Category Archives: recent information

၉ လခွဲအတွင်း အကြမ်းဖက်စစ်တပ်က ပြည်သူ ၁၂၆၅ ယောက်ကို ပစ်သတ်နှိမ်နင်းဟု အေအေပီပီ ထုတ်ပြန်

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၉ လခွဲအကြာ အကြမ်းဖက်စစ်တပ် ပစ်ခတ် သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၂၆၅ ယောက်ထိ ရှိလာခဲ့တယ်လို့ နိုင်ငံ ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ အေအေပီပီက ကောက် ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၁၀,၁၈၄ ယောက် ဖမ်းဆီးခံခဲ့ရပြီး ၇,၂၉၁ ယောက်ကတော့ လက်ရှိချုပ် နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၈၉ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်က တော့ ၁၉၅၄ ယောက်ရှိနေပြီး သူတို့ထဲက မျက် ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ ညနေပိုင်းက ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ လူ ငယ်တယောက်ကို အကြမ်းဖက်စစ်အုပ်စုက လာရောက်ရှာဖွေချိန်မှာ မတွေ့တာကြောင့် သူ့ရဲ့ ဖခင်ဖြစ်သူ ဦးမြင့်နိုင်နဲ့ ဦးလေးဖြစ်သူ ဦးရဲအောင်တို့ကို ဓားစာခံအဖြစ် ဖမ်းဆီး သွားခဲ့ပြီး နောက်တနေ့ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ ဦးရဲအောင်ရဲ့ ရုပ်အလောင်းကို လာရောက်ထုတ်ယူဖို့ မိသားစုဆီ အကြောင်းကြားခဲ့ကြောင်း သိရှိရပါတယ်။ 

ဦးရဲအောင်ဟာ စစ်ကြောရေးမှာ ကျဆုံးသွားခဲ့ကြောင်းသိရှိရပြီး သူ့ရဲ့ ရုပ်အလောင်းမှာတော့ ဦး ခေါင်းမှာ ဒဏ်ရာ အများအပြား တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မရမ်း အင်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာထိပ်မှာ နွား စာရိတ်နေတဲ့ ဦးသာအေးကို ပစ်သတ်သွားခဲ့ကြောင်း သိရှိရပါတယ်။ ဦးသာအေးဟာ ဝမ်းဗိုက်ကို ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန် ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေ အေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။DVB

ရထား CDM ဝန်ထမ်းတချို့ လက်နက်ကိုင်တိုက်ပွဲအတွက် အသင့်ဖြစ်နေ

CDM ခေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် မြန်မာ့မီးရထားဝန်ထမ်းများထဲမှ လက်နက်ကိုင်လိုသူတို့က စစ်သင်တန်းတက်ပြီးနောက် တိုက်ပွဲ၀င်ရန် အသင့်ဖြစ်နေပြီဟု သိရသည်။ 

မြန်မာ့မီးရထားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myanmar Railways People’s Defence Force) အမည်ဖြင့်လည်း စက်တင်ဘာ ၂၅ တွင် တပ် ဖွဲ့တစ်ခု ဖွဲ့စည်းလိုက်ကြောင်း အဖွဲ့ခေါင်းဆောင်တစ်ဦးက Myanmar Now ကို ပြောသည်။

“အဓိကကတော့ အာဏာသိမ်းပြီးတော့ ဆန္ဒပြတဲ့သူတွေကို အကြမ်းဖက်လုပ်ရပ်တွေ လုပ်တယ်။ လက်နက်ကိုင်မှပဲ ဒီတော်လှန်ရေးကို မြန်မြန်အမြစ်ဖြတ်နိုင်မယ်ဆိုပြီးတော့ လက်နက်ကိုင်တဲ့လမ်းစဉ်ကို ရွေးခဲ့တာပါ” ဟု ၎င်းက ဆိုသည်။

CDM  လှုပ်ရှားမှု အားအကောင်းဆုံးဌာနတစ်ခုဖြစ်သော မြန်မာ့မီးရထားမှ ထိုအရာရှိက နွေဦးတော်လှန်ရေးကို ကူညီနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေသို့ ဧပြီအတွင်း သွားရောက် စစ်ပညာသင်ယူထား သည်ဟု ဆိုသည်။  

ယခုအခါတွင် ကချင်ပြည်နယ်အတွင်းရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုနှင့် တွဲဖက်၍ တိုက်ပွဲဝင်ရန် ပြင်ဆင်နေပြီး ဒေအသီးသီးတွင် စစ်သင်တန်းတက်နေသော ရထား CDM ဝန်ထမ်းများကို ဆက်လက်စုစည်းသွားမည်ဟု အဖွဲ့ခေါင်းဆောင် အမျိုးသားက ပြောသည်။

“တပ်စုလောက်ကို အနိမ့်ဆုံးအဆင့်ဖြစ်စေချင်တယ်။ ကိုယ့်လူတွေကိုလည်း ခေါ်နေတယ်။ ကျွန်တော်တို့က မီးရထားတပ်စုတစ်စုကတော့ ဖြစ်ကိုဖြစ်ရမယ်ဆိုပြီး လုပ်နေတာပါ” 

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းအပြီး မီးရထားဝန်ထမ်းအများစု CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ခဲ့၍ ရထားခရီးစဉ်များအားလုံးနီးပါး ရပ် ဆိုင်းသွားခဲ့ပြီး ယနေ့ထက်တိုင် ပုံမှန်ပြေးဆွဲနိုင်ခြင်း မရှိသေးပေ။ 

CDM ရထားဝန်ထမ်းများ ဝန်ထမ်းလိုင်းခန်းမှ ဖယ်ရှားပေးခဲ့ရသော်လည်း လုပ်ငန်းခွင်ပြန်၀င်ရန် ငြင်းဆန်နေကြဆဲဖြစ်သည်။ 

ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့ထားသော၊ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်တင်ထားသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က “အောင်လံလွှင့်ချီ နွေဦးထီ” ကို ဖွင့်လှစ်ရောင်းချနေပြီး ဝင်ငွေ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းမှာ CDM ဝန်ထမ်းများ ထောက်ပံ့ကူညီရေးအစီအစဉ်အတွက် ဖြစ်သည်ဟု ကြေညာထားသည်။ myanmar now

ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ ကသဲကျေးရွာအနီး တောင်ကုန်းပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဖယ်ခုံ PDF၊ ပူးပေါင်းတပ်ဖွဲ့တို့ အောက်တိုဘာ ၂၆ ရက် ညနေ ၄ နာရီလောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖယ်ခုံ PDF က သတင်းထုတ်ပြန်ပါတယ်။

မိနစ် ၃၀ လောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး  ဖယ်ခုံ PDF တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် အကြမ်းဖက်စစ်ကောင်စီဘက်က ထိခိုက်မှုကို မသိရှိရဘူးလို့ ဖယ်ခုံ PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

“မနေ့ညနေ ၄ နာရီလောက်မှာ တိုက်ပွဲဖြစ်လိုက်သေးတယ်။ ကုန်းဆုံကျေးရွာအုပ်စု ကသဲကျေးရွာပေါ့။ ကသဲကျေးရွာရဲ့  တောင်ကုန်းထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ညနေ ၄ နာရီလောက်ပေါ့ အဲချိန်လောက်မှာ တိုက်ပွဲဖြစ်တယ်။ ကျနော်တို့ဘက်က ရဲဘော်တယောက်တော့ ခြေ သလုံးကို ဒဏ်ရာတချက်ရသွားတယ်။ ခြေသလုံးရှပ်ထိသွားတာပေါ့။ စစ်ကောင်စီဘက်ကတော့ ကျနော်တို့လည်း သေချာမသိရဘူးဗျာ။” 

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ်အတွင်း ရမ်းသန်းပစ်ခတ်တဲ့အတွက် ပြည်သူ ၃ ဦးလည်း ကျည်ထိမှန်ခဲ့သလို အောက်တိုဘာ ၂၇ ရက်နေ့ မနက် ၃ နာရီဝန်းကျင်မှာလည်း ကသဲကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ပြည်သူတွေကိုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ဖျက်ဆီးတာကြောင့် ကသဲကျေးရွာ တောင်ကုန်းပေါ်မှ ာအခြေချတဲ့ စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဖယ်ခုံ PDF တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့ဆီမှာ အဓိကကတော့ သူတို့က မြို့ပေါ်တွေမှာကော အင်အားတွေ တိုးချပြီးတော့ မြို့ပေါ်တွေမှာ လိုက်ပြီးတော့ အကြောင်းမဲ့ပစ်တယ်။ အကြောင်းမဲ့ပြည်သူတွေကို စစ်တယ် ဆေးတယ်၊ ရှာဖွေတယ်၊ အိမ်လည်း တခါတလေ ဖျက်ဝင်တယ်၊ အဲလိုမျိုးတွေ လျှောက်လုပ်တယ်။ နောက်ပြီး မြို့ရဲ့ မြောက်ဘက်အထွက် လမ်းကြောင်းတလျှောက် ရွှေပြည်အေးရွာတို့ဘက်မှာ လမ်းကြောင်းတွေ ချထားတယ်။ ပြီးတော့ စစ်ကြောင်းကို ဟိုဘက်ထိုးလိုက်၊ ဒီဘက်ထိုးလိုက်လုပ်တယ်။ ရွာတွေ ဝင်တယ်၊ ဆိုင်တွေ ဖောက်တယ်၊ စားစရာလည်း ယူတယ်။ အဲဒီလိုတောက်လျှောက်တွေ လုပ်တယ်။ အဲကြောင့် ကျနော်တို့လည်း သူတို့ကို သွားပစ်တာပေါ့ သူတို့ရဲကင်းတွေကို။ ”

အပြန်လှန်ပစ်ခတ်ပြီးနောက်ပိုင်း ဒီကနေ့ မနက်ပိုင်းက ရွှေပြည်အေးဘက်ကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့သလို လူတဦးလည်း လက်မှာ ထိခိုက်မှုရှိခဲ့တယ်လို့  ဒေသခံတဦးက ပြောပါတယ်။ 

လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ရွှေပြည်အေးကျေးရွာမှာ လူပေါင်း ၃၀၀ နီးပါးလောက် စစ်ရှောင်နေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

“ရွှေပြည်အေး စစ်ရှောင်လာတာက အယောက် ၂၇၀ လောက်ရှိမယ်နော်။ အခု ဒီဘက်မှာပဲ ပို့ထားတယ်။ လက်နက်ကြီးက သူတို့ဆီမှာ အလုံး ၂၀ လောက်ကျတယ် ပြောတယ်။ သူတို့ စစ်ရှောင်ထားတဲ့ စခန်းနားမှာပဲ အဲလို လှမ်းထုတယ် ပြောတယ် ဒီမနက်တုန်းက။”

လက်ရှိအခြေအနေအရ စစ်ကောင်စီတပ်ဖွဲ့ဟာ ဖယ်ခုံ-ရွှေပြည်အေး လမ်းကြော တောင်ကုန်းပေါ် အင်အားအများအပြားချထားပြီး ဖယ်ခုံမြို့ပေါ်မှာ အကြောင်းမဲ့ပစ်ခတ်နေသလို စစ်ဆေးနေတယ်လို့ ပြောပါတယ်။DVB

ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ရွာ အုပ်ချုပ်ရေးမှူးသေနတ်ဖြင့် ပစ်သတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊  ပုသိမ်ကြီးမြို့နယ် ၊  ကြာနီကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်စိုးကို   ဒေသ ကာကွယ်ရေးတပ်ဖွဲ့နှစ်ဖွဲ့  ပူးပေါင်းပြီး ယနေ့  အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းတွင် သုတ်သင် လိုက်ကြောင်း ပုသိမ်ကြီးမြို့နယ် တော်လှန်ရေးအင်အားစု ( Patheingyi Revolution Force – PRF) က သတင်းထုတ်ပြန်သည်။

PRF  နှင့် မြို့ပြပြောက်ကျား အထူးတပ်ဖွဲ့ (Urban Guerrilla Special Force-UGSF) တို့  ပူးပေါင်းပြီး ယနေ့နံနက် ၈ နာရီ အချိန်ခန့်က သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဦးတင်စိုးသည် စစ်ကောင်စီအလိုကျ သတင်းပေး ဒ လန် လုပ်နေသည်ကို  တွေ့ရခြင်းကြောင့် ယခုကဲ့သို့ ရှင်းလင်းရခြင်း ဖြစ်သည်ဟု PRF တာ၀န်ရှိသူတစ်ဦးက ပြောသည်။

“သတင်း  တိကျသေချာမှ ရှင်းလင်းသုတ်သင်တာပါ” ဟု  ၎င်းက ဆိုသည်။

”  ဒလန်တင်စိုးအား ကျွန်ုပ်တို့ညီနောင်အဖွဲ့မှ ယနေ့အောက်တိုဘာ ၂၆ ရက် မနက် ၈ နာရီခန့်က အပြစ် ပေး သုတ်သင် ရှင်းလင်းလိုက်သည်။

ထိုနည်းတူ ဖက်ဆစ်အကြမ်းဖက်  စစ်တပ်နှင့်  ပတ် သက် ဆက်နွှယ်နေသည့်  အုပ်ချုပ်ရေးမှူးများ၊ ဒလန်များနှင့်  စစ်ကောင်စီ ထောက်တိုင်များအား ပြင်းထန်စွာ  အပြစ်ပေးသွားမည်  ဖြစ်သည် ” ဟု PRF ၏  သ တင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပုသိမ်ကြီးမြို့နယ်၊  မြောက်တံတိုင်းရှည် ကျေးရွာမှ စစ်ကောင်စီခန့်  အုပ်ချုပ်ရေးမှူး  ဦးမြင့်နိုင် ဆိုသူသည်လည်း ယမန်နေ့  အောက်တိုဘာ ၂၅ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့သည်။mizzima

မတူပီစစ်ကောင်စီတပ်ကို CDFအဖွဲ့များ ကြားဖြတ်တိုက်၊ စစ်ကောင်စီဘက်မှ ၅ဦး သေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့မှ မတူပီမြို့ဘက်သို့ ထွက်ခွာလာသည့် သံချပ်ကာကားနှစ်စီးနှင့် စစ်ကားအစီး ၇၀ ကျော်တို့ကို ဆင်းကြိုသည့် မတူပီစစ်ကောင်စီတပ်များကို အောက်တိုဘာလ ၂၁ရက်နေ့က မင်းတပ်-မတူပီကြား ၇၈ မိုင်တွင် CDF-မတူပီနှင့် CDFမင်းတပ် ပူးပေါင်းအဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ငါးဦး သေဆုံးခဲ့ပြီး မိုင်းထိဒဏ်ရာရသူ အများအပြားရှိခဲ့သည် ဟုသိရသည်။

အဆိုပါ တိုက်ပွဲဖြစ်သည့် အချိန်တွင် မင်းတပ်က ထွက်လာသည့် သံချပ်ကားနှစ်စီးနှင့် စစ်ကြောင်းယာဉ်တန်းသည် ၅၆ မိုင်တွင် လမ်းမြေပြိုမှုကြောင့် ပိတ်မိနေပြီး ရှေ့ပြေးခြေလျင်စစ်သား ၁၅၀ ခန့်က မိုင် ၇၀ အထိ ရောက်လာကာ စစ်ကူလာကြကြောင်းသိရသည်။ပြီးခဲ့သည့် အောက် တိုဘာ ၁၄ ရက်နေ့ မှစတင်ပြီး မင်းတပ်မှ ထွက်ခွာလာခဲ့သည့်စစ်ကောင်စီတပ်များသည် ၂၃ မိုင်ရှိ လူနေအိမ်များကို ဖျက် ဆီးခဲ့ပြီး ဒေသခံများ ၏ နွားနောက် ခြောက်ကောင်ကို သတ်ဖြတ်စားသောက်ကာ ရိက္ခာအဖြစ် ယူဆောင်သွားကြကြောင်းလည်း သိရသည်။mizzima

တရက်တည်း ကိုဗစ်-၁၉ အတည် ပြုလူနာသစ် ၉၀၀ နီးပါး၊ ၂၈ ဦး ထပ်မံသေဆုံး

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၉၀၀ နီးပါးနဲ့ ၂၈ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၀ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၂,၈၅၃ ခု ကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ်  ၈၉၃ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း  ၆ ဒသမ  ၉၅ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံကဆင်းခွင့်ရသူအရေအတွက်က တော့ ၁,၁၀၉ ယောက်ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၈,၄၄၄ ယောက် နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၉၀,၉၀၁ ယောက် ရှိနေပါတယ်။

ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအနေနဲ့ အောက်တိုဘာ ၂၀ ရက်နေ့အထိ ကာကွယ်ဆေး ၁ ကြိမ်ထိုးနှံပြီးသူ ၇ သန်းကျော်၊ ၂ ကြိမ်အပြည့်ထိုးနှံပြီးသူ ၅ သန်းနီးပါးနဲ့ စုစုပေါင်း ၁၂ သန်းကျော်ရှိခဲ့ပြီလို့ အကြမ်းဖက်စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား ပါတယ်။DVB

ကမ္ဘာလုံးဆိုင်ရာတရားဥပဒေစိုးမိုးမှုညွှန်ကိန်းတွင် မြန်မာက အဆင့် ၁၁၂ တွင် ရပ်တည်

ကမ္ဘာ့တရားမျှတမှုစီမံကိန်း(WJP)က ထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာတရားဥပဒေစိုးမိုးမှု ညွှန်ကိန်းမှာ မြန်မာနိုင်ငံက နိုင်ငံပေါင်း ၁၂၈ နိုင်ငံထဲ အဆင့် ၁၁၂ မှာ ရပ်တည်နေပါတယ်။

အခုနှစ်ရဲ့ ကမ္ဘာလုံးဆိုင်ရာတရားဥပဒေစိုးမိုးမှု ညွှန်ကိန်းမှာတော့ ဒိန်းမတ်၊ နော်ဝေနဲ့ ဖင် လန်နိုင်ငံတွေက ထိပ်တန်း ၃ နိုင်ငံအနေနဲ့ ရပ်တည်နေပြီး အောက်ဆုံးအဆင့် ၃ နိုင်ငံအနေနဲ့ ကွန်ဂို၊ ကမ္ဘောဒီးယားနဲ့ ဗင်နီဇွဲလားနိုင်ငံတွေက ရပ်တည်နေတာပါ။

အမေရိကန်နိုင်ငံအခြေစိုက် ကမ္ဘာ့တရားမျှတမှုစီမံကိန်း(WJP)ကို လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ် မှာ စတင်ခဲ့ပြီး တရားဥပဒေစိုးမိုးရေးရဲ့ အခြေခံအရေး ကြီးမှုကို လူထုသိမြင်နားလည်မှု တွေ တိုးတက်လာစေဖို့၊ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးကို လှုံ့ဆော်ပေးဖို့၊  ရပ်ရွာအဆင့် ထိ လက်တွေ့ကျတဲ့ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွေ တည်ဆောက်နိုင် စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာတရားဥပဒေစိုးမိုးမှု ညွှန်ကိန်းကို တွက်ထုတ်ရာမှာတော့ တရားစီရင်ပိုင် ခွင့်နယ်မြေ ၁၃၉ ခုက တရားဉပဒေရေးရာ ကျွမ်း ကျင်ပညာရှင် ၄၂၀၀ နဲ့ အိမ်ထောင်စု ပေါင်း ၁၃၈,၀၀၀ ကျော်ကို အစိုးရအာဏာ၊ ပွင့်လင်းမြင်သာမှု၊ အကျင့်ပျက်ခြစားမှု၊ အ ခြေခံအခွင့် အရေးတွေ၊ အမိန့်အာဏာနဲ့လုံခြုံရေး၊ စည်းမျဉ်းစည်းကမ်းလိုက်နာမှု၊ ရာဇ ဝတ်မှုနဲ့ အရပ်ဘက်တရားစီရင်ရေးစနစ်တွေ အပေါ်ကန့်သတ် ချက်တွေဆိုင်ရာ သုတေသ နမေးခွန်းပေါင်း ၅၀၀ ကို အခြေခံ ရယူထားခဲ့တာလို့ ဆိုပါတယ်။

နယ်မြေအလိုက် ညွှန်ကိန်းသတ်မှတ်ချက်မှာတော့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတွင်း နိုင်ငံ တွေထဲ နယူးဇီလန်၊ ဩစတြေးလျနဲ့ အာဆီယံနိုင်ငံတနိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံတွေက တရားဥပဒေစိုးမိုးမှု ညွှန်ကိန်းထိပ်ဆုံး ၃ နိုင်ငံအဖြစ် ရပ်တည်နေပြီး အောက်ဆုံး ၃ နိုင်ငံ ထဲမှာတော့ မြန်မာနိုင်ငံနဲ့အတူ ဖိလစ်ပိုင်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက ရပ်တည်နေတာ ဖြစ်ပါတယ်။DVB

မအူပင်နှင့်အင်္ဂပူမြို့နယ်တို့တွင် တပတ်အတွင်း အဘွားအိုတစ်ဦးအပါအဝင် ပြည်သူ ၆၀ ကျော် ဖမ်းခံရ

ဧရာဝတီတိုင်း မအူပင်နဲ့ အင်္ဂပူမြို့နယ်တို့မှာ အောက်တိုဘာ ဒုတိယပတ်အတွင်း အဘွားအိုတစ်ဦးအပါအဝင် ပြည်သူ ၆၀ ကျော် ဖမ်းခံရတယ်လို့ သိရပါတယ်။

မအူပင်မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက အသက် ၇၀ ကျော်အဖွားတဦးအပါဝင် ဒေသခံပြည်သူ ၃၀ ကျော်ကို တပတ်အ တွင်း အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။

အောက်တိုဘာလ ၁၃ ရက်နေ့ တနေ့တည်း မအူပင်မြို့ ကရုဏာနာရေးကူညီမှုအသင်းက ပရဟိတသမား ကိုနီတွတ်နဲ့ တက္ကသိုလ်ကျောင်းသားတွေကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကိုနီတွတ်က နိုင်ငံရေး ဘာမှကိုမလုပ်တာ၊ ပရဟိတသမားသပ်သပ်ပါ။ သူတို့အဖွဲ့က ကြေညာခဲ့တာရှိတယ်၊ စစ်သား ရဲနဲ့ သူတို့မိသားစုဝင်တွေကို လုံးဝမကူညီနိုင်ဘူးလို့ ပြောခဲ့တာရှိတော့ အဖမ်းခံရတာဖြစ်နိုင်တယ်” လို့ မြို့ခံတဦးကပြောပါတယ်။

အောက်တိုဘာ ၁၄ ရက်နေ့ကလည်း အသက် ၇၀ ကျော် အဘွားတဦးအပြင် ကရုဏာလူမှုကူညီ ရေးအသင်းနဲ့ ပျိုးခင်းသစ်ဖောင်ဒေးရှင်းအဖွဲ့တွေမှာ ပရဟိတလုပ်ငန်းလုပ်ကိုင်ခဲ့သူတွေရဲ့ မိသားစုဝင်တွေကိုလည်း ထပ်မံဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မအူပင်မြို့က ပရဟိတအသင်းတချို့က ရဲနဲ့ စစ်သားတွေအပြင် သူတို့ရဲ့ မိသားစုဝင်တွေကိုပါ ကူညီကယ် ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးမှာမဟုတ်ဘူးဆိုတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာကြောင့် ခုလို အငြိုးထားပြီး ဖမ်းဆီးတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

အင်္ဂပူမြို့နယ်မှာလည်း PDF နဲ့ ဆက်သွယ်တယ်ဆိုပြီး အောက်တိုဘာ ၁၂ ရက်နေ့က  စတင်ကာ အာဏာသိမ်း စစ်ကောင်စီတပ်သားတွေက မြို့ပေါ်နဲ့ ကျေးရွာတွေမှာ နေထိုင်တဲ့ ပြည်သူ အယောက် ၃၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီတပတ်ထဲ အဖမ်းခံရတာ ၃၀ ကျော်လောက်ရှိပြီ။ ဘာမှမဟုတ်ဘူး PDF ဆက်သွယ်လှူတယ်လို့ဆိုပြီး ဖမ်းတာ၊ ဆိုင်ဆိုင် မဆိုင်ဆိုင် အဖမ်းခံနေရတာ။ ပြီးတော့ သူတို့လိုချင်တဲ့ အဖြေမရမချင်း ရိုက်နှက်စစ်ဆေးနေတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ သူတွေကို ရဲစခန်း ထမင်းသွားပို့ချိန်မှာ ရဲစခန်းအဝရောက်တာနဲ့ ရိုက်နှက်စစ်ဆေးခံရလို့ အော်တဲ့အသံကို ကြားနေရတယ်လို့ ဆိုပါတယ်။

အင်္ဂပူမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စွပ်စွဲဖမ်းဆီးခံထားရတဲ့ ဒေသခံပြည်သူ ၅၀ ကျော်ထိရှိလာပြီလို့ သိရပါတယ်။ DVB

လွိုင်ကော်၊ ကုန်းသာကျေးရွာတွင် မိုင်း ၁ လုံး ပေါက်ကွဲ၊ ၃ ဦး ဒဏ်ရာရ

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့၊ ကုန်းသာကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြားတိုက်ပွဲတွင် မပေါက်ကွဲဘဲ ကျန်နေသော မိုင်း ၁ လုံး ယနေ့ အောက်တိုဘာလ ၁၃ ရက် နံနက်ပိုင်းတွင် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၃ ဦး ဒဏ်ရာရကြောင်း သ တင်းရ ရှိသည်။

မိုင်းပေါက်ကွဲပြီး အမျိုးသား ၃ ဦး ခြေထောက်နှင့် လက်များတွင် မိုင်းစစင်ကာ ဒဏ်ရာရခဲ့ပြီး ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ကြောင်း ပရဟိတအဖွဲ့များထံမှ သိရသည်။

စက်တင်ဘာလအတွင်း ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကုန်းသာကျေးရွာနှင့် ဆောင်ကန်းကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲကာ အများပြည်သူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်းများ ပြုလုပ်ခဲ့သည်။khit thit

နတ်မောက်တွင် ထွေ/အုပ် ဝန်ထမ်း ၂ ဦး၊ မုံရွာတွင် ရဲ ၂ ဦး ၊ မန္တလေးနှင့်မွန်ပြည်နယ်တွင် အုပ်ချုပ်ရေးနှင့် သတင်းပေး ၂ ဦး စုစုပေါင်း ၆ ဦး ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် ထွေ/အုပ် ဝန်ထမ်း ၂ ဦး၊ စစ်ကိုင်းတိုင်း၊ မုံရွာ မြို့နယ်တွင် ရဲ ၂ ဦး၊ မန္တလေးတိုင်း၊ ချမ်မြသာစည်မြို့နယ်တွင် စစ်ကောင်စီသတင်းပေး ၁ ဦးနှင့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တို့တွင် အုပ်ချုပ်ရေးမှူး ၁ ဦး စုစုပေါင်း ၆ ဦး ပစ်ခတ် သတ်ဖြတ်ခံရကြောင်း သိရှိရသည်။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်

===========================

မကွေးတိုင်း၊ နတ်မောက်မြို့တွင် ထွေအုပ်ဝန်ထမ်း ၂ဦး အောက်တိုဘာလ ၁၁ ရက်နေ့ ညနေပိုင်း သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း၊ နတ်မောက်မြို့ ရွာမွန်စစ်ဆေးရေးဂိတ်အနီးတွင် ပစ်ခတ်ခံရပြီး ၂ ဦးစလုံး သေဆုံးသွားကြောင်း သိရှိရသည်။

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်

================================

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်အတွင်း နေထိုင်သော စစ်ကောင်စီသတင်းပေး ဟု သတ်မှတ်ခံထားရသူ အောင်မိုး ကို Dragon Rangers Mandalay —DRM က အောက်တိုဘာလ ၁၂ ရက်နေ့တွင် သေနတ်ဖြင့် ပစ်ခတ်ရာ သေဆုံးသွားကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်

=====================

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အမှတ်(၂)ရဲစခန်းကို PDF-South Monywaက အောက် တိုဘာလ ၁၁ ရက်နေ့ ည ၁၁ နာရီတွင် လက်ပစ်ဗုံး ပစ်ထည့်တိုက်ခိုက်ရာ ရဲတပ်သား၂ဦးသေဆုံးသွားကြောင်း သိရှိရသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့

======================

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက် (ဟင်္သာအဝိုင်းအနီး) ရှိ ပြည်နယ်ရဲတပ်ဖွဲ့အကူတပ်ခွဲရုဲးကို အောက်တိုဘာလ ၁၁ ရက် ည နေ ၆ နာရီအချိန်ခန့် မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦး (MPDF-V) နှင့် PDO-MLM က ဗုံးခွဲတိုက်ခိုက်ကြောင်း ၊ အထိအခိုက် အသေအ ဆုံးမသိရကြောင်း သိရှိရသည်။

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်

========================

အောက်တိုဘာလ ၁၂ ရက်နေ့ ညနေ ၄ နာရီ ၃၅ မိနစ်တွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အနောက်ရပ်ကွက်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ကို ချောင်းဆုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။ khit thit

« Older Entries