်စီတပ်ဖွဲ့နဲ့ KIA၊ PDF၊ ပကဖ ပူးပေါင်းအဖွဲ့တို့ ထပ်မံထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလို နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့‌က ကျောက်အိုင်ကျေးရွာနဲ့ ပေပင်ကျေးရွာအတွင်းကို ဝင်ရောက်ကာ ဒေသခံတွေရဲ့ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

ကျောက်အိုင်ကျေးရွာက နေအိမ် ၅ လုံးထက်မနည်း မီးလောင်ပြာကျသွားခဲ့ကြောင်းနဲ့ ဒီနေ့ မနက်ပိုင်းမှာလည်း အဲဒီကျေးရွာတွေအနီးမှာ လက် နက်ကြီး လက်နက်ငယ်သံတွေ ကြားနေရပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ ဗန်းမောက်မြို့နယ် တောင်ပိုင်းဒေသမှာဖြစ်ပြီး နှစ်ဖက်ထိခိုက်မှု အခြေအနေ မသိရသေးသလို အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ ကျောက်အိုင်ကျေးရွာနဲ့ ပေပင်ကျေးရွာတို့ကတဆင့် တခြားကျေးရွာတွေဘက်ကို ဆက်လက် စစ်ကြောင်းထိုးလာနိုင်ဖွယ် ရှိတာကြောင့် တခြားကျေးရွာတွေက ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းအဖွဲ့တို့ဟာ အောက်တိုဘာ ၃ ရက်ကစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲဟာ ၄ ရက်မြောက် ရှိလာပြီဖြစ်သလို အောက်တိုဘာ ၄ ရက် တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က လေကြောင်းကပါ တိုက်ခိုက်ခဲ့ပါတယ်။ DVB

စစ်ကောင်စီက Narinjara သတင်းဌာနမှ အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်အား ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်

ရခိုင်ပြည်နယ် အခြေစိုက် Narinjara သတင်းဌာန၏ အယ်ဒီတာချုပ်အား စစ်ကောင်စီက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) တို့ဖြင့် စစ်တွေမြို့မရဲစခန်းတွင် အောက်တိုဘာလ ၅ ရက်နေ့တွင် အမှုဖွင့်ထားကြောင်း သိရသည်။

Narinjara သတင်းဌာနမှာ မဟုတ်မမှန်သတင်းအား ရေးသားဖော်ပြသည့်အတွက် ယခုကဲ့သို တရားစွဲဆိုခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်

စစ်ကောင်စီ၏ ရခိုင်နေ့စဥ် သတင်းpage တွင် ရေးသားထားခြင်းဖြစ်သည်။

” ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ ကျောက်ရစ်ကေခွဆုံ မြင်းခုံတန်းကန်ဘောင်နားရှေ့ မြို့တံတားအနီးတွင် မြောက်ဦးမြို့သစ်ရပ်ကွက် နေ ဦးထွန်းရွှေ၏ သားဖြစ်သူ ကိုသန်းနိုင်ကျော် (၂၀)နှစ် မိုင်းနင်းမိသည့် ကိစ္စအား ရေးသားဖော်ပြရာတွင် AA ထောင်ထားသည် ဒေသန္တရ လက်လုပ်မိုင်းဖြစ်ပါလျက်နှင့် တပ်မတော်မှ ထောင်ထားသည့်မိုင်းဖြစ်ကြောင်း ရေးသားဖော်ပြခြင်း၊ ၃၀- ၉- ၂၀၂၂ ရက်နေ့တွင် မိုင်းနင်းမိသူ ကိုသန်းနိုင်ကျော် သေဆုံးသွားခဲ့သည့် သတင်းအား ရေးသားဖော်ပြရာ၌ ကိုသန်းနိုင်ကျော် နင်းမိသည့် မိုင်းသည် တပ်မတော်မှ ဒေသခံပြည်သူများအား ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ ထောင်ထားသည့် မိုင်းဖြစ်ကြောင်း လူထုအထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် သတင်းများ ရေးသားဖော်ပြခဲ့ကြောင်း သိရှိရသည်။” ဟု ရေးသားထားသည်။

ယင်းကဲ့သို့ မဟုတ်မမှန် ရေးသားသည့်အတွက် စစ်ကောင်စီတပ်က တရားလိုလုပ်ကာ ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ထားကြောင်း ဆိုသည်။

ယင်းအတွက် စစ်ကောင်စီအနေဖြင့် အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

Narinjara သတင်းဌာနမှာ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အစောပိုင်းကလည်း ရဲတပ်ဖွဲ့က ရုံးအတွင်းသို့ လာရောက်ရှာဖွေခဲ့သည်။

ယင်းအတွက် သတင်းသမားများမှာလည်း ရှောင်နေကြောင်းသိရသည်။

ယခုကဲ့သို့ စစ်ကောင်စီက သတင်းသမားများကို တရားစွဲဆိုနေခြင်းမှာ စစ်ကောင်စီအနေဖြင့် အမှန်တရားကို မကြိုက်သည့်အတွက် ထင်သလိုလုပ်နေခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်မှ သတင်းထောက်တစ်ဦးက ပြောသည်။

” အာဏာသိမ်းပြီးနောက်ပိုင်းရော အရင်ကရော သူတို့ သတင်းထောက်တွေကို ထင်သလို တရားစွဲတယ်၊ လိုရာအမှုဖွင့်တယ်၊ သတင်းမီဒီယာသမားတွေကိုလည်း သူတို့က မကြိုက်ဘူး။ အမှန် ပြောတဲ့လူကို သူတို့က မကြိုက်ဘူး။ ဒါက သူတို့ လုပ်ချင်လို လုပ်နေတာပါ ”ဟု ဆိုသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီအနေဖြင့် သတင်းမီဒီယာသမားများကိုလည်း ပစ်မှတ်ထားပြီး ဖမ်းဆီးထောင်ချခြင်းများကို လုပ်ဆောင်နေခြင်းဖြစ်သည်။ mizzima

ရေစကြို၊ ထားဝယ်၊ မြိုင်၊ မြ၀တီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် တိုက်ပွဲများဖြစ်ပြီး စစ်သား ၁၀ ဦးသေဆုံး

ရေစကြို၊ ထားဝယ်၊ မြိုင်၊ မြ၀တီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် တိုက်ပွဲများဖြစ်ပြီး စစ်သား ၁၀ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များ၏ သ တင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

ရေစကြိုမြို့နယ်၊ မင်းရွာတွင် စစ်သား ၉ ဦးသေဆုံး

============================

အောက်တိုဘာလ ၅ ရက်နေ့ မကွေးတိုင်း၊ ရေလည်ကျွန်း၊ မင်းရွာတွင် အထိုင်ချထားသော စစ်တပ်နှင့်ပျူစောထီးများ အတွက် ရိက္ခာ လာပို့သော မော်တော်များအား MG 6 ပြောက်ကျားတပ်(မြင်းခြံ)၊ အမေ့လက်ရုံး ပြောက် ကျားတပ် တို့ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦး သေဆုံးပြီး စစ်သား ၂ ဦးဒဏ်ရာရရှိကြောင်း ဒေသကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။

ထားဝယ်သပိတ်မျှောပွဲကျင်းပရန် စီစဉ်နေသည့် နေရာတွင် မိုင်းပေါက်ကွဲ

=======================================

စစ်ကောင်စီဘက်က သီတင်းကျွတ် သပိတ်မျှောပွဲကျင်းပရန် အသည်းအသန်ကြိုးစားနေသည့် ထားဝယ်မြို့ ရိုးရာသပိတ်မျှောပြုလုပ်မည့်နေရာဖျော်ဖြေရေးမဏ္ဍပ်တွင် ယနေ့ ညနေ ၅ နာရီ ၁၀ မိနစ်ဝန်းကျင်အချိန် မိုင်းဖောက်ခွဲခဲ့ကြောင်း ထားဝယ်ပြောက်ကျားတပ်ဖွဲ့(Guerrilla Dawei) တာဝန်ခံက ပြောသည်။

“စစ်ကောင်စီက လူထုကိုလူသားဒိုင်းအနေနဲ့ပြုလုပ်မယ့် အလိမ်အညာ ပျော်ပွဲရွှင်ပွဲတွေကို လူထုအနေနဲ့မပါဝင်ဖို့နဲ့ အကြမ်းဖက်စစ်တပ်ကို ပံ့ပိုးနေတဲ့သူတွေကို သတိပေးတဲ့အနေနဲ့ စစ်ကောင်စီကပြုလုပ်တဲ့ ထားဝယ်ရိုးရာ သပိတ်မျှောပွဲရဲ့ ဖျော်ဖြေရေးစင်ကို ကြိုတင်ဖောက်ခွဲသတိပေးလိုက်တာပါ” ဟု Guerrilla Dawei တာဝန်ခံက ပြောသည်။

ကိုဗစ်နှင့်စစ်အာဏာသိမ်းမှုကြောင့် ၂ နှစ်ရပ်နားခဲ့ရသည့် ထားဝယ်သပိတ်မျှောပွဲကို ယခုနှစ်ပြန်လည်ကျင်းပနိုင်ရန် စစ်ကောင်စီက ကြိုးစားနေပြီး သပိတ်မျှောပွဲကို သီတင်းကျွတ်လဆန်း ၁၄ ရက် (အောက်တိုဘာလ ၈ ရက်) ည နှင့် သီတင်းကျွတ်လပြည့်နေ့(အောက်တိုဘာလ ၉) ရက် အရုဏ်တက်ချိန်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

ပွဲတော်ကျင်းပသည့် နေ့ရက်တွင် ဖောက်ခွဲမည်ဆိုလျှင် အပြစ်မဲ့သာမန်ပြည်သူတွေထိခိုက်မည်စိုးရိမ်၍ ယနေ့ သတိပေးသည့် အနေဖြင့် ကြိုတင်ဖောက်ခွဲလိုက်ခြင်းဖြစ်သည်ဟု Guerrilla Dawei က ဆိုသည်။

တိုက်ခိုက်မှုကြောင့် လူထိခိုက်မှု လုံး၀မရှိပေ။

ထားဝယ်-မေတ္တာကားလမ်းမပေါ်တွင် စစ်ယာဥ်တန်း ၁၀ စီးကြားဖြတ်ဗုံးခွဲခံရ

===========================================

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ဝကုန်းရွာအနီး လမ်းပိုင်းတစ်နေရာတွင် ဖက်ဆစ်တပ်ယာဥ်တန်း(၁၀)စီးယနေ့မွန်းလွဲပိုင်းက ဗုံးခွဲ တိုက်ခိုက်ခံရပြီးနောက် ထိခိုက်သေဆုံးရှိနိုင်ကြောင်း၊ အောက်တိုဘာ(၆)ရက်၊မွန်းလွဲ ၁ နာရီ ၂၆ မိနစ်ခန့်တွင် မေတ္တာဖက်မှထားဝယ်သို့ ဦးတည်ဆင်းလာခဲ့သော ယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးဖွဲ့တို့ပူးပေါင်း၍ ကြားဖြတ် တိုက်ခိုက်ခဲခြင်းဖြစ်ကြောင်း DEF-PDFအဖွဲ့ထံမှ သိရှိရသည်။

“စစ် ကား(၁)စီးထိမှန်ခဲ့ပြီး ထိခိုက်ကျဆုံးမှုမသိရသေး ပါဘူး။ မင်ရှင်ပြီးတဲ့အချိန် မှာ ကျနော်တို့ရဲဘော်များဘေး ကင်းစွာ ပြန်ဆုတ်လာခဲ့တယ်”ဟု၎င်းအဖွဲ့က ပြောသည်။

မြိုင်တွင် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

===============================

အောက်တိုဘာလ ၅ ရက်အောက်တိုဘာ ၂၀၂၂ ရက်နေ့ နေ့ခင်း ၁နာရီ ၂၀မိနစ်ခန့် မြိုင်-ပခုက္ကူနယ်စပ် ကန်တော်ရွာနှင့်ကန်မရွာကြားစစ် ဆေးမှု ပြုလုပ်နေသည့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံး ၃ လုံးကျဲချ တိုက်ခိုက်ရာ ပျူစောထီး ၂ ဦးဒဏ်ရာရရှိကြောင်း မြိုင် ပကဖက သတင်းထုတ်ပြန်သည်။

မြ၀တီတွင် တိုက်ပွဲများ ဆက်ဖြစ်နေ

====================

အောက်တိုဘာလ ၆ ရက်နေ့် တွင် အကြမ်းဖက်စစ်တပ်ကို ကော်ဘရာ ပူး ပေါင်း စစ်ကြောင်းနှင့် တပ်မဟာ စစ်ကြောင်းတို့ တိုက်ခိုက်ခဲ့ကြပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ မြဝတီ – ဝေါ်လေ ကားလမ်းမပေါ်ရှိ မြွေသုံးကောင် ကုန်းနှင့် ဖလူးစခန်းတွင် အခြေပြုထားသော အကြမ်းဖက် စစ်ကောင်စီမှ ၁၂၀ မမ လက် နက်ကြီး ဖြင့် ပစ်ကူပေး ပစ်ခတ်ကြောင်း၊ အောက်တိုဘာ ၆ ရက်နေ့၊ နံနက် ၉ နာရီ ခန့်မှ ၁၀ နာရီခွဲ ခန့်အထိ လည်း ကောင်း၊ မွန်းလွဲ ၃ နာရီ ခန့်မှ ညအချိန်အထိ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း ၊ ကျူးကျော်လာသော စစ်ကောင်စီ တပ်များကို ကော်ဘရာ ပူး ပေါင်းတပ်များက လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်ခြင်း၊ ပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်း၊ ခြေမှုန်းရေး စစ်သည်များနှင့် မြေပြင်ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

ပူးပေါင်းတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁ ဦး (စိုးရိမ်ရ) ပြင်းထန် ထိခိုက်ဒဏ်ရာ ရရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး ထပ်မံ ထိ ခိုက် သေဆုံးမှုအား စိစစ်ဆဲ ဖြစ်ကြောင်း သိရှိရသည်။

ထို့အတူ တောင်နီး ကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီကို ပြည်သူ့ကာကွယ်ရေးတပ်များက စနိုက်ပါများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက် စစ်ကောင်စီဘက်မှ ၁ ဦး သေဆုံးကြောင်း သိရှိရသည်။

ကြာအင်းဆိပ်ကြီးတွင်လည်း တိုက်ပွဲဖြစ်ပြီး စစ်သား ၁ ဦးသေဆုံး

====================================

အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ် အချိန်တွင် ကြာအင်းဆိပ်ကြီးအခြေစိုက် ခလရ ၂၈၄ တပ်ရင်းသို့ KNLA တပ်များ၊ နဂါးနီစစ်ကြောင်း တို့ပူးပေါင်းပြီး ၇၉ မမ ဖြင့်သွားရောက်ပစ်ခတ်ရာ အကြမ်းဖက်စစ်ကောင်စီ ကင်း တဲသို့ ကျရောက်ပြီး စစ်သား ၁ ဦးသေဆုံးကြောင်း၊ ၄ ဦးဒဏ်ရာရရှိကြောင်း နဂါး နီစစ်ကြောင်းက သတင်းထုတ် ပြန် သည်။ khit thit

ပုဏ္ဏားကျွန်းက လုပ်ငန်းရှင်များကို စစ်ကောင် စီဗျူဟာမှူး ခြိမ်းခြောက်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့က လုပ်ငန်းရှင်တွေကို စစ်ကောင်စီဗျူဟာမှူးက  အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်းမှာ ခေါ်ယူပြီး အေအေကိုကူညီရင် ပိုင်ဆိုင်မှုတွေနိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမယ်လို့  ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့  လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀ တပ်ရင်းမှာ မနေ့ နေ့လယ်ပိုင်းမှာ လုပ်ငန်းရှင်တွေကို ခေါ်ယူပြီး စစ်ကောင်စီဗျူဟာမှူးက ခြိမ်းခြောက်ပြောဆိုခဲ့တာဖြစ်ပြီး သူတို့အခန်းထဲကိုဝင်ချိန်မှာ လက်ကိုင်ဖုန်းတွေ အားလုံးကို အပ်ထားခဲ့ရပြီး တံခါးကို အလုံပိတ်ထားတယ်လို့ ပုဏ္ဏားကျွန်မြို့က လုပ်ငန်းရှင်တယောက်က ဒီဗွီဘီကို ပြောပါတယ်။

“စစ်ကောင်စီရဲ့ ဗျူဟာမှူးက ခင်ဗျားတို့ ဟိုလိုလို ဒီလိုလို မလုပ်နဲ့။ အေအေကို မကူညီနဲ့၊ မထောက်ပံ့နဲ့။ ဟိုလိုလို ဒီလိုလို လုပ်ရင်တော့ ခင်ဗျားတို့ပိုင်ဆိုင်မှုတွေအားလုံး သိမ်းပြီးတော့ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းလိုက်မယ်။ ဒါပေမဲ့ ခင်ဗျားတို့ လွတ်လပ်စွာ သဘောထားကွဲခွင့်ရှိတယ်။ မကျေနပ်ရင် သွားပြီးလက်နက်ကိုင်။ ကျနော်တို့မှာ အပေါဆုံးက ကျည်ပဲ။ ကျနော့်မိသားစုက ပုဏ္ဏားကျွန်းမှာ တယောက်မှမရှိဘူး။ ခင်ဗျားတို့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်လိုဖြစ်သွားမယ်။ လက်နက်ကြီးကျည်တလုံးကို သိန်း ၅၀ ကုန်ကျတယ်လို့ ခင်ဗျားတို့တွက်ရင် မှားလိမ့်မယ်။ နိုင်ငံခြားကဝယ်ရင်တော့ ဟုတ်တယ်။ ကျနော်တို့ ပြန်ထုတ်လိုက်ရင် ၁၀၀ တန်တခုက ၂၀ နဲ့ရတယ်။ ကျနော်တို့ ကြိုက်သလိုသုံးလို့ရပြီး အပေါဆုံးက ကျည်ပဲ။ ကျ‌နော်တို့ဟာ ကြေးစားတွေနော်။ ပိုက်ဆံယူပြီးတော့ အမှုထမ်းနေတာ” လို့ ခြိမ်းခြောက်တာကြောင့် စိတ်တိုပြီး ထမင်းတောင်မစားနိုင်ဘူးလို့ ပုဏ္ဏားကျွန်မြို့က လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ဆက်လက်ပြီး သူက “အဲဒီနောက် ခမရ ၅၅၀ တပ်ရင်းမှူးဝင်လာပြီး ကျနော်တို့ ၅၅၀ တပ်ရင်းက ၂၅ နှစ်ရှိပြီ။ ပုဏ္ဏားကျွန်းမြို့ခံတွေနဲ့ဆိုရင် ဆွေမျိုးတွေလို ဖြစ်နေပြီး အခုမှသာ အကြောင်းကြောင်းကြောင့် ခွဲခွာပြီးနေနေရတာ စိတ်မကောင်းဖြစ်မိတယ်။ အခုလည်း မင်းပြား၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်ဘက်တွေမှာ အနည်းနဲ့အများဖြစ်နေပြီး ကျနာ်တို့မြို့မှာ အခုထိ ဘာမှမဖြစ်သေးလို့ ဒီအခြေအနေကို မြို့မိမြို့ဖတွေအနေနဲ့ ဝိုင်းဝန်းထိန်းသိမ်းပေးကြပါ။ တကယ်လို့ မလွှဲသာလို့ အထက်အမိန့်အရ ဖြစ်လာမယ် ဆိုရင်တော့ ခင်ဗျားတို့ ရှောင်တိမ်းပေးကြပါ။ မြို့ထဲမှာမနေကြပါနဲ့လို့ လေးလေးနက်နက် မှာချင်တယ်ဆိုပြီး ၂ ကြိမ်ပြောဆိုသွားတယ်” လို့ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်က လုပ်ငန်းရှင်တွေနဲ့ ရွှေဆိုင်ပိုင်ရှင်တွေကို စက်တင်ဘာ ၂၉ ရက်ကလည်း စစ်ကောင်စီတပ်က ခေါ်ယူပြီး ရက္ခိုင့်တပ်တော် (အေအေ) ကို အခွန်မဆောင်ဖို့ ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေ) တို့ အခုနှစ် သြဂုတ်လကစတင်ကာ တကျော့ပြန် တိုက်ပွဲတွေ ပြန်ဖြစ်ပြီးနောက်ပိုင်း မြို့အများအပြားမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ ဧည့်စာရင်း စစ်ဆေးတာတွေ၊ ပရဟိတသမားတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို မတရား ဖမ်းဆီးတာတွေ၊ ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်တင်ယာဥ်တွေ ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးကို ပိတ်ဆို့ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့် ဖြတ်တောက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။ DVB

ရဲတပ်ကြပ် နေအိမ်လိုင်းခန်းတွင် မိမိကိုယ်ကို သတ်သေမှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် မှတ်တိုင်နယ်မြေရဲစခန်းတွင် အောက်တိုဘာ ၅ရက်နေ့ နေ့လယ် ၁နာရီဝန်းကျင်က ရဲတပ်ကြပ်တစ်ဦး မိမိကိုယ်ကို သတ်သေမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူသည် ရဲတပ်ကြပ်သော်ကြီး(ခ)ကတုံးဆိုသူဖြစ်ပြီး ၎င်းနေထိုင်ရာ နေအိမ်ရဲလိုင်းခန်းထဲတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း သိရသည်။

“နေ့လယ် ၁နာရီလောက်မှာ ဖြစ်တာပါ၊ သူရဲ့ နေအိမ်လိုင်းခန်းထဲမှာ သူ့ရဲ့လည်ပင်းကို သေနတ်နဲ့ အောက်ကပင့်ပစ်တာ၊ ခေါင်းကိုတောင် နည်းနည်းထိသွားတယ်ပြောတယ်”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။

သေဆုံးသူသည် ယခင်နှစ်နှစ်ဝန်းကျင်က ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ ယခုလတွင် စခန်းကို ပြန်လည်ရောက်ရှိနေခြင်းဖြစ်သည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ်ကို မဇ္ဈိမမှ ဆက်လက်စုံစမ်းလျှက်ရှိသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှ မြန်မာနိုင်ငံကို အာဏာသိမ်းပြီး နှစ်နှစ်နီးပါးကြာချိန်တွင် ရဲတပ်ဖွဲ့ဝင်၂၀ဦးထက်မနည်း မိမိကိုယ်ကို အဆုံး စီရင်မှုများဖြစ်ပေါ်လျှက်ရှိသည်။

အဆုံးစီရင်သူများသည် မိသားစုပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ရသူများ၊ အရက်သေစာလွန်လွန်ကြူးကြူးသောက်စားသူများနှင့် စစ်ကောင် စီမှ ဖိအားပေးမှုများကို မခံနိုင်သည့်တွက် မိမိကိုယ်ကို သတ်သေခဲ့ခြင်းများ အများဆုံးဖြစ်ပေါ်လျက်ရှိသည်။ mizzima

စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် စစ်တပ် ထောက်ပို့ ကွန်တိန်နာကားများ မိုင်းဆွဲ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ထောက်ပို့ ကွန်တိန်နာကားများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ထောက်ပို့ ကွန်တိန်နာ ကားများသည် အောက်တိုဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်း တပ်မ ၃၃ မှ မုံရွာသို့ ထွက်ခွာလာစဥ် ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် -CHAUNG U REVOLUTION ARMY(CRA)မှ ပဒေသာမိုင်းများဖြင့် ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး ပထမကားနှင့် ဒုတိယကား နှစ်စီး၏ ကားခေါင်းပိုင်းကို ထိမှန်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် ကင်းပုန်းများနှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှု ဖြစ် ပွားခဲ့ပြီး CRA တပ်ဖွဲ့မှ ရဲဘော်များ အနေဖြင့် လက်နက် လူအင်အား မမျှသောကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်-CHAUNG U REVOLUTION ARMY (CRA) တပ်ဖွဲ့၏ တပ်ခွဲ ၃ လေပွေမုန်တိုင်း၊ အထူးကွန်မန်ဒို တပ်ခွဲ၊ ချောင်းဦးမြို့နယ်တော်လှန်ရေးတပ်-၂ CHAUNG U REVOLUTION ARMY (CRA-2)နှင့် တောင်သူလယ်သမား တော် လှန်ရေးအင်အားစု FARMER REVOLUTION FORCE(FRF) တို့မှပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။khit thit

ရွှေနွယ်သွေး သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်ကောင်စီတပ်က ပြည်သူတချို့ကို မတရားဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်လာနေပြီး စက်တင်ဘာ ၅ ရက် ညနေက အမှတ် ၃ ရပ်ကွက်၊ တောရကျောင်းလမ်းမှာ အမျိုးသမီး ၂ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“အခုရက်ပိုင်းမှာ စစ်တပ်က ပြည်သူတချို့ ဖမ်းတာတွေ လုပ်လာတယ်။ ဘာကြောင့်ဖမ်းတာဆိုတာထက် သူတို့လုပ်ချင်သလို လုပ်တာလေ။ မနေ့က အမျိုးသမီး ၂ ဦး ဖမ်းသွားသေးတယ်။ အခုရက်ထဲ ပြည်သူ ၇ ယောက်လောက်ကို ဖမ်းတာ ဆက်တိုက်ပဲ။ အဖမ်းခံရသူတွေကို ဘယ် ကိုခေါ်သွားတာလဲဆိုတာ စုံစမ်းလို့လည်းမရဘူး။ ရဲစခန်းမေးတော့ မသိဘူး။ မိသားစုဝင်တွေက စိတ်ပူနေကြတယ်။ အခု မြို့အဝင်အထွက်တွေကော မြို့ထဲတွေမှာပါ လုံခြုံရေး တိုးမြှင့်ထားတာတွေ့ရတယ်။”

စက်တင်ဘာ ၂ ရက်နေ့က ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ အောင်ဧရာကုန်စည်ဝန်းက မိုင်တဲလ်ရုံးကို အဝေးထိန်းဗုံးနဲ့ Pathein Special Task Force နဲ့ ကန်ကြီးထောင့် ပကဖ တို့က တိုက်ခိုက်ခဲ့ပြီး အာဏာသိမ်းစစ်တပ် အဓိကဒေါက်တိုင်တွေကို တိုက်ခိုက်သွားမယ်လို့လည်း PSTF က သတိပေးစာ ထုတ်ပြန်ထားပါတယ်။

အလားတူ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နယ်မှာလည်း အောက်တိုဘာ ၅ ရက် ညနေပိုင်းက ဒေသခံ ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။

ငါးပြေမကျေးရွာက ဒေသခံအမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ အင်အား ၂၀ လောက်က အကြောင်းပြချက်မရှိဘဲ လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံအမျိုးသားတဦးက “ညနေ ၅ နာရီလောက်မှာ စစ်သားအယောက် ၂၀ လောက် ရွာထဲဝင်လာပြီး ဖမ်းသွားတာ။ ဘာလို့ဖမ်းတာလဲဆိုတော့ စစ်ဆေးစရာရှိလို့ဆိုပြီး ဘာအကြောင်းပြချက်မှမရှိဘဲ ဖမ်းသွားတာ။ အဖမ်းခံရတာ လူငယ်တဦးရယ်၊ လူလတ်ပိုင်းနှစ်ဦးပါ။ အဖမ်းခံရတဲ့သူတွေက ကျေးရွာမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်နေတဲ့ သူတွေပါပဲ” လို့ ပြောပါတယ်။

ငါးပြေမကျေးရွာက အမျိုးသားသုံးဦးကို စစ်ကောင်စီတပ်က ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရဘူးလို့လည်း သူက ဆက်ပြောပါတယ်။

စက်တင်ဘာ ၁၃ ရက်ကလည်း ဟိုင်းကြီးကျွန်းမြို့နယ် ဇီးချိုင်ကျေးရွာက အမျိုးသားသုံးဦးနဲ့ အမျိုးသမီးလေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါသေးတယ်။ DVB

« Older Entries Recent Entries »