Category Archives: Story

ကိုယ့်မိသားစုဝင် တစ်ဦးကိုမှ အပဲ့မခံနိုင်တဲ့ အိမ်ရှင်မတွေ

ဖျားနာပြီး ချွဲကျပ်နေတဲ့ အစ်မဖြစ်သူ ဝေဒနာသက်သာအောင် အွန်လိုင်းပေါ်မှာတွေ့တဲ့ နည်းလမ်းအတိုင်း ဂွေးတောက်ရွက် နဲ့ ပင်စိမ်းရွက်ကို ရေနွေးပူပူထဲထည့်ပြီး အငွေ့ရှုခိုင်းဖို့ ပြင်ဆင်နေချိန်မှာပဲ ဖုန်းသံမြည်လာတာကြောင့် မယမင်း ကမန်းက တန်း ကိုင်လိုက်တယ်။

ဖုန်းထဲမှာ “နင့်ဦးလေး အောက်ဆီဂျင်ကျနေတယ် ဘယ်လိုလုပ်ရမလဲ” ဆိုတဲ့ အဒေါ်ဖြစ်သူရဲ့ စိုးရိမ်တဲ့ အသံကို ကြားရ တယ်။

အဒေါ်ဖြစ်သူကို စိတ်အေးအေးထားခိုင်းပြီး အောက်ဆီဂျင် ကျနေတဲ့ဦးလေး သက်သာစေဖို့ ဘယ်လိုလုပ်လို့ရတယ်ဆိုတဲ့ နည်းလမ်းတွေပြောပြီး အစ်မဖြစ်သူ ရေနွေးငွေရှုဖို့ အမြန်ပြင်ဆင်ပေးခဲ့တယ်။ ပြီးတာနဲ့ မယမင်းတစ်ယောက် လိုင်းပေါ်မှာ တင်ထားတဲ့ အောက်ဆီဂျင် ရတယ်ဆိုတဲ့ နေရာတွေဆီတစ်ခုပြီးတစ်ခု ဖုန်းဆက်ရတော့တယ်။

အောက်ဆီဂျင်ရနိုင်မယ့် နေရာတွေဆီ ဖုန်းဆက်သလို မိတ်ဆွေတွေဆီကိုလည်း အကူအညီတောင်းရင်း အသိတစ်ယောက်က သူ့ဆီမှာ အိုးလွတ်ရှိတယ်လာယူပါဆိုတာနဲ့ အိမ်က မောင်ဖြစ်သူနဲ့အတူ အနီးနားက တက္ကစီတစ်စီး ခေါ် မိတ်ဆွေ အိမ်မှာအိုးလွတ်သွားယူပြီး အောက်ဆီဂျင် ဖြည့်ပေးတဲ့ နေရာတွေကို ထပ်ပြီး ရှာပုံတော်ဖွင့်ရတယ်။

အောက်ဆီဂျင်ရဖို့ မောင်နှစ်မနှစ်ယောက် ဟိုနေရာဒီနေရာသွားပေမယ့် မရတာကများတယ်။ နောက်ဆုံးတော့ Item bar ကနေ အိုးတစ်ဝက်လောက်ဖြည့်ရတာနဲ့ ရသလောက်ပဲ ယူဆောင်ပြီး ဦးလေးအိမ်ကို ပို့ပေးခဲ့ရတယ်။

“အဲဒီရက်တွေတုန်းက တအားဒုက္ခရောက်တာ ကိုယ့်အိမ်ကလူတွေကို ပြုစုရင်းနဲ့ အောက်ဆီဂျင်ရဖို့ လည်းပြေးလွှားရတာ ကားခတွေလည်းကုန်၊ သောကတွေလည်း ရောက်ရတယ်”လို့ မယမင်းက ပြောပါတယ်။

မယမင်းလိုပဲ မြန်မာနိုင်ငံက ပြည်သူတွေဟာ ကိုဗစ်တတိယလှိုင်းရိုက်ခတ်မှုကြောင့် သောကပင်လယ်ဝေနေရသလို အချို့ မိသားစုတွေဆိုရင် ကိုယ့်မိသားစုဝင်တစ်ချို့ကို လက်လွှတ်ဆုံးရူံးနေရပါပြီ။ စစ်ကောင်စီအာဏာသိမ်းမှုကြား ကိုဗစ်တတိယလှိုင်းကိုပါ ထပ်ဆင့်ရင်ဆိုင်နေရတာပါ။

ဒီလိုအချိန်မှာ အိမ်ရှင်မတွေဟာ အိမ်သားတွေကို ပြုစုရင်း ကိုယ်တိုင်ကူးစက်နေပေမဲ့ အိမ်ရာပေါ်မလဲမချင်း မိသားစုတွေရဲ့ ဝေယျာဝစ္စ လုပ်ကိုင်ပြီး ကိုယ့်မိသားစုတွေ ပဲ့ပါမသွားဖို့အရေး မားမားမတ်မတ်နဲ့ တစ်အိမ်သားလုံးကို တာဝန်ယူ စောင့်ရှောက်ရတော့တယ်။

ဒီကြားထဲ မိသားစုဝင်တစ်ယောက်ယောက် ဆုံးပါးသွားတဲ့အခါမှာလည်း အလောင်းမြေကျတဲ့အထိ အားတင်း လုပ် ဆောင်ရပြန်ပါတယ်။

မယမင်းဆိုရင် ကိုဗစ်တတိယလှိုင်းမှာ မိခင်၊အမနဲ့မောင်ဖြစ်သူတို့က ကိုဗစ်လက္ခဏာတွေဖြစ်လို့ ပြုစုစောင့်ရှောက်ရချိန် တဖက်မှာလည်း ကိုဗစ်ရောဂါ ခံစားနေရတဲ့ ဦးလေးနဲ့အဒေါ်ဖြစ်သူတို့ကို အနီးကပ်မပြုစုရပေမဲ့ ဖုန်းဆက်၊ဗီဒီယို ကောလ် ခေါ်ပြီး လိုအပ်တာတွေ လုပ်ပေး အားပေးစကားတွေပြောနဲ့ မနားရပါဘူး။

ဇူလိုင် ပထမပတ်ကျော်ကျော်ကတည်းက သူမနဲ့ ငါးနှစ်အရွယ်သမီးငယ်ကလွဲပြီး အိမ်ကသူတွေမှာ ဖျားတာ၊ နှာစေး ချောင်းဆိုးတာ၊ ခေါင်းကိုက်နဲ့ ချွဲကြပ်တာ စတဲ့ ကိုဗစ်လက္ခဏာတွေပြနေတာပါ။ အိမ်မှာ မဖျားနာတဲ့သူက သူပဲ ရှိတဲ့အတွက် အိမ်ကလူတွေအတွက် လိုအပ်တာတွေ ဝယ်ယူတာ၊ ပြုစုတာ၊ကလေးကို ပြုစုရတာတွေကို မယမင်းပဲ လုပ်ပေးရတယ်။

အိမ်မှာ ကိုဗစ်လူနာတွေရှိတော့ သူတို့ကို အပြင်မထွက်စေဘဲ မနက်ဆို ကလေးနဲ့ အိမ်ကလူတွေ စားဖို့သောက်ဖို့ စီစဉ် ပေးရတယ်၊ ပြီးရင် Mask တပ် face shield တပ်ပြီး ဈေးသွား၊ ပြန်လာရင် ချက်ပြုတ်ရတယ်။ အားလုံးပြီးစီးရင်တော့ ခံတွင်းပျက်နေတဲ့ လူမမာတွေကို အစာဝင်အောင် ချော့တလှည့် ခြောက်တခါ ကျွေးမွေးရပြန်တယ်။

အိမ်ကလူတွေက အောက်ဆီဂျင်ကျတဲ့အထိ ရောဂါလက္ခဏာ မပြင်းထန်ပေမယ့် ချွဲကြပ်တာတွေဖြစ်တော့ အွန်လိုင်းပေါ် မှာ တွေ့တဲ့ ဟိုအရွက်ရှူ ဒီအရွက်စား ဆေးမြီးတိုတွေကိုလည်း လုပ်ပေးရပြန်ရော။

မယမင်းက ကိုဗစ်ဒုတိယလှိုင်းမှာ ကိုဗစ်ဖြစ်ခဲ့ပြီး ယခုတတိယလှိုင်းမှာ တစ်အိမ်လုံးကူးစက်ပေမယ့် သူကတော့ ကူးစက်ခံရတာ မရှိသေးပါဘူး။ ဒါပေမဲ့ သမီးငယ်ဖြစ်မှာကိုတော့ စိတ်ပူပန်နေရသေးတယ်လို့ ပြောပါတယ်။

သမီးငယ်က အရင်ကတည်းက ရင်ကြပ်တာဖြစ်လေ့ရှိတဲ့အပြင် အစားရွေးတော့ အိမ်မှာအတူနေတဲ့ လူတွေဆီက ထပ်မကူးစက်အောင် ကျွေးမွေးရ ပြင်ဆင်ရနဲ့ စိတ်အပင်ပန်းဆုံးပဲလို့ မယမင်းက ပြောတယ်။

“အဲ့ချိန်ကဆို ကိုယ်တိုင်က စိတ်ဓာတ်ကျချင်လာတယ်၊ ကလေးကရင်ကြပ်ပန်းနာရှိပြီး အမေကလည်း အဆုတ်မကောင်း တော့ အမေနဲ့ကလေးကိုစိတ်ပူတယ်။ကိုယ်က စိတ်ဓာတ်ကျပြီး မစားမသောက်ချင်ရင်တောင် ကိုယ်လဲရင်ပိုဆိုးမယ်ဆိုပြီး အားတင်းပြီးစားသောက် ဆေးတွေလည်း ကြိုသောက်ရတယ်” လို့ မယမင်းကပြောတယ်။

မယမင်းတို့ ဦးလေးမိသားစုမှာလည်း အသက် ၂၀ အရွယ်သားငယ်နဲ့ မိသားစုသုံးယောက် နေထိုင်ပြီး သားငယ်ဖြစ်သူ ကလည်း သိပ်မလုပ်တတ်မကိုင်တတ်တော့ ယမင်းတို့ မိသားစုကိုပဲ ဖုန်းဆက်လှမ်းပြော ပြီး ဖုန်းထဲကနေပဲ လိုအပ်တာ တွေ အကြံဉာဏ်ပေးရတာပေါ့။

ဒီလို ဖုန်းဆက် ဗီဒီယိုကောလ် ခေါ်ပြီးလိုအပ်တာတွေပြောပြီးကူညီနေရင်း ဦးလေးဖြစ်သူ အောက်ဆီဂျင်လိုတယ်ဆိုတော့ မယမင်းနဲ့ မောင်ဖြစ်သူကပဲ ကားတစ်စီးနဲ့ လှည့်ပတ်ရှာရတယ်။

“ကိုယ်တစ်ယောက်တည်းကျတော့ အိုးတွေလည်းမသယ်နိုင်ဘူးလေ၊ အိမ်က မောင်ကလည်း ဖျားနေပေမယ့် ဆေးသောက်ပြီး လိုက်ရတယ်။ ဟိုကလည်း ဒါမှမရှူရရင် သေတော့မှာ။ ဘယ်လိုလုပ်မလဲ ၊မောင်နှစ်မ နှစ်ယောက်တည်းပတ် ပြေးနေရတာ။ ကိုယ်က အခုထိဘာမှမဖြစ်တာ တော်တော်ကံကောင်းတယ်” လို့ မယမင်းကပြောတယ်။

မယမင်းတို့နှစ်ယောက် ရှာလာတဲ့အောက်ဆီဂျင်ရှုပြီး ဦးလေးက အောက်ဆီဂျင်ပြန်တက်လာပေမဲ့ မိနစ်အနည်းငယ်အကြာမှာ ဆုံးပါးခဲ့ရပါတယ်။ ဆုံးပါးသွားတဲ့ ဦးလေးအတွက် နာရေးကိစ္စကိုလိုက်ပါ လုပ်ဆောင်ပေးရင်း တစ်ပတ်အကြာမှာ အဒေါ်ဖြစ်သူပါထပ်မံ ဆုံးပါး သွားတော့လည်း မြေကျတဲ့ကိစ္စတွေအသုဘကိစ္စတွေကိုပါ မယမင်းလုပ်ကိုင်ပေးရပြန်ရော။

“ပြီးတဲ့ရက်က အဒေါ့်နာရေးလုပ်ပေးပြီး ပြန်လာတော့ ကိုယ်လည်း ခေါင်းကိုက်ချင်သလိုဖြစ်တာ စိတ်ကိုဖယ်ပြီး အလုပ်တွေလုပ် ခွေလိုက်ရင် ကိုယ်ပါလဲမှာစိုးလို့ တင်းပြီးလုပ်ရတယ်လို့” မယမင်းက ပြောပါတယ်။

COVID-19 ကပ်ရောဂါကို ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ ပြည်သူတွေ သက်သက်သာသာ ကျော်ဖြတ်နိုင်ခဲ့ပေမယ့် တတိယ လှိုင်းမှာတော့ ပြည်သူအများအပြား ထိုးနှက်ခံခဲ့ရတယ်။

ယခင်အကြိမ်တုန်းက မိသားစုထဲမှာ ကိုဗစ်ရောဂါ တစ်ယောက်ဖြစ်ပွားရင် အစိုးရက ဆေးရုံတွေမှာ တက်ရောက် ကုသ စေသလို ထိတွေ့ဆက်စပ်သူမိသားစုဝင်တွေကိုပါ ကွာရန်တင်းဝင်ဖို့ ခေါ်ဆောင်သွားတဲ့အတွက် မိသားစုတွေအားလုံး စိတ်ချလက်ချနဲ့ကုသမှုခံရလို့ ရခဲ့ပါတယ်။

ဒီတကြိမ်မှာတော့ ကောင်းမွန်တဲ့ ကုသစောင့်ရှောက်မှုစနစ်မရှိတော့တဲ့အတွက် နေအိမ်မှာပဲ အဆင်ပြေသလို နေထိုင်ရင်း နာမကျန်းတဲ့ မိသားစုတွေအချင်းချင်း ဖေးမပြုစုစောင့်ရှောက်ရ တော့တယ်။

“အိမ်မှာ တစ်ယောက်တစ်လှည့်စီနဲ့ လူကုန်ဖြစ်တာ အိမ်ကအမေ(ယောက္ခမ)ကပဲ ဒိုင်ခံပြုစုရတယ်” လို့ တာမွေမြို့နယ်မှာ နေထိုင်တဲ့ မပီတိကပြောတယ်။

အရင်ကိုဗစ်လှိုင်းတွေကို သူတို့ မိသားစုတွေ ကျော်လွှားနိုင်ပေမဲ့ ဒီတစ်ကြိမ်မှာတော့ ရောဂါပိုးက မိသားစုတွေဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတယ်။

မပီတိတို့ မိသားစုမှာ အမျိုးသားရဲ့ ညီမအငယ်ဆုံး ကိုဗစ်စဖြစ်တာကနေ အိမ်သားတွေဆီကိုပါ ကူးစက်လာခဲ့တယ်။ ဒီတော့ ယောက္ခမဖြစ်သူကပဲ ဈေးသွား၊ချက်ပြုတ်၊လူမမာတွေကို ဆေးတိုက် ရေပတ်တိုက် ပြုလုပ်ပေးရတယ်လို့ ဆိုတယ်။

“တစ်ခုကောင်းသွားတာက အိမ်မှာဖြစ်တော့ အကုန်လုံး ဗုံးဗုံးလဲတာမဟုတ်ဘူး။ ဖျားတာ အနံ့ပျောက်တာနဲ့ ပြီးသွားတာ၊ ဒါတောင်အမေ(ယောက္ခမ)ပဲ အကုန်လုပ်ပေးတာ။”လို့ မပီတိက ပြောတယ်။

အိမ်သားတွေ ဖျားနာတော့ ယောက္ခမက အားတင်းပြီးလုပ်ကိုင်ပေးရတာကနေ နောက်ဆုံးသူပါ ကူးစက်ပြီးလဲတော့ ကျန်သူတွေက ပြန်ပြုစုရတာပေါ့လို့ ၎င်းကပြောပါတယ်။

“အိမ်မှာဆို သားသမီးတွေပြုစုတာလည်း သူပဲ(ယောက္ခမ)၊ ဈေးဝယ်တော့လည်းသူပဲ၊ ကိုယ်က ကလေးနဲ့ဆိုတော့ သိပ်မလုပ်ပေးရဘူး။ ကိုယ့်ကလေးအတွက်ပဲ ပူပန်ရတာ အကုန် သူပဲ (ယောက္ခမ) လုပ်ပေးရတယ်”လို့ ပြောတယ်။

ယောက္ခမဖြစ်သူဖျားနာတော့ လူကြီးဖြစ်တဲ့အတွက် တစ်ခုခုဖြစ်မှာ စိုးရိမ်ပူပန်ရပေမဲ့ ပုံမှန်ဖြတ်သန်းနိုင်ခဲ့တဲ့အတွက် စိတ် အေးရပါတယ်။ ဒါပေမဲ့ မိတ်ဆွေမိသားစုတွေမှာ တစ်မိသားစု လုံးကူးစက်ပြီး ပြုစုစောင့်ရှောက်ပေးရတဲ့ မိခင်ဖခင်တွေပါ သေဆုံးရတာတွေကြားရတာတော့ ဝမ်းနည်းမိတယ်လို့ မပီတိကပြောပါတယ်။

မိသားစုတွေမှာ တစ်စုံတစ်ယောက်နာမကျန်းဖြစ်ရင် ပင်ပန်းရတာ အိမ်ရှင်မ တာဝန်ယူထားတဲ့ မိခင်တွေ၊ ဇနီးတွေ၊ သမီးတွေပါ။ ဖျားနာနေတဲ့ အိမ်သားကို ပြုစုစောင့်ရှောက်ရတာ၊ အာဟာရပြည့်ဝပြီး ခံတွင်းတွေ့စေမဲ့ အစားစာတွေ ချက်ပြုတ် ကျွေးမွေးရတာ၊ လျှော်ဖွပ်သန့်ရှင်းရတာတွေကလည်း အိမ်ရှင်မတွေပါပဲ။ တချို့အိမ်ရှင်မတွေဆို အိမ်အတွက် ဝင်ငွေ ရှာဖွေတာလည်းမပြတ်စေဘဲ တဖက်က အိမ်သားတွေကို ပြုစုရတာတွေလည်း ရှိပါတယ်။

ကိုဗစ်ဖြစ်ပွားတဲ့အခါမှာလည်း အိမ်မှာတစ်ယောက်ဖြစ်ရင် တစ်မိသားစုလုံး ကူးစက်နိုင်တယ်ဆိုတာသိပေမဲ့ နာမကျန်းတဲ့ အိမ်သားကို မျက်နှာမလွှဲဘဲ ပြုစုစောင့်ရှောက်ပေး၊ချက်ပြုတ်ကျွေးမွေး၊ လိုအပ်တာ တကိုယ်တည်းထွက်ဝယ်ရပြီး အိမ်မှာ အောက်ဆီဂျင်လိုတယ်ဆို ညအချိန်မတော် နေရာပေါင်းစုံသွား အောက်ဆီဂျင်အရှာထွက်ရတဲ့ ရဲရင့်တဲ့ အမျိုးသမီးတွေလည်း အများအပြားပါ။

“အိမ်မှာကိုဗစ်ဖြစ်တဲ့အချိန် အမေလည်း တအိမ်လုံးကို ပြုစုခဲ့ရတာ၊ ဒီကာလမှာ မိခင်တွေ အိမ်ရှင်မတွေရဲ့ မိသားစုအပေါ် ရဲဝင့်စွာစောင့်ရှောက်မှုကို ပိုပြီး အလေးထားမြင်မိတယ်” လို့ မြောက်ဥက္ကလာမြို့နယ်က ကိုဟိန်းကပြောတယ်။

ကိုဟိန်းတို့အိမ်မှာ ဖခင်ဖြစ်သူ ကိုဗစ်စဖြစ်တာကနေအိမ်မှာရှိတဲ့ မိသားစုဝင် ငါးဦးလုံးကူးစက်ပြီး အနံ့ပျောက်တာ ဖျားနာတာတွေ ဖြစ်လာပါတယ်။

အိမ်မှာရှိတဲ့ မိသားစုတွေ ကိုဗစ်ကူးစက်ခံရတော့ အိမ်သားတွေရဲ့ ဝေယျာဝစ္စတွေကို မိခင်ဖြစ်သူကပဲ ပြုလုပ်ပေးရတော့ တယ် ။ မိသားစုဝင်တွေ စားတာ သောက်တာ၊ အသုံးပြုပြုသား mask တွေလျှော်ဖွတ်ရတာ၊ အိမ်သာ၊အခန်း သန့်ရှင်းရေးအပြင် လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုတွေကို အမေကပဲလုပ်ရတယ်လို့ဆိုတယ်။

“အမေက ကျန်းမာရေးအခံ ဆိုးဆိုးဝါးဝါးမရှိလို့ အခုထိတော့ မဆိုးသေးဘူး။ တကယ်လို့ ပြုစုနေတဲ့ အိမ်ထောင်ရှင်မတွေ အရင်လဲသွားရင် မိသားစုမှာတော်တော်လေး အားနည်းသွားနိုင်ဝာာကို တွေးမိပြီးပူပန်တယ်”လို့ ကိုဟိန်းကပြောပါတယ်။

ကိုဟိန်းအပါအဝင်သူ့မိခင်နဲ့ ကျန်မိသားစုဝင်တွေက ကိုဗစ်ရောဂါဆိုးဆိုးရွားရွားမခံစားလိုက်ရပေမဲ့ အဖေဖြစ်သူက အောက်ဆီဂျင် တစ်ခါကျသွားတဲ့အတွက် မိခင်ဖြစ်သူကပဲ ဆွေမျိုးတွေ အိမ်နီးချင်းတွေနဲ့ မိတ်ဆွေတွေဆီ အကူအညီ တောင်းရပါတယ်။

“အဖေက အောက်စီဂျင် တစ်ခါရှူပြီးသက်သာနေပေမယ့် အိုးနဲ့ အမြဲဖြည့်တင်းထားဖို့ လုပ်ရတယ်။ အခုချိန်ထိတော့ အမေက သူ့အမျိုးတွေဆီက အောက်ဆီဂျင်ရအောင် အလျင်မီတောင်းပေးနေတာ ပိုလျှံနေတာကိုလည်း အိမ်နီးချင်းတွေကို မျှဝေပေးနေတယ်။”လို့ ကိုဟိန်းက ပြောပါတယ်။

ကိုဟိန်းတို့ အိမ်အနီးဝန်းကျင်မှာလည်း ကိုဗစ်ကူးစက်ခံနေရသူတွေ အများအပြားရှိနေပြီး၊ နာမကျန်းသူတွေကို ပြုစု စောင့်ရှောက်တာ၊ အန္တရာယ်တွေမမှုဘဲအောက်ဆီဂျင်ရှာဖို့ လုံးပန်းရတာ မိခင်တွေ၊ ဇနီးတွေဖြစ်တဲ့ အမျိုးသမီးတွေပဲလို့ ဆက်ပြောပါတယ်။

အရင်အကြိမ်တုန်းကကိုဗစ်လူနာတွေကို အစိုးရက တာဝန်ယူ ကုသပေးတုန်းက ဆေးရုံတွေမှာ ဆရာဝန်တွေ သူနာပြု တွေနဲ့ဲ ဆေးဝါးအပြည့်အစုံရှိတော့ မိသားစုတွေက စိတ်ပူပန်စရာမလိုသလို၊ အသေအပျောက်လည်းနည်းခဲ့တယ်။

ဒီအချိန်မှာတော့ သွားရောက်ကုသစရာ ဆေးရုံဆေးခန်းမရှိဘဲ အိမ်မှာပဲ ထားရတဲ့အခါ စနစ်ကျတဲ့ လမ်းညွှန်ကုသမှုမရှိ ၊ စနစ်ကျတဲ့ စောင့်ရှောက်မှု နည်းလမ်းမှန်တွေ မရှိတဲ့အခါ လူနာရော ပြုစု စောင့်ရှောက်သူတွေ ပါပိုပင်ပန်းပြီး ဒုက္ခများစေတာလို့ လူနာတွေကိုပြုစုနေသူတွေက ပြောတယ်။

လူနာတွေကို တတ်ကျွမ်းသူတွေနဲ့စနစ်တကျပြုစု စောင့်ရှောက်သင့်ပေမယ့် မိသားစုတွေ တိုင်းက ငွေရေးကြေးရေးကျပ်တည်းနေတော့လူငှားရမ်း ပြုစုလုပ်ကိုင်ပေးဖို့လည်း မလွယ်ပါဘူး။

ကိုဗစ်ကူးစက်ခံရတဲ့လူနာတွေကို တာဝန်ယူကုသပေးနိုင်မှုမရှိတဲ့ အခြေအနေမှာ လူနာတွေအတွက် အခြေခံ ကျန်းမာရေး ပြုစုမှုတွေ၊ အိမ်တွင်းစောင့်ရှောက်မှု နည်းလမ်းမှန်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက လူတိုင်းသိရှိအောင် သင်ကြားပေးတာ မျှဝေပေးတာတွေ ပြုလုပ်ပေးစေချင်ပြီး ဒီလိုမှသာ ပြုစုနေတဲ့ အိမ်ရှင်မတွေသက်သာမယ်လို့ ကိုဟိန်းက ပြောတယ်။

“တကယ်အရေးကြုံတော့ အမျိုးသမီးတွေကပဲ ရှေ့ကလုပ်သွားကြတာ မိသားစုထဲက ဘာကိုမှဖဲ့မပေးချင်တဲ့စိတ်နဲ့ အပြင်းအထန်ကြိုးစားခုခံနေကြတဲ့ အမျိုးသမီးတွေ တကယ်လေးစားဖို့ကောင်းတယ်”လို့ ကိုဟိန်းကပြောပါတယ်။ ဒေဝီ

Telenor အသုံးပြုသူအားလုံး၏ အချက်အလက်များကို ပိုင်ရှင်သစ်ကို လွှဲပြောင်းမည်

Teleneor ဆက်သွယ်ရေးကုမ္ပဏီက ၎င်း၏ မြန်မာပြည်ရှိလုပ်ငန်းများကို ရောင်းချရာတွင် ၎င်း၏ဆက်သွယ်ရေးကွန်ယက်ကို သုံးစွဲနေသူ မြန်မာပြည်ရှိ လူပေါင်း ၁၈ သန်း၏ ဖုန်းခေါ်ဆိုမှုဆိုင်ရာ အချက်အလက်များကိုပါ လွှဲပြောင်းသွားမည်ဖြစ်သောကြောင့် တက်ကြွလှုပ်ရှားသူများက စိုးရိမ်မကင်းဖြစ်နေကြသည်။ 

နော်‌ဝေနိုင်ငံပိုင် Telenor ၏ မြန်မာပြည်ရှိလုပ်ငန်းများကို ဝယ်ယူမည့်ကုမ္ပဏီမှာ လဘနွန်နိုင်ငံအခြေစိုက် M1 Group ဖြစ်သည်။ ထိုကုမ္ပဏီသည် စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးကုမ္ပဏီအား ဆက်သွယ်ရေးတာဝါတိုင်များ ငှားရမ်းအသုံးခွင့်ပေးနေသည့် Irrawaddy Green Towers ကုမ္ပဏီတွင်လည်း အစုရှယ်ယာဝင်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး ကမ္ဘာ့ကုလသမ္မဂ္ဂအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းခံရသည်။

ထိုကဲ့သို့ စစ်တပ်နှင့် စီးပွားရေးအဆက်အနွယ်ရှိပြီးဖြစ်သော M1 Group အား တယ်လီနောအသုံးပြုသူများ ဖုံးခေါ်ဆိုမှုဆိုင်ရာအချက်အလက်များ အားလုံးလွှဲပြောင်းပေးမည်ဆိုခြင်းကြောင့် စိုးရိမ်မကင်းမှုများဖြစ်ပေါ်နေခြင်းဖြစ်သည်။

တယ်လီနောသည် ၎င်း၏ မြန်မာပြည်လုပ်ငန်းများကို M1 Group အား ရောင်းချမည်ဖြစ်ကြောင်း ဇူလိုင် ၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ M1 Group သည် အာဏာရှင်အစိုးရများအုပ်ချုပ်သည့် ဆီးရီးယား၊ ဆူဒန်ကဲ့သို့သော နိုင်ငံများတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည်။ 

“တယ်လီနောဟာ တယ်လီနောမြန်မာကို M1 Group ကို ရောင်းချမှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ M1 Group ဟာ တယ်လီနောမြန်မာရဲ့ လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်မှာဖြစ်ပြီးတော့ သုံးစွဲသူတွေအတွက် ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်”လို့ တယ်လီနောပြောရေးဆိုခွင့်ရှိသူတစ်ဦးက Myanmar Now ကို ပြောကြားသည်။

“ဒီလို လက်လွှဲပေးရာမှာ တယ်လီနောမြန်မာရဲ့ ပိုင်ဆိုင်မှုတွေ၊ စက်ကိရိယာတွေ၊ စာချုပ်တွေ အားလုံးအပြင် သုံးစွဲတွေရဲ့ ဖုန်းခေါ်ဆိုမှုအချက်အလက်တွေကိုလည်း လိုင်စင်အရ လွှဲပြောင်းပေးခဲ့မှာ ဖြစ်ပါတယ်”

ဖုန်းခေါ်ဆိုမှုအချက်အလက်ဆိုသည်မှာ ဖုန်းခေါ်ဆိုခဲ့သည့် နေရာများ၏ အချက်လက်များနှင့် ခေါ်ဆိုသည့် အချိန်များဖြစ်သည်။ ဖုန်းခေါ်ဆိုခဲ့သည့် နေရာများဆိုသည်မှာ သုံးစွဲသူတစ်ဦးသည် မည်သည့်ဖုန်းတာဝါတိုင်မှတစ်ဆင့် ခေါ်ဆိုသည်၊ မည်သည့်နေရာမှ မည်သည့်နေရာကို ခေါ်ယူသည်ဆိုသည်များ ပါဝင်မည်ဖြစ်ကာ၊ သို့ရာတွင် ဖုန်းပြောဆိုထားသည့် အကြောင်းအရာများ၊ SMS စာတိုများနဲ့ အီးမေးလ်များ ပါဝင်မှာ မဟုတ်ဘူးလို့Telenor ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ 

ကျွမ်းကျင်သူများနှင့် တက်ကြွလှုပ်ရှားသူများ၏ အဆိုအရ ယခုလွှဲပြောင်းပေးမည့် အချက်အလက်များ စစ်ကောင်စီလက်ထဲ ရောက်သွားမည်ဆိုပါက အလွန်အန္တရာယ်ရှိကြောင်း ဝေဖန်ထောက်ပြသည်။ 

“ဘယ်သူ့ကို ဘယ်နေရာက ခေါ်နေတယ်ဆိုတာ သိတာနဲ့တင် တော်တော်အရေးကြီးတဲ့ အချက်အလက်ဖြစ်သွားပြီလို့ ပြောလို့ရပါတယ်” လို့ ပုဂ္ဂလိကလွတ်လပ်ခွင့်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Privacy International အဖွဲ့၏ မူဝါဒ ညွှန်ကြားရေးမှူးဖြစ်သည့် Lucy Purdon က Myanmar Now ကို ပြောကြားသည်။ 

“မြန်မာပြည်က တယ်လီဖုန်းအသုံးပြုသူတွေဟာ SIM ကဒ်များကို မှတ်ပုံတင်တဲ့အခါ မိမိတို့ရဲ့ လိပ်စာတွေနဲ့ နိုင်ငံသားမှတ်ပုံတင်ကဒ်တွေကို ပေးကြရပါတယ်။ ဒါဟာ အာဏာပိုင်တွေလက်ထဲ‌ရောက်သွားရင် လူတွေကို တော်တော်အခက်တွေ့စေမှာပါ” လို့ ၎င်းက ဆိုသည်။

စစ်ကောင်စီမှ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးတည်းက မြန်မာနိုင်ငံလုံးကျွတ် ဆန့်ကျင့်ဆန္ဒပြကြသူများကို အကြမ်းဖက်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းတို့ ပြုလုပ်သည့်အတွက် ဆန္ဒပြသူများနှင့် တက်ကြွလှုပ်ရှားသူအများအပြား ပုန်းခိုနေကြရသည်။ တယ်လီနောက အခုလို အချက်အလက်တွေပါ လွှဲပြောင်းရောင်းချလိုက်တော့မည်ဖြစ်သောကြောင့် လုံခြုံရေးဆိုင်ရာအခြေအနေများ ပိုဆိုးလာမှာကို ကြောက်ရွံ့နေကြသူတွေရှိသည်။

“စစ်တပ်က နေရာသာသိသွားရင် ဖမ်းဖို့လွယ်သွားပြီလေ” လို့ လက်ရှိ ပုန်းကွယ်နေရသည့် တယ်လီနောအသုံးပြုသူ တက်ကြွလှုပ်ရှားသူတစ်ဦးမှ Myanmar Now ကို ဆိုသည်။ “ကျွန်တော့် ကိုယ်ရေးကိုယ်တာအချက်အလက်တွေရော၊ အဖွဲ့အစည်းဆိုင်ရာ အချက်အလက်တွေပါ ဒီလို‌ ရောင်းတဲ့ထဲ ပါသွားပြီလေ၊ ကျွန်တော်ကိုယ်တိုင်ရော၊ ကျွန်တော်နဲ့အဆက်အသွယ်ရှိတဲ့သူတွေအတွက်ပါ အန္တရာယ်ရှိတာပေါ့။”

စစ်ကောင်စီသည် ဆက်သွယ်ရေးကုမ္ပဏီများ၏ အရာရှိကြီးများကို “အထူးခွင့်ပြုချက်” မပါဘဲ မြန်မာနိုင်ငံမှ ထွက်ခွင့်မရှိကြောင်း ကြေညာထားသည့်အပြင် စစ်ကောင်စီမှ တယ်လီဖုန်းသုံးစွဲသူများအား ဆက်သွယ်ရေးလုပ်ငန်းများကတစ်ဆင့် အီလက်ထရောနစ်နည်းအရ စောင့်ကြည့်နိုင်စေဖို့ နည်းပညာတွေ ထည့်သွင်းတပ်ဆင်ဖို့ကိုလည်း ကုမ္ပဏီတွေကို ဖိအားပေးထားကြောင်း Reuters သတင်းဌာနက ဇူလိုင်လအစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ သို့ရာတွင် ထိုသတင်းကို Myanmar Now က သီးခြားအတည်မပြုနိုင်ပါ။

ဇူလိုင်လ ၈ ရက်နေ့တွင် ကြေညာခဲ့သည့် တယ်လီနောထုတ်ပြန်ချက်အရ M1 Group အား မြန်မာပြည်ရှိလုပ်ငန်းများကို အမေရိကန်ဒေါ်လာ ၁၀၅သန်းဖြင့် ရောင်းချမည်ဖြစ်ပြီး ၎င်းပမာဏအနက် ဒေါ်လာ ၅၅ သန်းကိုတော့ ငါးနှစ်ကြာ အရစ်ကျပေးသွားမည်ဟုဆိုသည်။

ထိုကြေညာချက်ကို တုန့်ပြန်သည့်အနေဖြင့် အရပ်ဘက်အဖွဲ့အစည်း ၄၆၄ ဖွဲ့က တယ်လီနောအမှုဆောင်အရာရှိချုပ် Sigve Brekke နှင့် နော်ဝေးနိုင်ငံဝန်ကြီးချုပ် Erna Solberg တို့ထံကို မကြာသေးမီက အိတ်ဖွင့်ပေးစာပေးပြီး ထိုရောင်းချမှုကို ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့သည်။

တယ်လီနောမြန်မာ အသုံးပြုသူများ၏ ပုဂ္ဂလိကလုံခြုံမှု   

ယခုကဲ့သို့ရောင်းချမှုတွင် ကိုယ်ရေးအချက်အလက်များလွှဲပြောင်းပေးခြင်းသည် ဥရောပတိုက်၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ စည်းကမ်းများဖြင့် “ငြိစွန်း” နိုင်တယ်လို့ နော်ဝေးနိုင်ငံ ကိုယ်ရေးအချက်အလက်လုံခြုံမှုဥပဒေ ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။ 

တယ်လီနောမြန်မာသည် တယ်လီနောကုမ္ပဏီအုပ်စု၏ ကုမ္ပဏီခွဲဖြစ်ပြီး၊ တယ်လီနောမြန်မာ၏ တရားဝင်ပိုင်ဆိုင်မှုကိုမူ စင်ကာပူနိုင်ငံကုမ္ပဏီတစ်ခုတွင် ထိန်းချုပ်ထားခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံ၏ ကုမ္ပဏီများမှတ်ပုံတင်ဌာနမှတ်တမ်းများတွင် တယ်လီနောမြန်မာ၏ ပင်မကုမ္ပဏီမှာ နော်ဝေးနိုင်ငံမှာရှိသည့် Telenor ASA ဟု ဖော်ပြထားသည်။

ဥရောပသမဂ္ဂ၏ General Data Protection Regulation  ဟုခေါ်သော အထွေထွေအချက်အလက်ကာကွယ်ရေးစည်းမျဉ်းများ (GDPR) သည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် အိုင်စလန်၊ လိုင်ချင်စတန်နှင့် နော်ဝေးနိုင်ငံများပါဝင်သော စီးပွားရေးနယ်နိမိတ်အပေါ် သက်ရောက်မှုရှိသည့်အတွက် နော်ဝေးနိုင်ငံဥပဒေများတွင်လည်း အကျုံးဝင်အောင် ထည့်သွင်းရေးဆွဲထားသည်။ 

GDPR သည် ကိုယ်ရေးအချက်အလက် “စီမံခန့်ခွဲသူများ” နှင့် “ထိန်းချုပ်ထားသူများ” အတွက် စည်းကမ်းသတ်မှတ်ပေးထားခြင်းဖြစ်ပြီး “အချက်အလက်ပိုင်ရှင်များ” ၏ အခွင့်အရေးများကို သတ်မှတ်ပေးခြင်းဖြစ်သည်။ ထိုအခွင့်အရေးများတွင် တစုံတယောက်၏ ကိုယ်ရေးအချက်အလက်များကို ကာယကံရှင်အား အသိပေးပြီးမှ ရယူခြင်းနှင့် အဆိုပါအချက်အလက်များကို မည်သည့်နေရာတွင် အသုံးပြုမည်ကို အသိပေးခြင်းတို့ ပါဝင်သည့်အပြင်၊ မိမိ ကိုယ်ရေးအချက်အလက်ကို မိမိ အသုံးပြုနိုင်ခွင့်၊ မိမိ ကိုယ်ရေးအချက်အလက်များကို ဖျက်ဆီးပိုင်ခွင့်နှင့် မိမိ ကိုယ်ရေးအချက်အလက်များအား အသုံးပြုမှုကို ကန့်ကွက်ပိုင်ခွင့်တို့လည်း ပါဝင်သည်။ 

ဥရောပအချက်အလက်ကာကွယ်ရေးဘုတ်အဖွဲ့မှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်အရ GDPR သည် ဥရောပသမဂ္ဂအတွင်းမှာရှိသည့် အချက်အလက်စီမံခန့်ခွဲသူများနှင့် ထိန်းချုပ်ထားသူများအပေါ် သက်ရောက်မှုရှိကာ အချက်အလက်ပိုင်ရှင်များသည် ဥရောပသမဂ္ဂအတွင်း ရှိရန် မလိုပေ။ 

ဥပမာအားဖြင့် မြောက်အာဖရိကရှိ အသုံးပြုသူများအတွက် ပြင်သစ်ကုမ္ပဏီတစ်ခုမှ သီးသန့်ရေးဆွဲပေးထားသည့်Application တစ်ခုရှိသည်။ ထိုအခြေအနေမျိုးတွင် အသုံးပြုသူများသည် မြောက်အာဖရိကမှာ ရှိနေသော်လည်း ၎င်းတို့၏ အချက်အလက်များကို ပြင်သစ်နိုင်ငံရှိ ကုမ္ပဏီတစ်ခုက စီမံခန့်ခွဲတာဖြစ်သည့်အတွက် GDPR သည် မြောက်အာဖရိကအသုံးပြုသူများအတွက် အကျုံးဝင်သည်။

GDPR အကျုံးဝင်စေရန်အလို့ငှာ အချက်အလက်စီမံခန့်ခွဲခြင်းကို GDPR စည်းမျဉ်း အပိုဒ် ၃၊ ပုဒ်ခွဲ (၁) အရ ကုမ္ပဏီတစ်ခု၏ “လုပ်ငန်းဆောင်တာ အခြေအနေများအလိုက်” ပြုလုပ်ရမှာဖြစ်သည်။ ဆိုလိုသည်မှာ ဥရောပမှာရှိသည့် ကုမ္ပဏီနှင့် ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲခြင်းတို့ကြားဝယ် အချိတ်အဆက်ရှိရမည်ဖြစ်သည်။ 

ထိုအချက်များထောက်ရှုပါက GDPR သည် တယ်လီနောမြန်မာအတွက် အကျုံးဝင်ကြောင်း နော်ဝေးနိုင်ငံ ကိုယ်ရေးအချက်အလက်လုံခြုံရေးဥပဒေကျွမ်းကျင်သူတစ်ဦးက Myanmar Now ကို ပြောကြားသည်။ 

“စာရွက်ပေါ်မှာ ရေးထားတာတွေနဲ့ တိုက်စစ်ပြောရရင်တော့ တယ်လီနောဟာ GDPR ရဲ့ အပိုဒ် ၃ (၁) နဲ့ ငြိစွန်းနေပါတယ်။ မငြိစွန်းခဲ့ဘူးဆိုရင်တောင် မငြိကြောင်း ရှင်းပြဖို့ အခက်တွေ့နိုင်ပါတယ်” ၎င်းက ဆိုသည်။ 

အထက်ပါ အချက်အလက်လုံခြုံရေးကျွမ်းကျင်သူ၏ ပြောကြားချက်အရ GDPR အပိုဒ် ၃ (၁) ၏ ဝေါဟာရအတိအကျနှင့် အဆိုပါ စည်းမျဉ်းများကို ဥပဒေတစ်ခုအဖြစ် အသုံးပြုကာ ဥရောပရှိ နိုင်ငံသားများ၏ အခြေခံအခွင့်အ‌ရေးများအားကာကွယ်ရန်ဆိုသည့် သဘောတရားနှစ်ခုတို့ ဝိရောဓိဖြစ်မှုရှိဟု ဆိုသည်။ 

“GDPR ဟာ ဥရောပပြင်ပအထိ သက်ရောက်မှုရှိတယ်ဆိုတယ်လို့ ဆိုရာမှာ ကုမ္ပဏီတွေဟာ ဥရောပပြင်ပမှာ လုပ်ငန်းတွေသွားလုပ်ဆောင်ပြီး ဥရောပမှာရှိတဲ့သူတွေရဲ့ အခြေခံလူ့အခွင့်အရေးတွေကို မလိမ့်တပတ်နယ်မြေခြားပြီး လုပ်ဆောင်နိုင်မယ့်အခြေအနေကို ဥရောသမဂ္ဂဥပဒေပြုအမတ်တွေက မလိုလားဘူး။ သူတို့ ဒီလိုစိုးရိမ်မှုရှိလို့ GDPR ဟာ ဥရောပပြင်ပအထိ သက်ရောက်တဲ့အခြေအနေအထိ အနက်တွေဖွင့်ထားရတာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။ 

M1 Group ကို ဒီလိုရောင်းချတာဟာ GDPR ကို ဖောက်ဖျက်ရာရောက်နိုင်သလောဟု တယ်လီနောပြောရေးဆိုခွင့်ရှိသူတစ်ဦးကို မေးမြန်းသည့်အခါတွင် ၎င်းက “တယ်လီနောပင်မကုမ္ပဏီဟာ တယ်လီနောမြန်မာအသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စီမံခန့်ခွဲမှုမရှိသလို၊ တယ်လီနောမြန်မာအသုံးပြုသူတွေရဲ့ ဖုန်းခေါ်ဆိုမှုအချက်အလက်များကိုလည်း စီမံခန့်ခွဲခြင်းမရှိပါဘူး” လို့ ဖြေကြားခဲ့သည်။

ကိုယ်ရေးအချက်အလက်လုံခြုံရေးကဏ္ဍကို အွန်လိုင်းတွင် တယ်လီနော၏ ရေးသားဖော်ပြချက်အရ “ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအား အသုံးပြုနေသော သင်၏ ပုဂ္ဂလိကဆိုင်ရာအချက်အလက်များအား မည်သည့်အတွက်ကြောင့် စိစစ်ရသည့်ဆိုသည့် အကြောင်းအရင်းများနှင့် မည်သို့စိစစ်မည်ဆိုသည့်အချက်များအား တယ်လီနောက ဆုံးဖြတ်ချက်ပြုပါသည်။ ထို့အခြေအနေတွင် ကျွန်ုပ်တို့သည် သင်၏အချက်အလက်များကို ထိန်းချုပ်သူဟု ဥရောပသမဂ္ဂဥပဒေများတွင် ပြဌာန်းထားပါသည်” ဟူ၍ ဖြစ်သည်။

သို့ရာတွင် နော်ဝေးနိုင်ငံ ကိုယ်ရေးအချက်အလက်လုံခြုံရေးကျွမ်းကျင်သူကမူ မြန်မာရှိ ဆက်သွယ်ရေးအသုံးပြုသူများ၏ အချက်အလက်များကို တယ်လီနောမြန်မာကသာ ထိန်းချုပ် သို့မဟုတ် စီမံခန့်ခွဲသည်ဆိုသည့် အဆိုကို တယ်လီနောပင်မကုမ္ပဏီက သက်သေပြနိုင်ဖို့ရာ ခက်ခဲနိုင်ကြောင်းဆိုသည်။

“ထိန်းချုပ်သူဆိုသည့် တာဝန်ကို များစွာသော ဥပ‌‌‌‌‌‌ဒေဆိုင်ရာ အဖွဲ့အစည်းတွေကနေ ဝေမျှပြီး တာဝန်ယူနိုင်ပါတယ်။ တယ်လီနောရဲ့ နော်ဝေးဌာနချုပ်ဟာ မြန်မာဌာနခွဲရဲ့ အချက်အလက်စီမံခန့်ခွဲမှုအပေါ်မှာ လွှမ်းမိုးမှုရှိနေနိုင်ပါတယ်။ ဒီတော့ ဒီဌာနချုပ်ဟာ မြန်မာဒေတာအချက်အလက်တွေကို ပူးပေါင်းထိန်းချုပ်သူတစ်ဦး ဖြစ်သွားပါပြီ။ GDPR ရဲ့အကျုံးဝင်မှုအရ ဥပဒေအရ မည်သို့ပင် သတ်မှတ်ထားစေကာမူ အမှန်တကယ် ဘယ်သူက အဓိကဆုံးဖြတ်နိုင်တဲ့အာဏာရှိသလဲဆိုတာသာ အရေးပါတာပါ” လို့ ကိုယ်ရေးအချက်အလက်လုံခြုံရေးကျွမ်းကျင်သူက ဆိုသည်။

အမည်မဖော်လိုသူ တယ်လီနောမြန်မာ၏ ထိပ်တန်းအရာရှိတစ်ဦးကလည်း Telenor Group သည် ကိုယ်ရေးအချက်အလက်ကိုင်တွယ်ခြင်းနှင့် ပတ်သက်ပြီး တယ်လီနောမြန်မာရဲ့ ဆုံးဖြတ်ချက်ချမှုများအပေါ်ကို သက်ရောက်မှုရှိကြောင်း ပြောကြားသည်။

“Telenor Group မှာ သူ့ရဲ့ လုပ်ငန်းတွေအားလုံးအပေါ် ချမှတ်ထားတဲ့ မူဝါဒတွေရှိပါတယ်။ လူ့အခွင့်အ‌ရေးတွေကို လိုက်နာဖို့၊  အဂတိလိုက်စားမှုအပေါ် လုံးဝသည်းမခံဖို့နဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေးအတွက် ကုလသမဂ္ဂလမ်းညွှန်စည်းကမ်းတွေကို လိုက်နာဖို့ စသည်ဖြင့်ပေါ့” လို့ ဆိုပါတယ်။ “ခင်ဗျားမေးခွန်းက တယ်လီနောမြန်မာရဲ့ အချက်အလက်လုံခြုံမှုနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေအပေါ် Telenor Group က လွှမ်းမိုးမှုရှိလားဆိုရင် ဟုတ်တယ်လို့ပဲ ဖြေရမှာပါ” ဟု ၎င်းက ဆိုသည်။

တယ်လီနော၏ အင်တာနက်စာမျက်နှာတွင် “Group Privacy Policy” ဟူသည့် ကုမ္ပဏီအတိုင်ပင်ခံနှင့် အမှုဆောင်ဒုတိယဥက္ကဌတို့ ကြီးကြပ်သော မူဝါဒတစ်ခုကို ဖော်ပြထားသည်။ 

ထိုမူဝါဒအရ Group Privacy အရာရှိသည် Telenor ကုမ္ပဏီ၏ နှစ်စဉ် ကိုယ်ရေးအချက်အလက်လုံခြုံရေးကိစ္စများ အကဲဖြတ်ရေး၊ ပုဂ္ဂလိကဆိုင်ရာအချက်အလက်များကို စိစစ်ရာတွင် ကုမ္ပဏီတစ်ခုလုံးကို ခြုံလွှမ်းသည့် ဌာနတွင်းသတ်မှတ်ချက်များ အကောင်အထည်ဖော်ရေးတို့တွင် တာဝန်ရှိကြောင်း ဖော်ပြထားသည်။ 

ထို Group Privacy အရာရှိအဖြစ် တယ်လီနောတွင် အမှုထမ်းခဲ့ဖူသူ Nicholai Kramer Pfeiffer က ၎င်း၏ LinkedIn အင်တာနက်အကောင့်တွင် “၎င်းသည် ဖြစ်လာနိုင်သည့် အခက်အခဲများနှင့် ဥပဒေဆိုင်ရာအကျုံးဝင်ရမည့်အခြေအနေများအပေါ် စောင့်ကြည့်လေ့လာကာ Telenor ၏ စီးပွားရေးအခန်းကဏ္ဍအသီးသီးအပေါ် မကြာခဏ စစ်ဆေးအကဲဖြတ်ရသည့်စနစ်ကို Telenor တွင် ကျင့်သုံးနိုင်အောင် အကောင်အထည်ဖော်ခဲ့သူ” ဟု ရေးသားဖော်ပြထားသည်။

မြန်မာပြည်ရှိသုံးစွဲသူများ၏ အချက်အလက်များအား တယ်လီနောကုမ္ပဏီအုပ်စုတစ်ခုလုံးအနေဖြင့် မည်သို့စီမံသည်ဆိုသည်ကို Telenor အား Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ချက်ခြင်းတုံ့ပြန်မှုမရရှိခဲ့ပေ။ 

နော်ဝေးနိုင်ငံ အချက်အလက်ကာကွယ်ရေး အာဏာပိုင်အဖွဲ့အစည်းဟုခေါ်သည့် အချက်အလက်လုံခြုံမှုကို ထိန်းသိမ်းပေးသည့် အစိုးရနှင့် ကင်းလွတ်သည့် Norwegian Data Protection အဖွဲ့က တယ်လီနောမှ M1 သို့ ရောင်းချခြင်းအပေါ်ကို တရားဝင်စစ်ဆေးမှု မလုပ်ရသေးဘဲ မှတ်ချက်မပြုနိုင်သေးကြောင်း ဆိုသည်။

“အချက်အလက်လုံခြုံမှုဟာ အခြေခံလူ့အခွင့်အရေးတစ်ခုဖြစ်ပြီး ဒီအချက်ကို ကမ္ဘာတဝန်း ဥပဒေလွှမ်းမိုးမှုရှိသည့် နေရာအသီးသီးတွင် လေးစားလိုက်နာဖို့လိုတယ်လို့ ယုံကြည်ပါတယ်” ဟု ထိုအဖွဲ့၏ အပြည်ပြည်ဆိုင်ရာဥက္ကဋ္ဌဖြစ်သူ Tobias Judin က Myanmar Now ကို ပြောကြားသည်။ 

တယ်လီနောသည် တာဝန်ယူမှုရှိသည့် လုပ်ငန်းတစ်ခုအဖြစ်အနေဖြင့် စီးပွားရေးနယ်ပယ်တွင် ဦးဆောင်နေသည့် လုပ်ငန်းတစ်ခုအဖြစ် ကျော်ကြားသည်။ မြန်မာနိုင်ငံတွင် ၎င်းသည် ရေရှည်တည်တံ့ခိုင်မြဲမှု အစီရင်ခံစာများကို မှန်မှန်ထုတ်ပြန်လေ့ရှိပြီး၊ အစိုးရအဖွဲ့များက ၎င်းထံပို့လာသော အင်တာနက်ကန့်သတ်မှုများနှင့် ပိတ်ဆို့မှုများလုပ်ရန် ညွှန်ကြားသည့် အမိန့်များအား ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်ပြန်မှုကြောင့်လည်း ကျော်ကြားသည်။

“တယ်လီနောဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေနဲ့ပတ်သက်ပြီး မထိခိုက်အောင်လုပ်ဆောင်ဖို့ အမြဲတစေစောင့်ကြည့်နေခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်းလုပ်ဆောင်မှုကြောင့် လူ့အခွင့်အရေးထိခိုက်မှုများကို အနည်းဆုံးဖြစ်အောင်လည်း အစွမ်းကုန်ကြိုးစားခဲ့ပါတယ်” လို့ တယ်လီနောပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ဆိုသည်။

အချက်အလက်များကို မည်မျှကြာကြာ ထိန်းသိမ်းထားသည်ကို မေးမြန်းသည့်အခါတွင်မူ တယ်လီနောက ဖြေကြားခြင်းမရှိခဲ့ပါဘူး။ ဒီလို အချက်အလက်ထိန်းသိမ်းသည့်ကာလဆိုတာဟာ အသုံးပြုသူများအား အချက်အလက်များ ရယူထားကြောင်း အကြောင်းကြားရမည်ဟူသော စည်းကမ်းချက်နှင့် ပတ်သက်နေသည်။ 

“တယ်လီနောက ဒီလိုအချက်အလက်တွေကို မြန်မာနိုင်ငံ ဆက်သွယ်ရေးလိုင်စင်စည်းကမ်းများနဲ့အညီ သိမ်းထားပါတယ်” လို့ တယ်လီနောပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ 

တယ်လီနောဟာ M1 Group သို့ အချက်အလက်များလွှဲပြောင်းရာမှာ မြန်မာအသုံးပြုသူများထံမှ သဘောတူခွင့်ပြုချက်တောင်းမတောင်း မေးမြန်းသည့်အခါမှာလည်း ဖြေကြားခြင်းမရှိခဲ့ပါ။ ထိုအချက်မှာလည်း အသုံးပြုသူက မိမိတို့ ကိုယ်ရေးအချက်အလက်များကို ဖျက်ဆီးခွင့်၊ မိမိကိုယ်ရေးအချက်အလက်အား အသုံးပြုမှုကို ကန့်ကွက်ပိုင်ခွင့် စသည့်စည်းကမ်းချက်များနှင့် ဆက်စပ်နေသည်။ 

သို့ရာတွင် တယ်လီနောအမှုဆောင်အရာရှိချုပ် Sigve Brekkeက တယ်လီနောသည် မြန်မာအသုံးပြုသူများ၏အချက်အလက်များကို ဖျက်ဆီးပစ်၍ မရကြောင်းနှင့် M1 Group ပိုင်ရှင်များဖြစ်သော Mikati မိသားစုက ထိုဖုန်းခေါ်ဆိုမှုဆိုင်ရာ အချက်အလက်များအား မည်သို့အသုံးပြုမည်ဆိုသည့်အပေါ်ကိုလည်း မှတ်ချက်မပေးလိုကြောင်း နော်ဝေးနိုင်ငံပိုင် NRK မီဒီယာသို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

လူ့အခွင့်အရေးလှုပ်ရှားသူများကတော့ တယ်လီနောသည် မြန်မာနိုင်ငံမှ ထွက်ခွာရာတွင် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန်ချက်များနှင့် နိုင်ငံများစွာပါဝင်သော လုပ်ငန်းများအတွက် OECD လမ်းညွှန်ချက်များကိုလိုက်နာသင့်ကြောင်း ထောက်ပြသည်။ ကိုယ်ရေးအချက်အလက်များလုံခြုံခွင့်သည် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကြေညာချက် အပိုဒ် ၁၂ တွင် ပြဌာန်းထားသည်။ ထိုကြေညာချက်သည် လုပ်ငန်းများအနေနဲ့ အနည်းဆုံးလိုက်နာရမည့်တာဝန်၊ စည်းမျဉ်းများအဖြစ် ကုလသမဂ္ဂလမ်းညွှန်စည်းကမ်းများမှာ ထည့်သွင်းဖော်ပြထားသည့် စာတမ်းတစ်ခုဖြစ်သည်။

OECD လမ်းညွှန်ချက်များတွင် ကိုယ်ရေးအချက်အလက်များသည် စားသုံးသူ၊ အသုံးပြုသူများ၏ အခွင့်အရေးတစ်ခုဖြစ်ပြီး ထိုအချက်ကို ကုမ္ပဏီများက လေးစားလိုက်နာ ကာကွယ်ပေးသင့်ကြောင်း အကြံပြုဖော်ပြထားသည်။ 

“တယ်လီနောဟာ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာတဲ့အနေနဲ့ အချက်အလက်လုံခြုံမှုနဲ့ လွတ်လပ်စွာ ‌ပြောဆိုနိုင်ခွင့်တို့အပါအဝင် လူ့အခွင့်အရေးတွေအပေါ် မကောင်းသည့် အကျိုးသက်ရောက်မှုတွေ အနည်းဆုံးဖြစ်နိုင်ဖို့အတွက် ဒီလိုဖြစ်လာနိုင်သည့် ပြဿနာတွေအားလုံးကို အသိအမှတ်ပြုခြင်း၊ တာဝန်ယူခြင်းနဲ့ လိုအပ်တဲ့ကာကွယ်မှုများကို ပြုလုပ်ခြင်းတို့အတွက် တာဝန်ရှိပါတယ်” လို့ Privacy International ရဲ့ Lucy Purdon က Myanmar Now ကို ပြောကြားသည်။ “တယ်လီနောက သူ့ရဲ့လုပ်ငန်းတွေ လူ့အခွင့်အရေးစံချိန်စံညွန်းတွေနဲ့ညီမညီ လုပ်ကိုင်တဲ့အခါမှာ မြန်မာဖက်က ကုမ္ပဏီကိုရောင်းချခြင်းနဲ့ မြန်မာနိုင်ငံမှ ထွက်ခွာခြင်းတို့ ပြုလုပ်ရာမှာလည်း ဆက်လက်ပြုလုပ်သွားမယ်လို့ မျှော်လင့်ပါတယ်။”

Article 19 လို့ခေါ်သည့် သတင်းအချက်အလက်လွတ်လပ်မှုအတွက် တက်ကြွလှုပ်ရှားမှုအဖွဲ့တစ်ခု၏ အာရှအစီအစဉ်ဥက္ကဋ္ဌဖြစ်သူ Matthew Bugher ကလည်း တယ်လီနောသည် ၎င်း၏ ကုလသမဂ္ဂလမ်းညွှန်စည်းကမ်းတွေကို လိုက်နာမှုကို မကြာခဏထုတ်ဖော်ပြောဆိုခြင်းများရှိကြောင်း ဆိုသည်။ ထိုသို့အလျောက် ကုမ္ပဏီသည် တယ်လီနောမြန်မာရောင်းချမှုတွင် ဖြစ်ပေါ်နိုင်ခြေရှိသည့် ရိုက်ခတ်မှုများကို အသက်သာဆုံးဖြစ်ရန် စီမံထားသင့်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့မှာ တယ်လီနောရဲ့ M1 Group ကို ရောင်းချခြင်းနဲ့ ပတ်သက်ပြီး အချက်အလက် များများစားစားမရှိပါဘူး။ တယ်လီနောကနေ ရောင်းချမှုစာချုပ်ထဲမှာ လူ့အခွင့်အရေးကာကွယ်မှုတွေကို ထည့်သွင်းပေးထားဖို့ပဲ မျှော်လင့်ပါတယ်” ဟု ၎င်းကဆိုသည်။ 

“ဒါပေမယ့်လည်း တယ်လီနောကပေးမယ့် အသုံးပြုသူတွေရဲ့ ဖုံးခေါ်ဆိုမှုအသေးစိတ်အချက် metadata တွေကို M1 Group က ဘယ်လိုအသုံးချမယ်ဆိုတဲ့အပေါ် ရှင်းရှင်းလင်းလင်း ထုတ်ဖော်မပြောနိုင်တဲ့ အချက်ကလည်း စိုးရိမ်စရာကောင်းပါတယ်။ မြန်မာနိုင်ငံက လုပ်ငန်းလုပ်ဆောင်စဉ်မှာ အသုံးပြုသူတွေရဲ့ လူ့အခွင့်အရေးတွေကို မကာကွယ်ပေးနိုင်တော့ဘူးလို့ တယ်လီနောကို ယူဆသွားစေတဲ့ အကြောင်းအရင်းတွ M1 Group အပေါ် ဖိအားတွေ ဖြစ်ပေါ်လာပါလိမ့်မယ်” လို့ Bugher မှ ဆိုပါတယ်။

Myanmar Now က M1 Group ၏ လူ့အခွင့်အရေးဆိုင်ရာ လိုက်နာမှု၊ ကိုယ်‌ရေးအချက်အလက်များအား စီမံထိန်းချုပ်မှု၊ မည်သည့်အခြေအနေများတွင် ဖုန်းအသုံးပြုသူအချက်အလက်များအား စစ်ကောင်စီအား ဝေမျှပေးအပ်မည်ဟူသောအချက်နှင့် ၎င်းတို့လုပ်ငန်းအဖွဲ့နှင့် စစ်တပ်များ၊ အာဏာရှင်အုပ်ချုပ်သော နိုင်ငံများဖြစ်သည့် ဆီးရီးယားနှင့် ဆူဒန်နိုင်ငံရှိ အစိုးရများအကြား စီးပွားရေးအချိတ်အဆက်များရှိနေခြင်း စသည်တို့အပေါ် မေးခွန်းထုတ်ထားသော်လည်း M1 က ထိုမေးမြန်းချက်များကို  ချက်ချင်း ဖြေကြားမှတ်ချက်ပြုခြင်း မရှိခဲ့ပါ။

တယ်လီနောက ၎င်းသည် တာဝန်ယူမှုရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက်ကြောင့်သာ ၎င်း၏ မြန်မာကုမ္ပဏီကို ရောင်းချရခြင်းဖြစ်ကြောင်း စောဒကပြုသည်။ “ဒီဆုံးဖြတ်ချက်ဟာ ဒီအခြေအနေအတွက် အကောင်းဆုံးဖြေရှင်းနည်း” ဖြစ်ကြောင်း တယ်လီနောပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ဆိုသည်။ 

“မြန်မာနိုင်ငံမှ ထွက်ခွာရခြင်းဟာ လွယ်ကူသည့် ဆုံးဖြတ်ချက်မဟုတ်ခဲ့ပေမဲ့ ဒါဟာ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ စံနှုန်းများ၊ မူဝါဒများ၊ နိုင်ငံတကာဥပဒေများကို အဆုံးစွန်အထိ လိုက်နာသွားမယ်ဆိုတာကို သက်သေပြခဲ့ခြင်းပဲ ဖြစ်ပါတယ်” လို့ တယ်လီနောပြောရေးဆိုခွင့်ရှိသူတစ်ဦးက Myanmar Now ကို ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အခုလို ရောင်းချဖို့ ဆုံးဖြတ်တဲ့အခါမှာ အချက်အလက်လုံခြုံမှုအပါအဝင် လူ့အခွင့်အရေးအပေါ်သက်ရောက်မှုတွေအားလုံးကို အဓိကထား စဉ်းစားခဲ့ပါတယ်” ဟုလည်း ဆိုသည်။ 

Chris Sidoti သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေမှုတွင် အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပြုကောင်စီ၏ ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်သည်။ ၎င်းက တယ်လီနောအနေဖြင့် မြန်မာရှိလုပ်ငန်းများကို M1 ကို မရောင်းချသင့်ဘူးလို့ ယုံကြည်ကြောင်း ဆိုသည်။ 

“ဒါဟာ တယ်လီနောရဲ့ ကိုယ့်ဟာကိုယ် ရွေးချယ်ခဲ့သည့် လမ်းဖြစ်ပြီးတော့ ထိခိုက်မှုအနည်းဆုံးရှိတဲ့ နည်းနဲ့ မြန်မာနိုင်ငံက ထွက်ခွာနိုင်ဖို့ သူတို့မှာ တာဝန်ရှိပါတယ်” လို့ Myanmar Now ကို ပြောကြားသည်။  

“လတ်တလောအတွက်ကတော့ အခြေအနေတွေဆိုးနေပေမယ့် မြန်မာနိုင်ငံမှာ တတ်နိုင်သလောက်ဆက်နေပြီး အတတ်နိုင်ဆုံး အမြင့်ဆုံးသိက္ခာတရားနဲ့ ဆက်လက်လည်ပတ်ဖို့ ကြိုးစားသင့်တယ်။ သင့်လျော်တဲ့ အခြေအနေ‌ရောက်ပြီးတော့လူအများကြီးကို အန္တရယ်မရှိစေနိုင်တော့တဲ့ အခြေအနေကနေ ထွက်နိုင်ဖို့ နည်းလမ်းရှာတွေ့မှသာ ထွက်သင့်ပါတယ်။”

ပေလျကံပြုခံရသူများ

မြန်မာနိုင်ငံက တက်ကြွလှုပ်ရှားသူများ၊ ဆန္ဒပြသူများနဲ့ စာနယ်ဇင်းသမားများဟာ အခုဆိုရင် သူတို့ပြောဆိုခဲ့သမျှ စစ်ကောင်စီလက်ထဲ အချက်အလက်တွေအားလုံး ရောက်တော့မယ့်သဖွယ် ခံစားနေရပါပြီ။ 

ဖေဖော်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းပြီးတည်းက စစ်ကောင်စီဟာ နိုင်ငံသားများ၏ ပုဂ္ဂလိကလွတ်လပ်ခွင့်လုံခြုံရေးကို အကာအကွယ်ပေးထားသည့် ၂၀၁၇ ဥပဒေပါ အချက်တွေကို ဖျက်သိမ်းခဲ့သည်။ 

မတ်လမှာ ထုတ်ဝေခဲ့သည့် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကောင်စီနှင့် လူ့အခွင့်အ‌ရေးစောင့်ကြည့်လေ့လာမှုအဖွဲ့အစည်း HRW က ထုတ်ပြန်ခဲ့သည့် ပူးတွဲထုတ်ပြန်ချက်တစ်ခုအရ စစ်ကောင်စီသည် “ဝရမ်းမပါဘဲ ရှာဖွေခံရခြင်း၊စောင့်ကြည့်ခံရခြင်းနှင့် ဖမ်းဆီးခံရခြင်းတို့မှ လွတ်မြောက်နိုင်ခွင့်အပါအဝင် အခြေခံလူ့အခွင့်အရေးတွေကို ရုပ်သိမ်းခဲ့ပါသည်” ဟု ဖော်ပြထားသည်။

စစ်ကောင်စီမှ မည်သည့် တယ်လီနောသုံးသူစွဲသူများ၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများကို ယခုအချိန်တွင် ရရှိထားပြီးဟုတ်မဟုတ် အတိတကျ မသိရသေးပေ။ ဖေဖောဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကောင်စီမှ တယ်လီနောအား ၎င်း၏ဝန်ဆောင်မှု သုံးစွဲသူများ၏ နေရာဒေသဆိုင်ရာအချက်အလက်များကို တောင်းဆိုမှုရှိမရှိ Myanmar Now က မေးမြန်းခဲ့ပါသည်။ 

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ဆောင်ရာမှာ အတတ်နိုင်ဆုံး ပွင့်လင်းစွာပဲ လုပ်ဆောင်ချင်ပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေတွေအရ ကျွန်တော်တို့ဝန်ထမ်းတွေရဲ့ လုံခြုံဘေးကင်းမှုအတွက် အာဏာပိုင်တွေဆီက လမ်းညွှန်ချက်တွေအပေါ်တော့ မှတ်ချက်မပြုနိုင်သေးပါ” လို့ တယ်လီနောပြောရေးဆိုခွင့်ရှိသူတစ်ဦးက Myanmar Now ကို ဖြေကြားခဲ့သည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး M1 Group သို့ ရောင်းချခြင်းကို ဆန့်ကျင်တားဆီးဖို့ ကြိုးစားနေသူ တယ်လီနောအသုံးပြုသူတစ်ဦးဖြစ်သူ ကိုရဲကတော့ အခုဆိုရင် M1 Group ကို လွှဲပေးလိုက်မှာဖြစ်သည့်အတွက် စစ်ကောင်စီက ၎င်းရဲ့ ကိုယ်ရေးအချက်အလက်တွေကို ပိုလွယ်လွယ်ရရှိသွားမှာကို စိုးရိမ်နေရကြောင်း Myanmar Now ကို ပြောကြားသည်။ 

“တယ်လီနောရဲ့ဝန်ဆောင်မှုတွေကို ဝယ်ယူအသုံးပြုသူတစ်ဦးအနေနဲ့ ကျွန်တော့်ဘဝ အစိတ်အပိုင်းများစွာနဲ့ ပတ်သက်သည့် အချက်အလက်များစွာဟာ တယ်လီနောဆီမှာ ရှိနေပါတယ်။ ကျွန်တော့်အချက်အလက်တွေကို ကျွန်တော်မယုံကြည်တဲ့ M1 Group ကို လွှဲပြောင်းဖို့ ကျွန်‌တော့်အနေနဲ့ ခွင့်ပြုချက်မပေးနိုင်ပါဘူး” လို့ ကိုရဲက ဆိုပါတယ်။myanmar now

စစ်ကောင်စီပါးစပ်က ဘုရားဘုရား၊ လက်က ကားယားကားယား

၃ လကြာ လမ်းပေါ်ထွက် ဆန့်ကျင်ဆန္ဒပြနေသော မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မှ စာချဆရာတော် အရှင်ရာဇိန္ဒကို အာဏာသိမ်းစစ်ကောင်စီတပ်သားများက မေ ၂၈ တွင် ကားဖြင့် ဝင်တိုက်ကြသည်။  

“ဦးဇင်းတို့ စစချင်း ထွက်လာတုန်းရှိသေးတယ်၊ စစ်ကားတွေရောက်လာပြီးတော့ သေနတ်နဲ့ သုံးချက်လောက် ပစ်တယ်၊ အားလုံးက အလူးအလဲ ပြေးကြလွှားကြတာပေါ့။ ဦးဇင်းကိုတော့ ဆိုင်ကယ်ပေါ် တက်လိုက်တဲ့အချိန်မှာ ကားနဲ့ တိုက်ပြီးတော့ ဖမ်းတယ်။ စစ်သား ၃ ယောက်က ဦးဇင်းပေါင်ကို အချက်ပေါင်းမြောက်များစွာ ရိုက်တယ်” ဟု မကြာသေးခင်က ထောင်မှ ပြန်လွတ်လာသော အရှင်ရာဇိန္ဒက မိန့်သည်။

ဘုန်းကြီးကို လူဝတ်လဲစေကာ နာမည်ကျော် နန်းတွင်းစစ်ကြောရေးစခန်းသို့ ပို့လိုက်သည်။ 

“ပထမဆုံး ဆောင့်ကြောင့်ထိုင်ခိုင်းတယ်။ လက်နှစ်ဖက်ကို ခေါင်းပေါ်တင်ခိုင်းပြီးတော့ ဖားခုန် ခုန်သွားခိုင်းတယ်။ တစ်နေကုန်လုံးပူထားတဲ့ ကတ္တရာလမ်းပေါ်မှာ ဒူးထောက်ပြီးတော့ လက်နှစ်ဖက် ခေါင်းပေါ်တင်ထားခိုင်းပြီး ဒူးကို အားပြုပြီးတော့ ဒရောသောပါးသွားရတယ်ဆိုတော့ မြင်ကြည့်လိုက်ပေါ့၊ ဘယ်လောက်အထိ နာကျင်မလဲဆိုတာ၊ မိနစ် ၃၀ လောက်ကြာတယ်၊ ဦးဇင်းတို့ကို ထားမယ့်အဆောင်ကို ရောက်တဲ့အထိ။ သွားခဲ့ရတဲ့အချိန်မှာလည်း နှေးတယ်ဆိုရင် နောက်ကနေ ရိုက်တယ်” ဟု အရှင်ရာဇိန္ဒက မိန့်သည်။

ယခင် စစ်ဗိုလ်ချုပ်များကဲ့သို့ပင် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်သည်ဟု ကြွေးကြော်ထားသော အာဏာသိမ်းစစ်ခေါင်းဆောင်များက ၎င်းတို့ကို အံတုဆန့်ကျင်လာလျှင် လူပုဂ္ဂိုလ်များကိုသာမက လူများစုကိုးကွယ်ကြသော ရဟန်း၊ သံဃာတော်များကိုပါ အငြိုးတကြီး ဖမ်းဆီးနှိပ်စက် အကျဉ်းချနေသည်။

သံဃာတော်ပင် မချန်သည့် နန်းတွင်းစစ်ကြောရေး

၆ ရက်ကြာသည့် စစ်ကြောရေးကာလ၏ ပထမဆုံးနေ့မှာပင် ရာဘာစွပ်ထားသော သံတုတ်များဖြင့် ရိုက်နှက်ခဲ့ကြသည်။ မနက် ၉ နာရီမှ ညနေ ၃ နာရီခွဲအထိ တပ်အရာရှိနှစ်ဦးက တစ်လှည့်စီ စစ်မေးခဲ့ကြသည်။

ကိုဗစ်ကာကွယ်ဆေးထိုးဖြစ်လား၊ တပ်မတော်ထောက်ခံပွဲတွေကို တစ်ခါမှ ဝင်မပါခဲ့ဘူးလား၊ စစ်ကောင်စီကို ဘယ်လိုသဘောထားလဲ စသဖြင့် စစ်မေးခံရစဉ် မကြာခဏ ပုဆိုးပြင်ဝတ်သည်ကိုပင် စစ်သားများက မကြိုက်ဟု အရှင်ရာဇိန္ဒက မိန့်သည်။

“ပုဆိုးကလည်း မဝတ်တတ်တော့ ထပြီးတော့ ပြင်ဝတ်တယ်။ အဲ့ဒီလို ပြင်ဝတ်တာကို နှစ်ကြိမ်လောက်ရောက်တော့ သူတို့ မလိုလားဘူး၊ ခါးတောင်းကျိုက်ခိုင်းတယ်။ ဒီမှာ ငါတို့ဒူးတွေလည်း ကွဲနေပြီလို့၊ ဘယ်လိုမှကို မသွားနိုင်တော့ဘူး၊ မင်းတို့ရိုက်မယ်ဆိုလည်း ကြိုက်သလောက်ရိုက်တော့”ဟု မခံရပ်နိုင်သည့်အဆုံး၌ ဆရာတော်က အထက်ပါအတိုင်း ပြောခဲ့သည်ဟု ဆိုသည်။

“လူကို လူလိုအုပ်ချုပ်တဲ့ အရပ်သားအစိုးတစ်ရပ်တော့ ရစေချင်တယ်လို့ ပြောလိုက်တာ အဲ့ဒါ ဦးဇင်းကို နောက်ဆုံးမေးတာပဲ။ အဲ့ဒီအချိန်မှာ ‘အောင်မာ မင်းကများကွာ’ ဆိုပြီး သေနတ်ဆွဲကိုင်ပြီး ပစ်မလို့ ချိန်လိုက်သေးတယ်”

ဘယ်၊ ညာ ဒူးနှစ်ဘက်တွင် ဒဏ်ရာဟောင်း ၅ ခုနှင့် နောက်ကျောတွင် ကန့်လန့်ဖြတ်ဒဏ်ရာဟောင်းတစ်ခုရှိသည့် ဆရာတော်က ထိုအကြောင်းများကို အချိန်ယူကာ စဉ်းစားဖြေဆိုခဲ့ခြင်း ဖြစ်သည်။ 

အရှင်ရာဇိန္ဒနှင့် တစ်ရက်တည်းဖမ်းခံရပြီး ဇွန် ၃၀၌ ပြန်လွတ်လာသည့် အမည်မဖော်လိုသည့် ရဟန်းတစ်ပါးကလည်း နန်းတွင်းစစ်ကြောရေစခန်းဂိတ်ဝင်ကတည်းက စနစ်တကျ နှိပ်စက်ခံခဲ့ရသည်ဟု မိန့်သည်။ 

“တစ်ယောက်နဲ့တစ်ယောက် နှစ်ပေလောက်ပဲ ကွာမယ်၊ အဲဒီလို သွားခိုင်းတာ။ ပထမက ဖားခုန်ခိုင်းတယ်၊ နောက်တော့ ဒူးထောက်ပြီးတော့ လမ်းလျှောက်ရတယ်၊ ကတ္တရာလမ်းကလည်း ပူမှပူ။ ပြီးတော့ အောက်ကနေ ကျောက်ဆူးတွေလည်း စူးတယ်။ လှည့်ကြည့်လို့မရဘူး၊ ရပ်နေလို့မရဘူး၊ ရပ်နေရင် သူတို့က ရိုက်တယ်”ဟု  စစ်ကြောရေးဒဏ်ကြောင့် နေ့စဉ်နီးပါး ခေါင်းကိုက်ဝေဒနာကို ခံစားနေရသည့် အဆိုပါ ရဟန်းက မိန့်သည်။

ဘုန်းကြီးကျောင်းပေါများသော မန္တလေးတွင်သာမက အခြားဒေသတွင်လည်း သံဃာတို့ နှိပ်ကွပ်ခံနေရသည်။

မတ် ၁၁ ရက်နေ့က ဆန္ဒပြလူထုကို ရပ်ကြည့်နေသည့် မိုးကုတ်မြို့ ရေပူဆရာတော်အရှင်ဣန္ဒကနှင့် အခြားရဟန်းတစ်ပါး အတင်းအဓမ္မဖမ်းဆီးခံရသည်ကို အွန်လိုင်းရုပ်သံဖိုင်တစ်ခု၌ တွေ့ရသည်။ တစ်လမပြည့်မီမှာပင် ဆရာတော်ကို ထောင် ၃ နှစ် ချလိုက်သည်။ 

ဇူလိုင် ၄ တွင် ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်၊ သဲဂုဏ်ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ စစ်ကောင်စီတပ် သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်ကို ကြိုးတုပ်ရိုက်နှက်ခဲ့ကြသည်။

ရွာမှ ဆန္ဒပြပွဲပုံများကို သတင်းဌာနသို့ ပေးပို့ကြောင်း တိုင်ကြားခံရခြင်းကြောင့်ဖြစ်နိုင်သည်ဟု ရွာခံများက ယူဆနေသည်။ 

စစ်အာဏာရှင်တို့က သံဃာများကို ထိုကဲ့သို့ ပြုမူဆက်ဆံသည်မှာ ယခုမှ မဟုတ်ပေ။

ဘဝပျက်ခဲ့ရခြင်း

၂၀၀၇ နှစ်လယ်တွင် မကွေးတိုင်း၊ ပခုက္ကူမြို့သံဃာတော်များဦးဆောင်ပြီး ယခင်စစ်အစိုးရကို ချီတက်ဆန္ဒပြရာမှ ပေါ်ပေါက်လာသည့် သံဃာ့လှုပ်ရှားမှုကို ရွှေဝါရောင်တော်လှန်ရေးဟု လူသိများကြသည်။

မြို့ကြီးများတွင် ရွှေဝါရောင်တော်လှန်ရေး အားကောင်းခဲ့ပြီး ရန်ကုန်မြို့လယ်တွင် စစ်တပ်က ပစ်ခတ်ဖြိုခွဲခဲ့သည်၊ သံဃာ ၃၀၀ ခန့်ကို ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီးထောင်ချကာ ဘုန်းကြီးကျောင်း ၆၁ ‌ကျောင်းကို ချိတ်ပိတ်ခဲ့သည်။

သံဃာတော်များသည် ပြန်လွတ်လာချိန်တွင် သီတင်းသုံးခဲ့သည့်ကျောင်းက လက်မခံ၍ လမ်းဘေး တဲထိုးနေရခြင်း၊ လူထွက်ကာ ကြုံရာကျပမ်းအလုပ်လုပ်ရခြင်း စသဖြင့် အများအပြား ဘဝပျက်ခဲ့ရသည်။ 

စစ်အာဏာရှင်အဆက်ဆက်သည် ဆန့်ကျင်သူမှန်သမျှကို နည်းမျိုးစုံဖြင့် အကြမ်းဖက်သတ်ဖြတ်ရန် ဝန်မလေးကြောင်း ရွှေဝါရောင်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ ဆရာတော် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က Myanmar Now ကို မိန့်ကြားသည်။

“အဲ့ဒီတုန်း (၂၀၀၇) ကဆိုရင်လည်း သံဃာတော်တွေဟာ သင်္ကန်းရုံပြီးတော့ မေတ္တာသုတ်တွေ ရွတ်ကြတယ်။ မေတ္တာပို့တွေ ဆိုပြီးတော့ သွားကြတယ်။ ဒါကိုလည်းပဲ သူတို့(စစ်တပ်)က သေနတ်တွေနဲ့ ပစ်၊ ရက်ရက်စက်စက် ဖြိုခွင်းကြတယ်။ ကျောင်းတိုက်တွေကို သူပုန်ဖမ်းဆီးသလို စီးပြီးတော့ ကျောင်းတိုက်တွေမှာ သွေးမြေကျရတယ်” ဟု ၎င်းက ပြောသည်။

“တချို့ဆရာတော်တွေ ထောင်ထဲမှာပဲ ပျံလွန်တော်မူကြတယ်။ တချို့လည်း ထောင်ကထွက်လာပြီးတော့ ထောင်က ဒဏ်ရာတွေနဲ့ပဲ ‌ပျံလွန်တော်မူကြတယ်။ ပြောချင်တာက ခေတ်အဆက်ဆက် သူတို့(စစ်တပ်)ဟာ သူတို့ကို တော်လှန်တဲ့ ရဟန်း၊ ရှင်၊ လူ မှန်သမျှ ကျောင်းသားပြည်သူကို ရန်သူသဖွယ်ထားကြတာပဲ” 

နှိပ်စက်ခံရသဖြင့် စိတ်ပိုင်းဆိုင်ရာဝေဒနာများကို ခံစားနေရသည့်၊ ရွှေဝါရောင်တော်လှန်ရေးတွင် ဦးဂမ္ဘီရဟု ထင်ရှားသည့် ဦးညီညီလွင်သည် ထောင်မှ လွတ်လာသည့် ၂၀၁၂ တွင် နေစရာကျောင်းမရှိတော့ကြောင်း ဆရာတော် မင်းသုညက မိန့်သည်။

“သူ့ကို့က ထောင်ထဲမှာလည်း ရာဘာစွပ်ထားတာတွေနဲ့ ရိုက်တာ။ အဲ့သလိုတွေ ရိုက်တဲ့အခါကျတော့ ဦးနှောက်ထဲမှာ Spot (အစက်အပျောက်) တွေ ဖြစ်တယ်။ အဲ့ဒါ ဒီမှာလည်း သူ့ကို ကုပေးရဲတဲ့သူလည်း မရှိ၊ ဖိအားတွေနဲ့ဆိုတော့ ခဲရာခဲဆစ်ထွက်သွားပြီးတော့ ချင်းမိုင် (ထိုင်းနိုင်ငံ ဇင်းမယ်မြို့) မှာ ဦးနှောက်အသေးစား ခွဲစိတ်ကုသမှုလုပ်ရတယ်” ဟု မိန့်သည်။ 

“(ခွဲစိတ်မှုမတိုင်ခင်ကဆိုရင်) ဒီဒဏ်ရာကြောင့် သူက ခေါင်း တအားကိုက်လာပြီဆိုရင် သူ့ခေါင်းကို တစ်ယောက်က ဖိထားရတယ်။ နှိပ်ပေးရတယ်။ မနှိပ်ထားရင် ဒီခေါင်းကြီးက ပေါက်ထွက်တော့မလိုလို၊ ထပြေးချင်သလိုလို အဲ့လိုမျိုးတွေဖြစ်တာ” 

၂၀၀၇ ရွှေဝါရောင်ဆရာတော်တစ်ပါးဖြစ်သူ အရှင်စန္ဒာသီရိ ခေါ်  ဦးဇင်းပုရစ်ကို CDM အာဏာဖီဆန်ရေးလှုပ်ရှားမှု ဦးဆောင်လှုပ်ရှားသူဟု စစ်ကောင်စီက ခေါင်းစဉ်တပ်ကာ မတ် ၁၃ တွင် အကြမ်းဖက်ဖမ်းဆီးပြီး ထောင် ၃ နှစ်ချခံရနိုင်သော ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားသည်။

 “စစ်အာဏာရှင် တိုင်းပြည်မှာရှိဖို့ မလိုအပ်ဘူး။ ရှိတာကိုလည်း မကြိုက်ဘူး။ ပြည်သူလူထုနဲ့အတူ စစ်အာဏာရှင်အမြတ်ပြတ်ရေးအတွက် တိုက်ပွဲဝင်သွားမယ်” ဟု အရှင်စန္ဒာသီရိက အဖမ်းမခံရမီ ရက်ပိုင်းအလိုက Myanmar Now ကို  မိန့်သည်။‌

ရွှေဝါရောင်တော်လှန်ရေးအချိန်၌ သံဃာတော်တချို့ကို ထုပ်တန်း၌ ဇောက်ထိုးဆွဲပြီး ပေါင်နှစ်ဖက်ရှိအသားစများ ပုတ်သည်အထိ ညှဉ်းပန်းနှိပ်စက်ကြောင်း ထိုအချိန်က ထောင်တွင်းရှိနေခဲ့သူများထံမှ သိရသည်။

ထိုသို့ ရဟန်း၊ သံဃာတော်များပါမချန် စစ်အာဏာရှင်ခေတ်အဆက်ဆက် ဖမ်းဆီးရိုက်နှက် ထောင်ချနေသော်လည်း ၎င်းတို့အလိုကျ အမျိုးသားရေးလှုပ်ရှားသူများဟု အမည်ခံထားကြသော ဘုန်းကြီးများကမူ ဗိုလ်ချုပ်ကြီးတို့၏ လှူဖွယ်ဝတ္ထုများကိုပင် စဉ်ဆက်မပြတ် လက်ခံရယူနေကြသည်။ 

အာဏာသိမ်းသည့်မနက် ဖမ်းဆီးမှု 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သက်ပြည့်ပင်စင်ယူရန် ၅ လအလိုတွင် မဲစာရင်းမှားယွင်းသည်ဟု အကြောင်းပြပြီး အာဏာသိမ်းလိုက်သည့် နာရီပိုင်းအတွင်းမှာပင် စစ်တပ်ကို ဝေဖန်တတ်ကြသော ဆရာတော်များကို ဖမ်းလိုက်သည်။  

ပုသိမ်ကြီးမြို့နယ်မှ သက်တော် ၄၀ ဝန်းကျင် ဆရာတော် အရှင်သောဘိတ (အလင်္ကာကြယ်)ကို ဖေဖော်ဝါရီ ၁ မနက်တွင် ဝင်းတံခါးရိုက်ဖျက်ပြီး ကျောင်းထဲ ဝင်ရောက်သွားသည့် စစ်သားနှင့် ရဲများက လက်ထိပ်ခတ်ဖမ်းဆီးကြသည်။

စစ်တပ်ကို အွန်လိုင်းလူမှုကွန်ရက်တွင် ဝေဖန်သည့် ဆရာတော်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ၂ နှစ်ကြာ စစ်ဆေးနေသောချိန်တွင် အဖမ်းခံရခြင်းဖြစ်သည်။ အဖမ်းခံရပြီး၂ ရက်အကြာတွင် ဆရာတော်ကို ထိုအမှုဖြင့် ထောင် ၂ နှစ် ချလိုက်သည်။ 

“ကျွန်တော်မလုပ်ရဲတာ ဘာမှမရှိဘူး” ဟု စစ်ခေါင်းဆောင်က ပြောဆိုပြီး လများမကြာမီ အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် သံဃာတော် ၂၃ ပါး အနည်းဆုံးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းနှင့် Myanmar Now က အတည်ပြုနိုင်သော စာရင်းများအရ သိရသည်။

ဇွန် ၃၀ တွင် စစ်ကောင်စီက အချုပ်သား ရာနှင့်ချီပြန်လွှတ်ရာ မန္တလေး၊ အိုးဘိုထောင်မှ အရှင်ရာဇိန္ဒ၊ အရှင်မဏိသာရနှင့် အရှင်ဇဝနတို့လည်း ပြန်လွတ်လာသည်။

သံဃာတော်များကို ဖမ်းဆီးနှိပ်စက်ခြင်း၊ ဆက်လက်ချုပ်နှောင်ထားခြင်းတို့နှင့် ပတ်သက်ပြီး မေးမြန်းလိုသော်လည်း စစ်ကောင်စီ ပြန်ကြားရေးအရာရှိတို့ကို တယ်လီဖုန်းဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

သာသနာသန့်ရှင်းရေး

စစ်အာဏာသိမ်းသည့်ညမှာပင် ဆရာတော်ကြီးများကို ဖမ်းဆီးခဲ့ခြင်းက စစ်ဗိုလ်ချုပ်ကြီးတို့၏ သဘောထားကို ပို၍ ပေါ်လွင်စေသည်ဟု ဆရာတော်မင်းသုညက မိန့်ကြားသည်။

“ပြောသလိုသာ အမျိုး၊ ဘာသာ၊ သာသနာကို တကယ်စောင့်ရှောက်တယ်ဟေ့ဆိုရင် ဒီလို ဆရာတော်ကြီးတွေကို ဘာအပြစ်မှမရှိဘဲနဲ့ ဖမ်းစရာအကြောင်း တစ်စက်မှမရှိပါဘူး”ဟု ဆရာတော်က မိန့်သည်။

ရွှေညဝါဆရာတော် အရှင်ပညာသီဟကလည်း  “တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ဂယက်ထအောင် လုပ်သူသည် အကြီးမားဆုံး သမိုင်းတရားခံဖြစ်မည်” ဟု အဖမ်းမခံရခင် တစ်ရက်အလို ဇန်နဝါရီ ၃၁ တွင် မိန့်ကြားခဲ့သေးသည်။

အရှင်ရာဇိန္ဒကလည်း စစ်ခေါင်းဆောင်များက ဘာသာရေးကို အကြောင်းပြပြီး နိုင်ငံရေးအမြတ်ထုတ်နေသည်ဟု ဆိုသည်။

“ပြောရတာတောင် အားနာပါတယ်ဗျာ။ ခွေးပါးစပ်က နတ်စကားထွက်တယ်ဆိုတဲ့ စကားလုံးဗျ၊ အဲ့လိုပဲဗျ။ သူတို့က တကယ်အသုံးချချင်တဲ့အခါရောက်တော့ အမျိုးဘာသာ သာသနာဆိုတဲ့ စကားလုံး။ သူတို့ မလိုတော့ဘူးဆိုတဲ့ အခါကျတော့ ဒီနေ့လမ်းပေါ်မှာ ရှိတဲ့ သံဃာတော်တွေကို ဖြိုခွဲတော့တာပဲ။ ပစ်ခတ်တော့တာပဲ။ သတ်ဖြတ်ပစ်တော့တာပဲ” ဟု အရှင်ရာဇိန္ဒက မိန့်သည်။

၂၀၁၄ တွင် စစ်တပ်၏ နည်းလမ်းပေါင်းစုံ ပံ့ပိုးကူညီမှုများဖြင့် ပေါ်ပေါက်လာသော အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ) အဖွဲ့အစည်းကြီးသည် ဘာသာ၊ လူမျိုး မတူသူများအပေါ် အမုန်းတရားပွားစေရန် အစွန်းရောက်ဟောပြောမှုများကြောင့် ဖွဲ့စည်းပြီးသုံးနှစ်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရက ဖျက်သိမ်းလိုက်သည်။ 

စစ်တပ်ထောက်ခံထားသော မဘသဆရာတော်များထဲမှ တချို့သည် အစွန်းရောက်ဟောပြောမှုများ၊ ကိုယ်ကျင့်သီလမကောင်းသတင်းများဖြင့် ကျော်စောာကြသည်။

မဘသကိုယ်တော် ဦးဝီရသူသည် လူမျိုး၊ ဘာသာရေး အစွန်းရောက်ဟောပြောမှုများကြောင့် ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းမျက်နှာဖုံးတွင် “အကြမ်းဖက်ဗုဒ္ဓဘာသာပြယုဂ်” အဖြစ် ဖော်ပြခံခဲ့ရပြီး ၂၀၁၇ နှစ်ဆန်းပိုင်းက လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ဥပဒေအကြံပေး ရှေ့နေ ဦးကိုနီသေဆုံးသည့်ဖြစ်စဉ်မှာပင် လူသတ်သမားများကို ကျေးဇူးတင်ကြောင်း ၎င်း၏ Facebook အကောင့်ဖြင့် ရေးတင်ခဲ့သူဖြစ်သည်။

အမျိုးသမီးတစ်ဦးကိုယ်ဝန်ရသော ကိစ္စနှင့်ပတ်သက်၍ လူမြင်ကွင်းမှ ယနေ့တိုင်ပျောက်ကွယ်သွားသော MRTV-4 ဆရာတော်ဟု လူသိများသည့် အရှင်ကဉ္စနောဘာသ (ဦးရွှေဝါထွန်း)သည် မဘသဩဝါဒစရိယဆရာတော်ဟု ထင်ရှားခဲ့သည်။ 

ထိုသို့ မဘသအဖွဲ့၏ လုပ်ရပ်များကြောင့် သာသနာ ညစ်နွမ်းပျက်စီးခဲ့ရသလို စစ်အာဏာရှင်စနစ်သာ ဆက်လက်တည်မြဲသွားပါက မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာကွယ်ပျောက်သွားနိုင်သည်ဟု စစ်အုပ်ချုပ်ရေးကို အလိုမရှိသော ရဟန်း၊ သံဃာတော်များက ဖွင့်ဟကြသည်။

“ဒီ စစ်အာဏာရှင်ကို ဦးဇင်းတို့ အပြီးကို တော်လှန်မှဖြစ်မယ်။ အပြီးမတော်လှန်ရင် သာသနာလည်းပျက်မယ်။ ဘာကြောင့်လဲဆိုတော့ ဓမ္မဘက်တော်သားတွေ လုပ်လို့မရတော့ဘူးဆိုရင် အဓမ္မဘုန်းကြီးတွေပဲ ရှိမှာလေ။…ဒါကြောင့်မို့လို့ စစ်အာဏာရှင်လက်ထက်မှာ ဦးဇင်း ဧကန်မုချပြောရဲတယ်၊ သာသနာဟာ ပျက်ဖို့ပဲဖြစ်တယ်”ဟု ဆရာတော် မင်းသုညက မိန့်ကြားလိုက်သည်။

ဖေဖော်ဝါရီ ၁ မှ ဇူလိုင် ၂ အထိ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သော သံဃာတော်များ

1. အရှင်အရိယာဘိဝံသ(မြဝတီမင်းကြီးဆရာတော်)

2. အရှင်ပညာသီဟ(ရွှေညဝါဆရာတော်)

3. အရှင်တေဇနိယ (မန်းတောင်ခြေ)

4. အရှင်သောဘိတ (အလင်္ကာကြယ်)(ထောင် ၂ နှစ်-၆၆/ဃ)

5. အရှင်ဣန္ဒက (မိုးကုတ်ရေပူဆရာတော်)(ထောင် ၃ နှစ်-၅၀၅-က)

6. ရေပူဆရာတော်၏ တပည့်

7. အရှင်စန္ဒာသီရိ(ခ)ဦးပုရစ် (သင်္ကန်းကျွန်း)

8. အရှင်ဇဋိလ (ယင်းမာပင်မြို့နယ်၊ ဘွမ်ဘွေးမြောက်ရွာ)

9. အရှင်ဣန္ဒာစာရ (တောင်သာမြို့နယ်၊ သဲတောရွာ)

10. အရှင်ပညာဝံသ (မြစ်ကြီးနားမြို့၊ ရှမ်းစုတောင်ရပ်၊ မန္တလေးကျောင်း)

11. ရေချိုကျောင်းဆရာတော်(တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်)

12. ဇီးတောကျောင်းဆရာတော်(တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်)

13. ဂုံညင်းဆိပ်ဆရာတော် (တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်)

14. အောင်ရတနာကျောင်းဆရာတော် (ပဲခူးမြို့)

15. အရှင်ရာဇိန္ဒ (မန္တလေး မစိုးရိမ်တိုက်သစ်-ကားနှင့်တိုက်ဖမ်းဆီးခံရသူ

16. အရှင်မဏိသာရ (မန္တလေး မိုးကောင်းတိုက်-သေနတ်ဖြင့်ပတ်ခတ်ဖမ်းခံရသူ)

17. အရှင်ဇဝန(မန္တလေး ဘုရားကြီးတိုက်၊ ကန်သာကျောင်း)

18. အရှင်ဇေယျဒိသ (မြတောင်သပိတ်စစ်ကြောင်း ဝန်းရံပေးရင်းအဖမ်းခံရသူ)

19. အရှင်သောမသီရိ (မြတောင်သပိတ်စစ်ကြောင်း ဝန်းရံရင်းအဖမ်းခံရသူ)

20. အရှင်ပညာသာမိ(မြစ်သားမြို့နယ်၊ မြင်းခြံကုန်းကျေးရွာ)

21. အရှင်တဇနိယ(မြစ်သားမြို့နယ်၊ မြင်းခြံကုန်းကျေးရွာ)

22. အရှင်ဝိသုတ(မြစ်သားမြို့နယ်၊ မြင်းခြံကုန်းကျေးရွာ)

23. ဦးပဉ္ဇင်းဝေယံမင်း(အောင်ဘုံကျောင်း၊ ခင်ဦးမြို့နယ်) myanmar now

ပြည်သူအချင်းချင်း ဖေးမကူနေတဲ့သူတွေ

အမျိုးသားက ဖျားပြီးချောင်းဆိုးနေတော့ လိုအပ်တဲ့ဆေးနဲ့ အိမ်က ကလေးငယ်တွေအတွက် စားသောက်စရာတချို့ကို ထွက်ဝယ်ဖို့ မသီသီ ပိုက်ဆံအိတ်ယူပြီး အပြင်ထွက်ဖို့ ခြေလှမ်းပြင်မိတယ်။

အိမ်ပြင်မရောက်ခင် ခေါင်းထဲအတွေးရောက်တာက သူကမဖျားနာပေမယ့် အမျိုးသားကို ကိုဗစ်လက္ခဏာလို့ ထင်မြင်မိတဲ့အတွက် ကိုယ်တိုင်ထွက်လို့အဆင်ပြေပါ့မလား၊ ဒါမှမဟုတ် အသိမိတ်ဆွေ တစ်ယောက်ယောက်ကို အကူအညီ တောင်းရမလားလို့ စဉ်းစားနေတုန်း အွန်လိုင်းပေါ်မှာဖျားနာနေတဲ့ လူနာတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူ ပေးမယ်ဆိုတဲ့ ပိုစ့်တစ်ခုကို တွေ့ထားတာကြောင့် မသီသီ ဖုန်းဆက်အကျိုးအကြောင်းပြောပြီး အကူအညီတောင်းလိုက် တယ်။

ဖုန်းဆက်ပြီး လေးနာရီအကျော်မှာတော့ သူ့အိမ်အတွက် လိုအပ်တဲ့ဆေးဝါးနဲ့ စားသောက်ကုန်တချို့ကို လက်အိတ်စွပ်၊ mask နှစ်ထပ်ဝတ် ၊ face shield ဆောင်းထားတဲ့ လူငယ်လေးတစ်ဦးက အိမ်ရှေ့အထိ လာပို့ပေးခဲ့တယ်။

ဝယ်ယူလာတဲ့ ပစ္စည်းတွေကို အိမ်တံခါးဝမှာ ချထားပြီး ပိုးသတ်ဆေးဖြန်း၊ ကျသင့်ငွေကိုပါ ဆေးဖြန်းပြီး သူပေးတဲ့ အပိုမုန့် ဖိုးကိုတောင်မယူဘဲ နောင်ရက်လိုအပ်တဲ့အခါ အချိန်မရွေးဖုန်းဆက်ဖို့ပြောခဲ့တဲ့အတွက်ကြောင့် မသီသီဝမ်းသာ ကြည်နူးမိတယ်။

“အိမ်မှာက ဖျားတဲ့သူရှိတော့ ကိုဗစ်ဆိုရင် ကိုယ့်ဆီကူးပြီး အပြင်ထွက်ရင်လည်း တခြားသူတွေဆီ ကူးစက်ချင်ကူးစက်မှာ လေ ဒီလို ကိုဗစ်လူနာတွေကို ကူညီပေးတဲ့ သူတွေရှိတာ ကျေးဇူးတင်စရာ ကောင်းတယ်” လို့ မသီသီကပြောပါတယ်။

စစ်အာဏာသိမ်းမှုကြားထဲမှာ ကိုဗစ်တတိယလှိုင်းကိုပါ ပြည်သူတွေ ခံစားနေကြရတာပါ။ COVID -19 ရောဂါ ကူးစက် ပြန့်ပွားနှုန်းကလည်း များလာပြီး ကူးစက်မှုတွေများလာတာ တစ်အိမ်သားလုံး ဖျားနာတာတွေ ဖြစ်လာတယ်။ ဖျားနာပေမယ့် အိမ်မှာပဲ ကုသနေတော့ စားရေးသောက်ရေးအတွက် အခက်အခဲတွေ့လာကြပါတယ်။

ဒီလိုအခက်တွေ့လာမှုတွေကြောင့် ပြည်သူတွေဟာ ပြည်သူချင်းကူညီမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ တတ်နိုင်သမျှကူညီ ဆောင်ရွက်ပေးလာကြပါတယ်။ ဒီထဲမှာ ဖျားနာနေတဲ့ မိသားစုတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ဈေးဝယ်ပေးဖို့ ကူညီ ပေးပါ့မယ်ဆိုတဲ့ လူငယ်တွေရဲ့ ပရဟိတ လုပ်ဆောင်ချက်တွေကိုလည်း ခပ်စိပ်စိပ်တွေ့လာရပြီး အမှန်တကယ် လိုအပ်နေ သူတွေအတွက် အဆင်ပြေတယ်လို့ ဆိုကြပါတယ်။

NLD အစိုးရလက်ထက် COVID -19 ရောဂါ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းဖြစ်တုန်းက အစိုးရက တာဝန်ယူကုသပေးပါတယ်။ အိမ်မှာ ကိုဗစ်လူနာ တစ်ယောက်ဖြစ်ပြီဆိုတာနဲ့ ဆက်စပ်ထိတွေ့သူအားလုံးကို စင်တာတွေမှာ ကွာရန်တင်းဝင်စေပြီး ကုသပေး၊ အဟာရပြည့်ဝတဲ့ အစားအသောက်တွေပါ နေ့စဉ်ကျွေးမွေးတဲ့အတွက် မိသားစုတွေမှာ စိတ်မပူပန်ခဲ့ရဘူး။

ဒါပေမဲ့ ခုကိုဗစ်တတိယလှိုင်းမှာတော့ ပိုးတွေ့လူနာကိုကုသပေးမဲ့ ဆေးရုံတွေ၊ ဆက်စပ်ထိတွေ့တဲ့သူတွေကို စောင့်ရှောက်ပေးမယ့်  ကွာရန်တင်း စင်တာတွေမရှိတော့ဘူး။ ဒီတော့ လူနာတွေဟာ အိမ်မှာပဲ ကိုယ့်ဘာကိုယ် ကုသနေကြရတာပါ။

ဒီလိုအခက်အခဲတွေကြားဒုက္ခများနေတဲ့ပြည်သူတွေအတွက် ပြည်သူအချင်းချင်းကူညီဖေးမမှုအဖြစ် ပရဟိတစိတ်ရှိတဲ့လူ ငယ်တွေက တဦးချင်းဖြစ်စေ ၊ အဖွဲ့လိုက်ဖြစ်စေ ကိုဗစ်ဖြစ်နေလို့ အပြင်မထွက်နိုင်တဲ့ မိသားစုတွေအတွက် လိုအပ်တဲ့ ဆေးဝါးတွေစားသောက်စရာတွေကို အခကြေးငွေ မယူဘဲ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးကြတာပါ။

မင်္ဂလာဒုံမြို့နယ်တွင်းက ဖျားနာနေတဲ့ လူနာတွေကို ကူညီဈေး ဝယ်ပေးနေတဲ့ အသက် ၂၂နှစ်အရွယ် မရွှန်းရွှန်းက ” ညီမ တို့က ငွေအားနဲ့အများကြီးလှူတာတွေ မလုပ်နိုင်ဘူး။ တစ်ဖက်ကနေ ဒါလေးများလုပ်ပေးရင် သူတို့အတွက် အဆင်ပြေနိုင် မလားဆိုတဲ့စိတ်နဲ့ ဈေးဝယ်ပေးတာလုပ်ဖြစ်တာ” လို့ ဆိုပါတယ်။

မရွှန်းရွှန်းတို့ မြို့နယ်မှာလည်း ကိုဗစ်ဝေဒနာခံစားရတဲ့ မိသားစုတွေ အများအပြားပါ။ ဖျားနာလို့ အပြင်မထွက်နိုင်တဲ့ မိသားစုတွေအတွက် ကာယဒါနအနေနဲ့ လိုအပ်တာတွေကို ဝယ်ယူပို့ဆောင်ပေးတာတွေကို ပြီးခဲ့တဲ့ ဇူလိုင်ဒုတိယပတ်က စကူညီပေးဖြစ်ခဲ့ပြီး မိသားစုနှစ်စုကို ကူညီပေးခဲ့တယ်လို့ဆိုပါတယ်။

ကိုဗစ်ကြောင့် ဖျားနာနေသူတွေ အပြင်မထွက်နိုင်သူတွေအတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ စားသောက်စရာတွေကို ဝယ်ယူ ပေးမယ်ဆိုပြီး သူက အွန်လိုင်းမှာ အမည်နဲ့ ဖုန်းနံပါတ်တင်ထားတဲ့အတွက် ဖျားနာနေလို့ အပြင်မထွက်နိုင်တဲ့ မိသားစုတွေက သူ့ဆီကိုဖုန်းဆက်ပြီး လိုအပ်တာတွေကို စာရင်းပေးပို့ပြီး မှာကြတယ်။ သူက ပစ္စည်းစာရင်းအတိုင်း ဝယ်ယူပြီး အိမ်အရောက်သွားပို့ ပေးပါတယ်။

မှာကြတဲ့သူတွေထဲ နွမ်းပါးတဲ့ မိသားစုတွေလည်းရှိတော့ သူတို့မှာတာအပြင် လိုအပ်မယ်ထင်တဲ့ အာဟာရ စားစရာတချို့ ကိုလည်း ကိုယ့်အိတ်စိုက်ပြီး ဝယ်လှူတာမျိုးတွေလည်းရှိတယ်လို့ မရွှန်းရွှန်းက ပြောပါတယ်။

မရွှန်းရွှန်းက တစ်ဦးတည်း လုပ်ဆောင်နေတဲ့အတွက် သူနေထိုင်တဲ့ မင်္ဂလာဒုံမြို့နယ်အတွင်းပဲ ကူညီဝယ်ပေးတာပဲ လုပ် နိုင်ပါသေးတယ်။ သူတစ်ယောက်တည်း သွားလာဝယ်ခြမ်းပေးရတာဖြစ်တဲ့အတွက် ပစ္စည်းများရင်တော့ သယ်ဆောင်ရတာ အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

ဒီလိုဝယ်ယူပြီးတဲ့ အခါမှာလည်း အချင်းချင်း ရောဂါပိုးကူးစက်ပြန့်ပွားမှုမရှိစေဖို့ Mask နှစ်ထပ်တပ်တာ၊ လက်သန့်ဆေးရေ အသုံးပြုတာ ၊ လက်ဆေးတာ ၊ဝယ်လာတဲ့ပစ္စည်းတွေကို ပိုးသတ်ဆေးဖျန်းတာ၊ ပိုက်ဆံတွေကိုလည်း ပိုးသတ်ဆေးဖျန်းပြီးမှ ကိုင်တွယ်တာတွေပြုလုပ်ရတယ်လို့ မရွှန်းရွှန်းက ပြောပါတယ်။

“ကိုယ်ကလည်း သွားလာနေတော့ သူတို့ကိုမကူးစက်အောင် ကိုယ့်ကိုလည်းမကူးစက်အောင်တော့ ကာကွယ်ရတာပေါ့။ ခြံရှေ့မှာပဲ ပစ္စည်းချိတ်၊ သူတို့ရှေ့မှာပဲ စပေရေးဖြန်း၊ လက်ဆေးလုပ်တယ် “လို့ မရွှန်းရွှန်းကပြောပါတယ်။

ဒီလို နာမကျန်းလူနာတွေကို တတ်နိုင်တဲ့နေရာက ကူညီပေးတာက ရန်ကုန်၊ မန္တလေးတို့သာမက နယ်မြို့တချို့တွေမှာ လည်း လုပ်ဆောင်လာကြပါတယ်။

မန္တလေးမြို့က ကိုဗစ်လူနာတွေလိုအပ်တာကို ကူညီဝယ်ယူပေးနေတဲ့ မခွာညိုရတနာက “ငွေရေးကြေးရေးမတတ်နိုင်တော့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကူညီချင်တဲ့ စေတနာနဲ့လုပ်ခဲ့တာ။ ဒီအချိန်မှာ အကုန်လုံးက ခက်ခဲနေတာဆိုတော့ ဝင်ကူညီဖြစ်တာ” လို့ ဆိုပါတယ်။

မန္တလေးမြို့မှာလည်း ကိုဗစ်လူနာတွေက တနေ့တခြား များလာတော့အပြင်မထွက်နိုင်တဲ့ မိသားစုတွေအတွက် လိုအပ်တဲ့ ဆေးဝါး၊ စားသောက်စရာတွေကို ကူညီဝယ်ယူပေးဖြစ်ခဲ့တာဖြစ်ပြီး မန္တလေးမှာ သူ့လို ကူညီနေတဲ့လူငယ်တွေ အများအပြားရှိတယ်လို့ ဆိုပါတယ်။

မခွာညိုရတနာက ကိုဗစ်ဖြစ်ပွားနေလို့ အပြင်မထွက်နိုင်တဲ့ မိသားစုတွေကို ကူညီပေးနေတာ တစ်ပတ်ခန့်ရှိပါပြီ။ ဒီအတော အတွင်း နာမကျန်းလူနာ ခုနှစ်အိမ်လောက်ကို လိုအပ်တာတွေကူညီဝယ်ယူပေးခဲ့တယ်လို့ ပြောပါတယ်။

နာမကျန်းသူတွေက အဓိကအနေနဲ့အကိုက်အခဲပျောက်ဆေးလို အိမ်သုံးဆေးဝါးတွေ၊ အောက်စီဂျင်တိုင်းကိရိယာ၊ သွေးချိုဆီးချို တိုင်းကိရိယာတွေမှာတာများပြီး၊ လူနာစားချင်တဲ့ စားသောက်စရာတွေနဲ့ အလှူရှင်တွေလှူဒါန်းပေးတဲ့ စားသောက်စရာတွေကို အခကြေးငွေမယူဘဲ ကူညီပို့ဆောင်ပေးတာ ဝယ်ယူပေးတာတွေ လုပ်ပေးတယ်လို့ မခွာညိုရတနာက ပြောပါတယ်။

“အများစုမှာတာက ဆေးဝါးဆိုတော့ လိုတဲ့ဆေးဝါးကို အချိန်ပေးပြီးရှာပေးတယ်။ နောက်စားစရာက အလှူရှင်တွေ ပေးတာကို သွားယူပြီးပို့ပေးတယ်။ လူမမာတွေ နေ့ချင်းစားချင်တဲ့ စားစရာတွေဝယ်ပြီးပို့တယ်”လို့ သူကပြောတယ်။

ဒီလိုကူညီရာမှာ တချို့က အမှန်တကယ် နာမကျန်းသူရှိလို့ ဆက်သွယ်အကူအညီတောင်းပေမယ့် တချို့က နာမကျန်းဖျားနာသူမရှိဘဲ တမင်သက်သက်လိုချင်တာတွေဝယ်ယူခိုင်းတာရှိတဲ့အတွက် နောက်ပိုင်းမှာ ဖုန်းဆက် အကူအညီတောင်းလာ သူတွေကို သေချာမေးမြန်းပြီးမှ ကူညီရတယ်လို့ သူကဆက်ပြောတယ်။

ဒါ့အပြင် အများစုက ငွေသားထက် K-PAY နဲ့ပဲ ပြန်ပေးတာများတော့ ပြန်ဝယ်တဲ့အချိန်ဆိုင်က K-PAY လက်ခံရင်အဆင် ပြေပေမဲ့ ဒီလိုမဟုတ်ဘဲ ငွေကြေးပဲလက်ခံတဲ့အခါ အပြင်မှာငွေပြန်လဲရတော့ ရာခိုင်နှုန်းအနည်းငယ်ကို စိုက်ရတာတွေရှိ တယ်လို့ဆိုပါတယ်။

” ဒီလိုတွေကူညီလို့ လုံးဝအခကြေးငွေမယူပါဘူး။ ဆီဖိုးကအစ ကိုယ့်အိတ်ထဲကစိုက်တယ်။ ကျနော်တို့ ကူညီပေးပြီးတဲ့အခါ လာပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောကြတယ်၊ ဒီပီတိပဲစားတယ်၊ ကျနော်ကိုယ်တိုင်ပေါ့စတစ်မဖြစ်မချင်း ကူညီပေးသွားမှာ” လို့ မခွာညိုရတနာ ကပြောပါတယ်။

ဒီလိုဈေးဝယ်ကူတာ ၊ဆေးဝယ်ပေးတာတွေအပြင် ပြည်သူတွေဟာ ခက်ခဲကြပ်တည်းနေပေမဲ့ ဖျားတာနေတဲ့ မိသားစုတွေ ဆီကို ကိုယ်တတ်နိုင်သလောက် စားစရာတွေ ချက်ပြုတ်ပို့ဆောင်ပေးနေတာတွေလည်းရှိပါတယ်။

နာမကျန်းသူတွေ အဟာရဖြစ်စေပြီး ခံတွင်းတွေ့စေမဲ့ ကြက်ပေါင်း၊ဆန်ပြုတ်၊ထမင်းဟင်းနဲ့ ကြာဇံပြုတ်၊ ခေါက်ဆွဲပြုတ် ၊ပဲကု လားဟင်းတို့လို စားဖွယ်သောက်ဖွယ်တွေကို ပြည်သူ အချင်းချင်းကူညီတဲ့အနေနဲ့ အိမ်နီးနားချင်းတွေက အိမ်ရှေ့ ချိတ်ဆွဲ ပေးခဲ့တာ ရပ်ဝေးရပ်နီးက စေတနာရှင်တွေက ပို့ဆောင်လှုဒါန်းတာတွေလည်း ရှိပါတယ်။

ဖျားနာပြီးနေမကောင်းလို့ ဘာမှမလုပ်နိုင်တဲ့သူတွေအတွက်တော့ ဒီလိုလှုဒါန်းမှုက ခန္ဓာအတွက်အဟာရ ဖြစ်စေသလို စိတ်အဟာရလည်း ဖြစ်စေပါတယ်။

” ဟိုရက်က တောင်ဒဂုံဂရုမှာ လင်မယားနှစ်ယောက်လုံးဖျားနာလို့ စားစရာဝယ်ပေးဖို့ အကူအညီတောင်းတဲ့ပိုစ့်တွေ့တော့ ဖျားနာပြီးဘာမှမလုပ်နိုင်တဲ့ လူနာတွေကို အစားအသောက်ကူညီပေးဖို့ စဉ်းစားမိပြီး စီစဉ်ဖြစ်တယ် ” လို့ တောင်ဒဂုံမြို့နယ် နေ မခြူးရတနာထွန်းကပြောပါတယ်။

တောင်ဒဂုံမြို့နယ်အတွင်းက ဖျားနာလူနာ၊ကိုဗစ်လူနာတွေ အပြင်ထွက်ဈေးဝယ်ဖို့ အဆင်မပြေတဲ့ မိသားစုတွေအတွက် အဟာရဖြစ်စေမဲ့ အစားအစာတွေကို သူငယ်ချင်းတွေနဲ့စုပေါင်းပြီးဇူလိုင် ၁၇ ရက်မှာ စတင်ပို့ဆောင်လှုဒါန်းခဲ့တယ်လို့ မခြူးရတနာထွန်းကပြောပါတယ်။

” အဟာရလှုတာကို ညီမတို့ ဒီနေ့ (ဇူလိုင် ၁၇) စလုပ်ခဲ့တယ်။ လူမမာတွေ စားရလွယ်တဲ့ ကြာဇံပြုတ်ကို ဘာသာ ခြားတွေပါ စားလို့ရအောင် စီစဉ်ပေးမယ်။ ချဉ်စပ်စားချင်သူတွေလည်း ချဉ်စပ်လေးထည့်ပေးမယ်၊” လို့ မခြူးရတနာ ထွန်းကပြောပါတယ်။

သူတို့ နေထိုင်ရာမြို့နယ်လူမှုကူညီရေးအသင်းက အကူအညီပေးနေတဲ့ ကိုဗစ်လူနာတွေနဲ့ အဟာရလိုအပ်လို့ သူတို့ကို ဆက်သွယ်ထားတဲ့ မိသားစု ငါးဆယ်စာအတွက် အခမဲ့ပို့ဆောင်ပေးခဲ့တယ်လို့ သူကပြောတယ်။

နာမကျန်းလူနာတွေအတွက် နေ့စဉ်အဟာရ ပေးပို့ချင်ပေမဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တစ်ပိုင်တစ်နိုင်လုပ်ရတာဖြစ်တဲ့ အတွက် တစ်ပတ်တစ်ကြိမ် (သို့မဟုတ်) နှစ်ပတ်တစ်ကြိမ်ရအောင် လှုဒါန်းပေးပို့မယ်လို့ မခြူးရတနာက ပြောပါတယ်။

တောင်ဒဂုံမြို့နယ်အတွင်းက ကိုဗစ်လူနာတွေ အပြင်မထွက်နိုင်တာတွေအတွက်ဈေးဝယ်တာတွေလည်း လုပ်ဆောင်ပေး မှာဖြစ်ပြီး ဆေးဝါးကတော့ တချို့ဆေးတွေက ဆရာဝန်ညွှန်ကြားမှ သောက်သုံးတာ အကောင်းဆုံးလို့ ယူဆထားတဲ့ အတွက်ဆေးဝါးဝယ်ပေးဖို့တော့ စဉ်းစားနေတုန်းပဲလို့ ဆိုပါတယ်။

လက်ရှိမှာတော့ COVID-19 တတိယလှိုင်းဒဏ်အလူးအလဲခံနေရတဲ့ မြန်မာနိုင်ငံမှာကိုဗစ်ဖြစ်ပွားတဲ့ ဦးရေတိုးပွားနေသလို သေဆုံးသူတွေလည်း တဖြည်းဖြည်းများလာပါတယ်။ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာလည်း ကိုဗစ် ကာကွယ် ကုသရေးအတွက် ထိထိရောက်ရောက် မလုပ်ပေးနိုင်သလို ပြည်သူတွေလိုအပ်တဲ့ အောက်ဆီဂျင်လိုမျိုး ကိုတောင် တားမြစ်ပိတ်ပင်တာတွေ ပြုလုပ်နေတာပါ။ ဒီတော့ ပြည်သူအချင်းချင်းကပဲ ဝိုင်းဝန်းကူညီတဲ့နည်းနဲ့ လုပ်ဆောင် နေရ တယ်။

လူနာတွေကို အကူညီပေးသူတွေကတော့ ဒီလိုအခြေအနေကနေ အမြန်ဆုံးကျော်လွှားစေချင်ပြီး ကောင်းမွန်တဲ့ ကုသ စောင့်ရှောက်မှုတွေ ရရှိဖို့မျှော်လင့်နေကြပါတယ်။ အဲ့ဒီလို ကောင်းမွန်တဲ့ အနေအထား မရောက်မချင်းလည်း ပြည်သူတွေ အတွက် လိုအပ်နေတဲ့နေရာတွေကို ကူညီတာတွေ ဆက်လက်လုပ်ဆောင်နေမှာဖြစ်တယ်လို့ ယင်းတို့က ဆိုပါတယ်။

မရွှန်းရွှန်းကတော့ ” ပြည်သူတွေအဆင်ပြေတဲ့ အနေအထားမရောက်မချင်း ဆက်လုပ်ပေးမယ်။ ” လို့ ဆိုပါတယ်။ ဒေဝီ

ရန်ကုန်မြို့၏ ရှင်ရေး၊ သေရေး ဒုက္ခများ

မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်မှ ၅၇ နှစ်အရွယ် ဦးကိုကိုနိုင် (အမည်လွှဲ) သည် ကိုဗစ်နိုင်တင်းကပ်ရောဂါ လက္ခဏာများခံစားနေရလျက် စမ်းသပ်ခွင့်၊ ဆေးကုသခွင့် မရရှိခဲ့သည့် အရေအတွက်ပင် မခန့်မှန်းနိုင်သော ရန်ကုန်မြို့နေ ပြည်သူများအနက် တစ်ဦးဖြစ်သည်။

အဖျားဒဏ်ကြောင့် အစားမဝင်၊ ဆီးချုပ်နေသည့် ဦးကိုကိုနိုင်တွင် အခြားသော ကိုဗစ်လက္ခဏာများလည်း ရှိနေပြီး စက်ဖြင့် ကိုယ်တွင်းအောက်စီဂျင်ပမာဏတိုင်းထွာကြည့်ရာ၌ ၃၅ သာ ပြသဖြင့် မိသားစုမှာ ခေါင်းနပန်းကြီးသွားသည်။

“ဆေးခန်းတွေ ကျွန်မတို့လိုက်ရှာတယ်၊ ဆေးရုံတွေလည်း ဆီးလေးပဲချူပေးပါ၊ ဘာမှမလုပ်ပေးပါနဲ့ပြောလည်း ဆီးမချူပေးဘူး၊ အောက်စီဂျင် ၃၅ မို့လို့တဲ့။ အဲဒါနဲ့ပဲ (နောက်တစ်ရက်) ဇူလိုင် ၁၉ ရက်နေ့က ဆုံးသွားတယ်” ဟု သမီးဖြစ်သူကပြောသည်။

မကွယ်လွန်မီတစ်ရက်က မြောက်ဥက္ကလာပဆေးရုံ၊ မင်္ဂလာဒုံစစ်ဆေးရုံနှင့် ရပ်ကွက်အတွင်းရှိ ဆေးခန်းတစ်ခုတို့ကို ချဉ်းကပ်ခဲ့သော်လည်း အချည်းနှီးဖြစ်ခဲ့ရသလို အောက်စီဂျင်လည်း ရှာမရခဲ့ဟု အထက်ပါမိသားစုဝင်က ဆက်ပြောသည်။

သောကကိုပင် မဖြေသိမ့်နိုင်သေးမီ ရုပ်အလောင်းမြေချရမည့်အရေး မိသားစုဝင်များ ခေါင်းမီးတောက်ရပြန်သည်။

သင်္ဂြိုဟ်ရန်အတွက် လိုအပ်သည့် သေဆုံးကြောင်းလက်မှတ်ရရှိရန် မိသားစုက နေရာသုံးခုသို့ သွားရောက်ရပြီး အချိန် ၆နာရီခန့် ပေးခဲ့ရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်အတွက် ကျပ်  ၅၀၀၀၊ ဒေသန္တရကျန်းမာရေးဌာနတွင် ဝန်ဆောင်ခ ၁၀၀၀၊ ဆရာဝန်၏ လက်မှတ်ရရန် ၄၅၀၀ ပေးခဲ့ရသေးသည်ဟု ဦးကိုကိုနိုင်၏ မိသားစုက ပြောသည်။

ရုပ်အလောင်းတင်သည့် ကုန်ကားငယ်

သင်္ဂြိုဟ်ခွင့်ရရေး အထောက်အထားများ ခက်ခက်ခဲခဲရပြီးချိန်တွင်လည်း မိသားစုက ရတက်မအေးဖြစ်ရပြန်သေးသည်။ 

“လူနာတင်ကားပေါ့။ ဘယ်မှာမှ ဆက်သွယ်လို့မရဘူး။ အဲဒါလေး ပြဿနာတစ်ခုပေါ့။ ကားတွေက မအားကြဘူး။ သူတို့ဆီမှာလည်း (ဝန်ဆောင်မှုပေးရမယ့် နာရေး) လေးငါးဆယ်ရှိတယ်၊ လာဖြစ်တဲ့ အချိန်မှ ဖုန်းဆက်မယ်လို့ အဲဒီလိုပြောပြောသွားကြတယ်” ဟု သမီးဖြစ်သူက ပြောသည်။

ဦးကိုကိုနိုင်၏ နေအိမ်ရှိရာ ရွှေပေါက္ကံမြို့သစ်နှင့် ရေဝေးသုဿန်မှာ မော်တော်ယာဉ်ဖြင့် သွားလျှင် လွန်လှ ၁၅ မိနစ်ခရီးသာ ရှိသော်လည်း ယခုမူ ခက်ခဲလွန်းနေသည်။

ထို့ကြောင့် ရုပ်အလောင်းကို နေအိမ်တွင်သာ ထားခဲ့ရသည်။ နောက်တစ်ရက် ဇူလိုင် ၂၀ တွင် မိတ်ဆွေတစ်ဦး၏ အချိတ်အဆက်ဖြင့် ရုပ်အလောင်းတင် မော်တော်ယာဉ်အခက်အခဲမှာ ပြေလည်သွားသည်။

သို့သော်  ရောက်လာသည့် ကားမှာ ရန်ကုန်မြို့အတွင်း ရုပ်အလောင်းသယ်ယူရာတွင် အသုံးပြုလေ့ရှိသည့် နောက်ခန်းအလုံပိတ်‌မျိုးမဟုတ်ဘဲ light truck ခေါ် ကုန်တင်ယာဉ်အငယ်စား ဖြစ်နေသည်။

ကိုဗစ်နိုင်တင်းကပ်ရောဂါ တတိယလှိုင်းတွင် သေဆုံးနှုန်းလွန်စွာမြင့်နေပြီး သုဿန်သို့ ပို့ရမည့် ရုပ်အလောင်းအများအပြား နေအိမ်၌ပင် ရှိနေရသည့်အခြေအနေတွင် တတ်နိုင်သမျှ ပါဝင်ကူညီဖြေရှင်းပေးရန် ဇူလိုင် ၁၉ရက်ကမှ ဆုံးဖြတ်ခဲ့သည့် စိုင်းအောင်နိုင်ဆိုသူမှာ အဆိုပါ light truck ကား၏ ပိုင်ရှင်ဖြစ်သည်။

“လူတစ်ယောက် သူသေသွားတဲ့ခရီးကို ရှောရှောရှူရှူရောက်အောင်လို့ နောက်ဆုံး သူ့ရဲ့နာရေးကို ပို့လို့အဆင်ပြေအောင် ကူညီတဲ့သဘောထားပါပဲ” ဟု စိုင်းအောင်နိုင်က ပြောသည်။

လူဦးရေ သန်းနှင့်ချီရှိသော ရန်ကုန်တွင် နေ့စဉ် ရုပ်အလောင်းတစ်ထောင်ကျော်အထိ မီးသင်္ဂြိုဟ်နေရသည့် သတင်းများ၊ နာရေးကူညီမှုမော်တော်ယာဉ်တစ်စီးလျှင် ရုပ်အလောင်း လေး၊ ငါးလောင်းအထိ တင်ဆောင်နေရသည့် မြင်ကွင်းများ၊ တက္ကစီကဲ့သို့ အငှားယာဉ်ဖြင့်ပင် ရုပ်အလောင်းပို့ဆောင်နေရသည့် မြင်ကွင်းများကို တွေ့ပြီးချိန်တွင် ၎င်းပိုင် မော်တော်ယာဉ်ဖြင့် တတ်နိုင်သမျှ ကူညီဖြေရှင်းပေးရန် စိုင်းအောင်နိုင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“နာရေးကူညီမှုကားက မလာဘူး။ မလာဘူးဆိုတာက အပြစ်ပြောလို့မရဘူး။ သေဆုံးတဲ့ပမာဏနဲ့ အရေအတွက် မမျှတော့ ကားကမလောက်ဘူး။ တချို့ရုပ်အလောင်းတွေက နှစ်ရက်သုံးရက်ဖြစ်နေပြီ၊ နာရေးကားလည်း ခေါ်မရပြုမရဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။

သူ၏ လုပ်ငန်းသုံးယာဉ်ငယ်ဖြင့် ဇူလိုင် ၁၉၊ ၂၀ နှစ်ရက်ဆက်တိုက် ရုပ်အလောင်းငါးလောင်းကို သုဿန်ပို့ပေးနိုင်ခဲ့ပြီး အားလုံးမှာ ကိုဗစ်သံသယလက္ခဏာများဖြင့် ကွယ်လွန်ကြသည့် နွမ်းပါးသူများဖြစ်ကြသဖြင့် စိုင်းအောင်နိုင်က လွန်စွာပီတိဖြစ်နေသည်။

ရုပ်အလောင်းတန်းစီသည့် နေရာပြောင်း

အာဏာသိမ်းထားသည့် စစ်ကောင်စီကမူ စိုင်းအောင်နိုင်ကဲ့သို့ ပရဟိတစိတ်ရှိသူ ပြည်သူတစ်ဦး၏ ရပ်တည်မှုနှင့် ဆန့်ကျင်ဘက်သို့သွား၍ ကြည့်မကောင်းရှုမကောင်း ပြဿနာများကို ဖြေရှင်းပြသည်။

ဇူလိုင် ၁၉ ရက် ညနေပိုင်း မြဝတီရုပ်သံတွင် ရန်ကုန်တိုင်းစစ်ကောင်စီဥက္ကဌ ဦးလှစိုးနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးညွန့်ဝင်းဆွေတို့ ရေဝေးသုဿန်တို့ သွားရောက် ကြည့်ရှုစစ်ဆေးသည့်သတင်းကို ထုတ်လွှင့်ခဲ့သည်။  အလောင်းများတန်းစီ၍ အုတ်အော်သောင်းနင်းဖြစ်နေသည့် အခြေအနေမရှိဟု ပြောသည်။

ရန်ကုန် သုဿန် ၇ ခု တွင် ပုံမှန်အားဖြင့် တစ်ရာကျော်သာ နေ့စဉ် မီးသင်္ဂြိုဟ်ပေးနေရရာမှ ဇူလိုင်လအတွင်း နေ့စဉ် တစ်ထောင်ကျော်ဖြစ်လာသည်ဟု ရန်ကုန်မြို့တော်စည်ပင်တာဝန်ရှိသူက စစ်တပ်ပိုင် မြဝတီရုပ်သံနှင့် အင်တာဗျူးတွင်  ပြောသည်။

သို့သော် ဇူလိုင် ၁၈ စာရင်းအရ မီးသင်္ဂြိုဟ်ခဲ့သည့် ရုပ်အလောင်း ၁၂၃၄ လောင်းအနက် ၁၆၉ ဦးသာ ကိုဗစ်နိုင်တင်းရောဂါဖြင့် ကွယ်လွန်သူဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ရုပ်သံသတင်းရိုက်ကူးနေချိန်တွင် မီးသင်္ဂြိုဟ်စက်ထားရှိရာ အခန်းတွင်း၌ အလောင်းများစုပြုံနေသလို နာရေးကား အစီး ၈၀ ခန့်ပေါ်ရှိ ရုပ်အလောင်းများကို အောက်သို့မချခိုင်းဘဲ ရပ်တန့်စောင့်ဆိုင်းစေခဲ့ကြောင်း လူမှုရေးအသင်းများကပြောသည်။ ကားတစ်စီးလျှင် ရုပ်အလောင်း သုံးလေးလောင်းအထိ တင်ဆောင်ထားသည်ဟုလည်း သိရသည်။

“အခန်းကြီးထဲမှာ မီးသင်္ဂြိုဟ်စက်က တစ်ဝက်၊ လူတွေ (အလောင်း) ပုံတာက တစ်ဝက်၊ ခြောက်ပေတံခါးနှစ်ချပ် ပိတ်လိုက်ရင် ဘယ်သူမှ မမြင်ရတော့ဘူး။ အလောင်းတွေကို အဲဒီအထဲမှာ ထပ်ပြီးစုထားတယ်ဗျာ။ ကားတွေအပြင်မှာ တန်းစီပြီးရပ်ခိုင်းတယ်ဗျာ၊ ကော်ရစ်ဒါမှာ တစ်လောင်းမှ မရှိတော့ဘူးပေါ့” ဟု နာကူအသင်းတစ်ခုမှ ဥက္ကဌတာဝန်ရှိသူက ပြောသည်။

ယခုအခါ သုဿန်များတွင် စီမံခန့်ခွဲမှုပြောင်းလိုက်ပြီး မီးသင်္ဂြိုဟ်စက်အနီး စင်္ကြန်တစ်လျှောက် အလောင်းများစုပြုံနေခြင်းမရှိတော့ဘဲ တန်းစီစောင့်ဆိုင်းနေသော နာရေးကားများပေါ်တွင်သာ ထားခိုင်းပြီး အလှည့်ကျသင်္ဂြိုဟ်ရသည်ဟု ၎င်းက ပြောသည်။

“ကားမှာတော့ အခက်အခဲဖြစ်တာပေါ့၊ သုံးကြောင်းသွားရမယ့်နေရာမှာ တစ်ကြောင်းတည်းနဲ့ အချိန်တွေကုန်တာပေါ့” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

ပြည်သူဒုက္ခရောက်နေချိန်တွင် တတ်နိုင်သမျှကူညီနေရသည့် အခြေအနေများ မပျက်ယွင်းလို၍ ယခုကိစ္စကိုမူ အသင်းနှင့် လူနာမည် ထုတ်ဖော်၍ ပရဟိတသမားများက ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုလိုခြင်းမရှိကြပေ။

စစ်ကောင်စီက မြေပြင်အခြေအနေမှန်ကို ထိုသို့ ဖုံးကွယ်ရုံမျှမက ကိုဗစ်နိုင်တင်းကပ်ရောဂါဖြင့် ကွယ်လွန်သူအရေအတွက်ကိုလည်း ထိမ်ချန်ပြောဆိုပြန်သည်။ 

သုဿန်များ၌ ဇူလိုင် ၁ ရက်တွင် အလောင်း ၁၅၃ ဦးသာရှိရာမှ ၁၁ ရက်တွင် ၅၆၂ ဦးနှင့် ၁၉ ရက်တွင် ၁၂၀၀ ကျော်အထိ ရှိခဲ့ကြောင်း စစ်ကောင်စီက ဝန်ခံသည်။

ရန်ကုန်မြို့တော်စည်ပင်တာဝန်ရှိသူတစ်ဦးနှင့် အင်တာဗျူးထုတ်လွှင့်ရာတွင်မူ ဇူလိုင် ၁၉ ရက်ရက်နေ့က ရန်ကုန်ရှိ သုဿန် ၇ ခုတွင် မီးသင်္ဂြိုဟ်ခဲ့သည့် ရုပ်အလောင်း ၁၂၃၄ လောင်းရှိကြောင်း၊ ၁၆၉ လောင်းမှာ ကိုဗစ်နိုင်တင်းရောဂါဖြင့် သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။

သို့သော် အဆိုပါ ထုတ်လွှင့်ချက်များမှာ ပကတိအခြေအနေနှင့် ကင်းကွာလွန်းသည်ဟု လူမှုကူညီရေးအသင်းများက ဆိုသည်။

“မြဝတီကို ကျွန်တော်တို့လည်း ဖြေပိုင်ခွင့်မရှိဘူးလေ။ ကျွန်တော်တို့ကို လာမေးရင် အမှန်အတိုင်းပြောလိုက်မှာ။ မြေပြင်မှာ ကိုဗစ်ဖြစ်မဖြစ်က ကျန်းမာရေးက စစ်မှ မစစ်နိုင်ဘဲ။ ဘယ်လိုလုပ် အလောင်းက အရေအတွက်အတိအကျထွက်မလဲ။ ဒီအလောင်းတွေက အောက်စီဂျင်ကျတယ်၊ အသက်ရှူကျပ်ပြီး ဆုံးတာလေ” ဟု ပရဟိတအဖွဲ့တစ်ခုမှ အမည်မဖော်လိုသူ လုပ်အားပေးတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ သင်္ချိုင်းလက်မှတ်ယူပြီး ပို့ခွင့်မရှိဘူးဗျ၊ ဒါဥပဒေအရ အမှန်ပဲ။ ကျွန်တော်တို့က သုဿန်ကို တိုက်ရိုက်ပို့ခွင့်မရှိဘူး။ ကျွန်တော်တို့က ဆေးရုံရင်ခွဲခန်းကို ပို့ရမှာ၊ အဲ့မှာ ကိုဗစ် test စစ်ရမှာ။ ပြီးတော့မှ ဒီအလောင်းက ကိုဗစ်ဆိုရင် ကျွန်တော်တို့အသင်းအဖွဲ့တွေ ကိုင်ခွင့်မရှိတော့ဘူး။ အကုန်လုံး စည်ပင်နဲ့လုပ်ရမှာ။ ဒါပေမယ့် အဲလိုကိုလုပ်ဖို့ ဆေးရုံမှာ အခြေအနေမပေးဘူးလေ” ဟု ၎င်းက ပြောသည်။

ပထမနှင့် ဒုတိယလှိုင်းကြုံချိန် အရပ်သားအစိုးရလက်ထက်၌ ကာကွယ်၊ ကုသ၊ ကူညီရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နာမည်ကျော်သူတစ်ဦးဖြစ်သည့် ဒေါက်တာဝင်းမြတ်အေးကမူ စစ်ကောင်စီ၏ ကိန်းဂဏန်းဆိုင်ရာ လိမ်လည်မှုများသည် ကပ်ရောဂါဖြင့်ကြုံနေရသည့် ပြည်သူများ၏ အသက်ဘေးအတွက် အလွန်စိုးရိမ်ရသည်ဟု Myanmar Now နှင့် ဇူလိုင် ၁၆တွင်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် မှတ်ချက်ပြုထားသည်။

“စစ်ကောင်စီက ထုတ်ပြန်တဲ့ စာရင်းဇယားတွေဟာ တော်တော့်ကို ကွာဟနေတယ်။ ဆေးရုံမှာ သေတာနဲ့ အပြင်(နေအိမ်)မှာ သေတာ၊ ရာနှုန်းတွေကလည်း အများကြီးကွာတယ်။ တွက်ချက်တဲ့နေရာမှာလည်း အများကြီးကွာတယ်။ သေနှုန်းတွေကို တွက်တဲ့အခါ တော်တော့်ကို ကွဲလွဲမှုရှိတယ်လို့ ပြောချင်ပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အဖွဲ့ဝင် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ဝန်ကြီးတာဝန်ယူထားသည့် ၎င်းက ပြောသည်။

ဆရာဝန်အများအပြားကလည်း စစ်ကောင်စီ၏ ကိုင်တွယ်ပုံမှာ ရန်ကုန်မြို့၏ လက်ရှိအခြေအနေကို ပိုမိုဆိုးရွားစေနိုင်ပြီး ကိုဗစ်ကပ်ရောဂါကူးစက်မှုနှင့် သေဆုံးနှုန်းကို ပို၍ပင်တိုးစေနိုင်သည်ဟု သတိပေးထားသည်။

လက်ရှိအခြေအနေများကို ကြည့်လျှင် စစ်ကောင်စီသည် ကိုဗစ်ကာကွယ်ရေး၊ ကုသရေးတို့၌ စီမံခန့်ခွဲမှုများညံ့ဖျင်းသလို စနစ်တကျ မစီမံ၊ မကြပ်မတ်နိုင်ပါက ရောဂါကူးစက်နှုန်းကို ပိုများစေနိုင်သည့် နာရေးကိစ္စကိုပါ လစ်လျူရှုထားသည့် ပုံပေါက်နေသည်ဟု CDM ဆရာဝန်တစ်ဦးက မှတ်ချက်ပြုသည်။myanmar now

ကိုဗစ်တတိယလှိုင်းထဲက အောက်စီဂျင်တိုက်ပွဲ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြတောင်းဆိုမှုများ အဓိကစတင်ရာ ရန်ကုန်မြို့၏ မိုးရာသီနံနက်ခင်းသည် အောက်စီဂျင်ရှာဖွေရန် သွားလာနေသည့် မော်တော်ယာဉ်များ၊ ဆေးရုံကားသံများဖြင့် ရှုပ်ထွေးနေသည်။

မကြာသေးခင်လပိုင်းထိ ရန်ကုန်မြို့၏ လမ်းမများပေါ်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲကြွေးကြော်သံများ၊ ဆန္ဒပြဆိုင်းဘုတ်များ ကိုင်ဆောင်ထားသည့် လူငယ်များက နေရာယူထားသည်။ 

ယခုအခါတွင်တော့ ထိုလူငယ်တို့သည် ၎င်းတို့၏ မိသားစုဝင်များ ကိုဗစ်နိုင်တင်းရောဂါကို တွန်းလှန်ရာတွင် လိုအပ်သည့် အောက်စီဂျင်ဆလင်ဒါဘူးများ သယ်ဆောင်ကာ အောက်စီဂျင်ဖြည့်ပေးသည့် နေရာများသို့ ရှာဖွေသွားလာနေကြရသည်။

လူမှုကွန်ရက်စာမျက်နှာများတွင်လည်း နိုင်ငံရေးနှင့် ပတ်သက်သည့် ရေးသားမျှဝေမှုများထက် အောက်စီဂျင်အရေးပေါ်လိုအပ်နေသည့် အကူအညီတောင်းခံစာများကို အများဆုံးမြင်တွေ့ရမည် ဖြစ်သည်။ 

အွန်လိုင်းတွင် အကူအညီတောင်းပြီး နာရီပိုင်းအကြာတွင်ပင် အောက်စီဂျင်အကူအညီ မလိုအပ်တော့ကြောင်း၊ အသည်းအသန်လူနာ ကွယ်လွန်သွားပြီဖြစ်ကြောင်း ထပ်မံဖြည့်စွက်ရေးသားထားသည်ကို တွေ့မြင်ရတတ်သည်။

အာဏာသိမ်းမှုကြောင့် ဆန္ဒပြခဲ့သောပြည်သူလူထုကို စစ်ကောင်စီက ရက်စက်စွာ ဖမ်းဆီး၊ သတ်ဖြတ်နေချိန်တွင် မေလဆန်းမှ စတင်ကာ မြန်မာနိုင်ငံအတွင်း ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်နိုင်တင်း (Covid-19) တတိယလှိုင်း ဖြစ်ပေါ်လာသည်။ 

စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ကိုဗစ်ဖြစ်ပွားမှု တစ်ဟုန်ထိုး တိုးမြှင့်လာသည့်အခါ စစ်ကောင်စီသည် ကလေးဒေသခံများကို ဆေးကုသရေးထက် ၎င်းတို့ကြောင့် သေဆုံးသွားသူများကိုပါ ကိုဗစ်တံဆိပ်ကပ်နေသည်။

ထို့နောက် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် ကူးစက်မြန်ပြင်းထန်သည့် ဗီဇပြောင်းဗိုင်းရပ်စ်ထိနေသူများသည် အသက်ရှူရန် ခက်ခဲလာပြီး အောက်စီဂျင်လိုအပ်ချက် မြင့်မားလာသည်။ 

လူနာများ အသက်ဆက်နိုင်ရန် အောက်စီဂျင်ထောက်ပံ့မှု အရေးပေါ်လိုအပ်နေချိန် စစ်ကောင်စီက ဆေးရုံများတွင်သာ ကုသရန် ဖိအားပေးသည့်အနေဖြင့် အောက်စီဂျင်ရရှိနိုင်သည့် ပုဂ္ဂလိကနေရာများကို ထိန်းချုပ်လာရာ လူထု၏ လိုအပ်ချက် ပိုမိုခက်ခဲလာသည်။  

အောက်စီဂျင်ဖြန့်ဝေမှုကို ထိန်းချုပ်၊ ကန့်သတ်မှုကြောင့် ဇူလိုင်အတွင်း လူအများအပြားသေဆုံးနေရာ ရန်ကုန်မြို့ မီးသင်္ဂြိုဟ်စက်များရှေ့တွင် ရုပ်အလောင်းများ မကြုံစဖူး ပြည့်လျှံသွားသည်။ မလိုအပ်ဘဲ သေဆုံးသွားသူများလာခြင်းမှာ ပြည်သူလူထု၏ မုန်းတီးမှုကို ထပ်မံ နှိုးဆွပေးသကဲ့သို့ ဖြစ်နေသည်။

ရန်ကုန်မြို့တွင် ကိုဗစ်နိုင်တင်း (Covid-19) သံသယဖြင့် တစ်နေ့အတွင်း ရာဂဏန်းအထိ သေဆုံးမှုနှုန်း လွန်စွာမြင့်တက်နေရာ နေအိမ်အတွင်း လူမသိ၊ သူမသိ သေဆုံးမှုများပါ ကြောက်လန့်ဖွယ်ရာ ဖြစ်ပွားနေ​သည်။

ကန့်သတ်ခံနေရသည့် အသက်ဆက်ခွင့်

အောက်စီဂျင်ပြတ်လပ်ပြီး မိခင်သေဆုံးခဲ့ရခြင်းမှာ စစ်ကောင်စီ၏ ပယောဂမကင်းကြောင်း ရန်ကုန်မြို့တွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် မခြူးငယ်က နာကျည်းချက်ဖြင့် ပြောသည်။

ဇူလိုင် ၁၂ က ကိုဗစ်ကူးစက်ခံနေရသည့် မိခင် အသက်ရှုရန် ခက်ခဲနေသဖြင့် အောက်စီဂျင်ဘူးရရှိရေး တစ်နေကုန် ကြိုးပမ်းသော်လည်း မရခဲ့ဘဲ နောက်တစ်နေ့ ဇွန် ၁၃ တွင် မိခင်သေဆုံးရခြင်းဖြစ်သည်ဟု မခြူးငယ်က ပြောသည်။

ဇူလိုင် ၁၂ တွင် ပရဟိတအဖွဲ့အစည်းတစ်ခုထံ တစ်နေကုန် သွားရောက်စောင့်ဆိုင်းနေခဲ့သည်။ သူ့အလှည့်ရောက်ရန် မိနစ်ပိုင်းအလိုတွင် ထိုအဖွဲ့က အောက်စီဂျင်ပေးဝေခြင်းကို ရပ်တန့်လိုက်ရသည်။ 

ထိုအဖွဲ့၏ မော်တော်ယာဉ်ကို စစ်တပ်က ထိန်းသိမ်းလိုက်ပြီး သယ်လာသည့် အောက်စီဂျင်ဘူးများကို သိမ်းဆည်းလိုက်သည့်အတွက်ကြောင့် ထိုသို့ ရပ်လိုက်ရခြင်းဖြစ်သည်ဟု သိရှိရကြောင်း မခြူးငယ်က ပြောသည်။

“မနက် ၉ နာရီကနေပြီးတော့ စောင့်တာ ၄ နာရီလောက်လည်းကျရော (အောက်စီဂျင်) ကားက ဒီနေ့မရတော့ဘူး။ ရှိတဲ့ ကားကို သိမ်းသွားတယ်တဲ့ သူတို့( စစ်တပ်က) လိုနေတယ်ဆိုပြီးတော့ ယူသွားတယ်ဆိုပြီးတော့ ပြောတယ်”  ဟု သူမက ပြောသည်။

ထိုမှတစ်ဆင့် တောင်ဒဂုံစက်မှုဇုန်ရှိ “နိုင်” အောက်စီဂျင်စက်ရုံသို့ သွားရောက်စောင့်ဆိုင်းရာ ယင်းည ၁၀ နာရီခန့်တွင် စစ်ကားများရောက်ရှိလာခဲ့ပြီး စက်ရုံပိတ်လိုက်ရသည်ဟု မခြူးငယ်က ပြန်ပြောပြသည်။

“လူတစ်ယောက်ကတော့ မျှော်လင့်ချက်နဲ့ အသက်ဆက်ရှင်ဖို့အတွက် ဒီအောက်စီဂျင်ကို လာပြီးတော့ တန်းစီတာလေ။ ပျော်လို့ပါးလို့မှ မဟုတ်တာ။ ရရင် ဒီလူနာ ဆက်ပြီးအသက်ရှင်မယ်လေ။ ဒီအောက်စီဂျင်ပြတ်လပ်မှုကြောင့် လူတွေက အသက်သေရတာ” ဟု သူက  ဆက်ပြောသည်။

ထိုဖြစ်ရပ်မှာ မခြူးငယ်တစ်ယောက်တည်း ခံစားနေရခြင်း မဟုတ်ပေ။ မြန်မာနိုင်ငံအနှံ့အပြားရှိ ကိုဗစ်နိုင်တင်းရောဂါခံစားနေရသူများများသည် အောက်စီဂျင်ရရှိရန် နေ့ရောညပါ ရှာဖွေနေကြရပြီး စစ်ကောင်စီ၏ တားမြစ်ပိတ်ပင်မှုများနှင့်ရင်ဆိုင်ခဲ့ကြရသည်။

ဇူလိုင် ၁၂ ညပိုင်းက ရန်ကုန်မြို့၊ တောင်ဒဂုံစက်မှုဇုန်၊ လွိုင်ကော်လမ်းတွင် စောင့်ဆိုင်းတန်းစီနေသူများကို စစ်ကောင်စီလက်နက်ကိုင်များက သေနတ်ပစ်ခတ်ပြီး လူစုခွဲဖမ်းဆီးခဲ့ရာ အောက်စီဂျင်ဘူးများ ထားခဲ့ပြီး ထွက်ပြေးခဲ့ရသည် ဟု  Mizzima သတင်းဌာနတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးက ဇူလိုင် ၁၂ ညက မင်းဓမ္မလမ်းရှိ အောက်စီဂျင်စက်ရုံတွင် စစ်ကောင်စီတပ်များက လာရောက်ပိတ်ပင်သည်ကို ရင်ဆိုင်ခဲ့ရသည်ဟု ဆိုသည်။  

“အခုလို အောက်စီဂျင်တွေကို လိုက်ပိတ်တော့ ကျွန်မတို့လို ဆေးရုံမတက်ရတဲ့ အရပ်သားလူနာတွေက အကြောင်းမဲ့ သေပေးရမှာလား” ဟု သူက စစ်ကောင်စီကို မေးခွန်းထုတ်လိုက်သည်။

မိခင်ဖြစ်သူ အောက်စီဂျင်ကျ၍ ဇူလိုင် ၆ ကတည်းက ဆေးကုသမှုခံယူခွင့်ရရှိရန် နေထိုင်ရာမြို့နယ်ရှိ ဒေသန္တရဆေးခန်း၊ အစိုးရဆေးရုံ၊ တပ်မတော်ဆေးရုံများသို့ ပို့ဆောင်ခဲ့သော်လည်း လက်ခံခြင်းမရှိကြောင်း၊ နေအိမ်တွင် ထားရှိပြီး ကုသမှုခံယူရာတွင်လည်း အောက်စီဂျင်ဖြည့်ရန် ခက်ခဲနေပြီး မိခင်၏ အသက်အန္တရာယ်ကို စိုးရိမ်နေရကြောင်း သူက ဆက်ပြောသည်။

စစ်ကောင်စီ၏ ကန့်သတ်ချက် 

ရန်ကုန် သိမ်ဖြူသင်္ဘောကျင်းရှိ အောက်စီဂျင်ထုတ်လုပ်သည့် နိုင်ငံပိုင်စက်ရုံကို ပုဂ္ဂလိကသို့ ထုတ်မပေးရန် စစ်ကောင်စီက ဇူလိုင် ၁၀ တွင် ညွှန်ကြားခဲ့ကြောင်း စက်ရုံတာဝန်ရှိသူတစ်ဦးက Myanmar Now ကို အတည်ပြုသည်။ 

ပုဂ္ဂလိကသို့ ထုတ်မပေးရခြင်းမှာ အောက်စီဂျင် အဓိကလိုအပ်နေသည့် ဆေးရုံဆေးခန်းများတွင် လုံလောက်စေရန် ရည်ရွယ်သည်ဟု စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၁၂ သတင်းစာရှင်းလင်းပွဲတွင် ဝန်ခံထားသည်။

သို့သော်လည်း လက်တွေ့တွင်မူ ကိုဗစ်နိုင်တင်းသံသယလူနာအများစုမှာ ဆေးရုံတက်ရောက်ခွင့် မရှိပေ။ ဆေးရုံတက်ရောက်ခွင့်ရသူ အနည်းငယ်သော ကိုဗစ်လူနာတို့ အောက်စီဂျင်လိုအပ်လာလျှင် လူနာ၏မိသားစုက ကိုယ်တိုင်ရှာဖွေပေးနေရသည်။

ဖခင်ဖြစ်သူ ကိုဗစ်နိုင်တင်းလက္ခဏာပြသ၍ မန္တလေးဆေးရုံကြီးတွင် ကုသမှုခံယူနေစဉ် ဇူလိုင် ၁၃ ရက်နေ့က ပြင်ပမှ အောက်စီဂျင်ရှာဖွေပေးခဲ့ရကြောင်း မဟာအောင်မြေမြို့နယ်တွင် နေထိုင်သူ ကိုမင်းစိုးက ပြောသည်။

“ကျွန်တော်က အောက်စီဂျင် ပတ်ရှာပေးတုန်း၊ အဖေက ဆုံးပြီ။ ဘာမှလည်းမလုပ်ပေးလိုက်နိုင်ဘူး။ ဆေးရုံကလည်း ဘာမှလုပ်မပေးဘူး” ဟု ၎င်းက ပြောသည်။

“ကျွန်တော် အောက်စီဂျင်ရတယ်ဆိုတဲ့ နေရာမှန်သမျှ အကုန်ရောက်တယ်၊ လူမှုရေးအသင်းတွေ၊ ဖုန်းတွေဆက်၊ အကူအညီတောင်းတယ်။ ကုန်သွားတာချည်းပဲ၊ ဘဝတွေက ဆိုးတယ်ဗျာ”  

ဖခင်ဆေးရုံတက်ရောက်နေရချိန်တွင် ကူးစက်ခံထားရသည့် မိခင်ကို ဆေးရုံပို့ရာ ဆေးရုံက လက်မခံခဲ့ပေ။

“အမေ့ကို မစိုးရိမ်ရဘူးဆိုပြီး ဆေးရုံက တက်ခွင့်မပေးဘူး၊ ပြန်လွှတ်တယ်၊ ဆေးတစ်လုံး ထိုးပေးလိုက်တယ်၊ အိမ်လည်းရောက်ရော အမေက ကားပေါ်ကအဆင်းတင် အသက်ရှူတွေ ကျပ်တယ်၊ ကျပ်တယ်ဆိုပြီး ပါးစပ်ကြီးဟ ဇက်ကျိုးကျသွားတာ ချက်ချင်းကြီး။ ရုတ်တရက် ဘာမှလည်း မလုပ်ပေးလိုက်နိုင်ဘူးဗျာ” ဟု ကိုမင်းစိုးက ပြောသည်။

နိုင်ငံရေးလက်နက်သဖွယ် အသုံးချနေ

စစ်ကောင်စီက ကိုဗစ်နိုင်တင်းရောဂါကို လက်နက်သဖွယ် အသုံးချနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ဇူလိုင် ၁၃ တွင် စွပ်စွဲလိုက်သည်။ 

အကြမ်းဖက်စစ်ကောင်စီသည် လူသားချင်းစာနာထောက်ထားမှုမရှိဘဲ အာဏာတည်မြဲရေးအတွက် ကိုဗစ်နိုင်တင်းရောဂါကို လက်နက်သဖွယ် အသုံးချနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားအဆင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မရှင် အတွင်းရေးမှူး ဒေါက်တာဇော်ဝေစိုးအမည်ဖြင့် စာထုတ်ပြန်ထားသည်။

ထို့အပြင် အခြေခံလူ့အခွင့်အရေးတစ်ရပ်ဖြစ်သည့် လူသားတိုင်း လွတ်လပ်စွာဆေးကုသခွင့်ကို နည်းမျိုးစုံဖြင့် စစ်ကောင်စီက ပိတ်ပင်တားဆီးနေသည့် သက်သေသာဓကများစွာ ရရှိထားသည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းအကြောင်းပြပြီး အာဏာသိမ်းသည့် စစ်ခေါင်းဆောင်ကလည်း ကပ်ဘေးအကြောင်းပြုပြီး နိုင်ငံရေးအမြတ်ထုတ်လိုသူများရှိသည်ဟု စွပ်စွဲထားသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၂ က နေပြည်တော်တွင် ပြုလုပ်သည့် ကိုဗစ်နိုင်တင်းကုသထိန်းချုပ်ရေးအစည်းအဝေးတွင် ၎င်းက ပြောလိုက်ခြင်း ဖြစ်သည်။

ကပ်ရောဂါ စိုးရိမ်ရဆဲအချိန်တွင် စစ်ဗိုလ်ချုပ်များ အာဏာသိမ်းပြီး လူထု၏အသက်ကို ရန်ရှာနေချိန်တွင် လူထုသည် ကူးစက်မှု အဆမတန်မြင့်တက်လာသော ကပ်ရောဂါကိုပါ တစ်ပြိုင်နက် ရင်ဆိုင်နေရသည်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသည့် New Myanmar Foundation တည်ထောင်သူ ဒေါ်မြနန္ဒာသင်းသည် စစ်အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ရပ်နားထားသည်။ ယခုအခါတွင် ကိုဗစ်နိုင်တင်းရောဂါခံစားနေရသူများအတွက် လိုအပ်သည့် အောက်စီဂျင်ဘူးများ ရရှိရန် ကူညီပေးနေသည်။ 

စစ်ကောင်စီက အောက်စီဂျင်ရရှိရန် စောင့်ဆိုင်းနေသူများကို ပစ်ခတ်လူစုခွဲခြင်း၊ အောက်စီဂျင်အိုးများသိမ်းဆည်းသွားခြင်း၊ အောက်စီဂျင်ကို ပုဂ္ဂလိအဖွဲ့အစည်းများထံ မရောင်းတော့ခြင်း စသည့် အချက်များမှာ လူမျိုးတုန်းသတ်ဖြတ်သည့်ပုံစံဖြစ်နေရာ နိုင်ငံတကာက အမြန်ဆုံး ဝင်ရောက်ဖြေရှင်းပေးရန် လိုအပ်နေသည်ဟု ဒေါ်မြနန္ဒာသင်းက ပြောသည်။

“လူမျိုးတုန်းသတ်ဖြတ်တဲ့ အခြေအနေမျိုးပေါ့၊ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေပေါ့ ဒီလိုပုံစံမျိုး ဖြစ်နေတယ်လို့ ကျွန်မတို့ကတော့ ယူဆပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၂၄,၂၃၆ ဦးတွင် ကိုဗစ်နိုင်တင်းရောဂါပိုးတွေ့ရှိထားပြီး သေဆုံးသူ နောက်ထပ်၂၃၃ ဦးရှိကြောင်း ဇူလိုင် ၁၇ တွင် စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သို့သော်လည်း ၎င်းဌာနက ထုတ်ပြန်သည့် အရေအတွက်မှာ မြေပြင်အခြေအနေနှင့် များစွာ ကွာဟနေသည်။

ရန်ကုန်မြို့ သုဿန်လေးခုသို့ နေ့စဉ် ပုံမှန်ပို့ဆောင်ပေးနေသည့် ရုပ်အလောင်းအရေအတွက် ၁၀၀ ကျော် ရှိရာမှ ၆၀၀ ဝန်းကျင်ခန့်အထိ ရောက်နေသည်မှာ တစ်ပတ်ခန့်ရှိနေ၍ မနိုင်မနင်းဖြစ်နေပြီဟု ရန်ကုန်အခြေစိုက် လူမှုကူညီရေးအဖွဲ့သုံးဖွဲ့က Myanmar Now ကို ဇူလိုင် ၁၃ က ပြောသည်။ 

ထို့ကြောင့် ရက်ချိန်းပေးဆောင်ရွက်နေရသည်ဟု ထိုအဖွဲ့များထံမှ သိရသည်။ 

နိုင်ငံအနှံ့အပြားရှိ တခြားမြို့ကြီးများတွင်လည်း ကိုဗစ်နိုင်တင်းရောဂါခံစားနေရသူများမှာ အောက်စီဂျင်ပြတ်လပ်မှုကြောင့် နေ့စဉ် သေဆုံးနေရပြီး ကွယ်လွန်သူအရေအတွက်အတိအကျကို မသိရှိရသေးပေ။

NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက နိုင်ငံတကာရှိ တတိယအဖွဲ့အစည်းများအကူအညီဖြင့် ကိုဗစ်နိုင်တင်းကာကွယ်ဆေးထိုးပေးနိုင်ရန် ကြိုးပမ်းနေသည်ဟု Myanmar Now ကို ဇူလိုင် ၁၆ တွင် ပြောသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သည့် ဆရာဝန် ၉၀၀ ခန့်က NUG အစီအစဉ်ဖြင့် ကိုဗစ်လူနာများကို တယ်လီဖုန်းမှတစ်ဆင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေပြီး ဆေးတက္ကသိုလ်များမှ နောက်ဆုံးနှစ်ကျောင်းသား ၂,၀၀၀ ခန့်က ပြည်သူနှင့် အနီးဆုံးနေရာများတွင် ပါဝင်ကုသပေးလျက်ရှိသည်ဟု ၎င်းက ပြောထားသည်။ myanmar now

သတ်ဖြတ်ခံနေရခြင်း၊ နုတ်ထွက်ခြင်းနှင့် အုပ်ချုပ်ရေးမှူးမျာ

ပေ ၁၀၀ ခန့်ရှည်သည့် လမ်းသွယ်လေးထဲ ဝင်လာသူတို့ကို သံဆူးကြိုး အရံအတားများဘေးမှ လက်နက်ကိုင်စစ်သား တစ်ဒါဇင်ခန့်က မျက်နှာထားတင်းတင်းဖြင့် စစ်ဆေးမေးမြန်းနေကြသည်။  

ရန်ကုန်၊ တာမွေမြို့နယ်မှ လူနေထူထပ်သည့် ကျားကွက်သစ်ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးရုံးတည်ရှိသည့် ဤလမ်းသည် ဧည့်စာရင်းမတိုင်လျှင် ထောင်ချမည်ဆိုသည့် ကြေညာချက်ကြောင့် ဧည့်စာရင်းလက်ခံချိန်တိုင်း စည်ကားခဲ့ဖူးသည်။

သို့သော်လည်း ရုံးသို့သွားသူသည် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင် သူ့နေအိမ်ရှေ့ ကားအတွင်း ပစ်သတ်ခံရပြီးနောက်တွင် နည်းသည်ထက်နည်းလာပြီး ဧည့်စာရင်းလည်း လိုက်မစစ်တော့ကြောင်း ထိုရပ်ကွက်တွင် နေထိုင်သူတို့က ပြောသည်။  

ရုံးတွင်လည်း စစ်သားများသာရှိတော့သည်ဟု ထိုရပ်ကွက်အနီး နေထိုင်သည့် အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ 

“အခုက ရပ်ကွက်ထဲ ဧည့်စာရင်းစစ်မစစ်တော့ မသိဘူး၊ သူတို့ရုံးတောင်သူတို့ လုံခြုံအောင် မနည်းပြန်စောင့်နေရတဲ့ အနေအထား” ဟု အမည်မဖော်လိုသည့် ထိုအမျိုးသားက ပြောသည်။ 

အာဏာသိမ်းပြီး ၅ လကျော်ကြာလာချိန်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ခန့်အပ်ပြီး ပြည်သူတို့ ငြိမ်ဝပ်ပိပြားသွားအောင် စစ်ကောင်စီက ကြိုးစားနေသကဲ့သို့ ထိုကြိုးပမ်းမှု အရာမထင်စေရန် တန်ပြန်သည့် လှုပ်ရှားမှုများနှင့်လည်း ရင်ဆိုင်လာနေရသည်။

ထိုလှုပ်ရှားမှုများတွင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးတွင် ပါဝင်သူအများအပြားကို လုပ်ကြံသတ်ဖြတ်ခြင်း၊ ၎င်းတို့၏ ရုံးများကို တိုက်ခိုက်ဖျက်ဆီးခြင်းတို့ ပါဝင်သည်။ 

၅ လ အတွင်း ၅၀ ကျော် အသတ်ခံရ  

၄၅ နှစ်အရွယ်ခန့်ရှိသည့် ဒေါ်စိုးစိုးလွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်စက ဆန္ဒပြလူငယ်များကို ဖမ်းဆီးရာတွင် ကိုယ်တိုင်လိုက်ပါတတ်သည်ဟု ရပ်ကွက်အတွင်းနေထိုင်သူများက ပြောသည်။ တာဝန်ယူပြီး နှစ်လကျော်အကြာ ဇွန် ၈ ရက်တွင် အသတ်ခံရပြီး ယနေ့အထိ သူ့နေရာကို အစားထိုးနိုင်ခြင်းမရှိသေးပေ။

ဘေးချင်းကပ်လျက် ပုသိမ်ညွန့်ရပ်ကွက်တွင် ယခင်အုပ်ချုပ်ရေးမှူးဟောင်း ဦးနေလင်းဦးကို ဧပြီမှစတင်ကာ ပြန်ခန့်ထားသော်လည်း ရုံးပြန်ဖွင့်ကာစရက်ပိုင်းသာ ရုံးထိုင်သည်ကို တွေ့ရသည်၊ ဧည့်စာရင်းစာရွက်များတွင် သူ့ကိုယ်စားလက်မှတ်ထိုးပေးခဲ့သူမှာ ဗိုလ်ကြီးတစ်ဦးဖြစ်သည်ဟု သိရသည်။ 

ဇွန်လကုန်ပိုင်းမှစပြီး ရုံးသော့ခတ်ထားကြောင်း ဧည့်စာရင်းတိုင်ရန် ကြိုးစားခဲ့သူတချို့က ပြောသည်။

“ဒီလောက် တစ်ဒိုင်းဒိုင်းပစ်သတ်နေတာဗျာ။ ဒါမှ လုပ်ရဲရင်လည်းလုပ်ပေါ့။ အခုကလည်း သူတို့ (စစ်ကောင်စီ) ကိုယ်တိုင် မကာကွယ်ပေးနိုင်တော့ဘူးနေမှာပေါ့၊ ဘယ်သူမှ ရုံးမလာရဲတော့ဘူး” ဟု ရပ်ကွက်ရုံးအနီးနေထိုင်သူတစ်ဦးက ပြောသည်။

ဇွန်လဆန်းပိုင်းမှ စတင်ပြီး စစ်ကား၊ ရဲကားများကို ယခင်ကလောက် မတွေ့ရတော့ကြောင်း ကျောက်မြောင်းသားများက ပြောသည်။ 

မေ ၃ ရက်က သာကေတမြို့နယ် ၇ အနောက်ရပ်ကွက်မှ အသက် ၅၀ နီးပါးရှိသူ အုပ်ချုပ်ရေးမှူး ဦးသက်ပိုင်ကို ဓားကိုင်အမျိုးသား ၃ ဦးက နေအိမ်ထဲဝင်ကာ သတ်ဖြတ်ခဲ့သည်။

၎င်းသည် ရပ်ကွက်အတွင်း သံပုံးတီးတာမရှိစေရဟု ကြိမ်းမောင်းခဲ့သည့် ဒလန်အကြီးစားဖြစ်သည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

Myanmar Now က ရရှိထားသည့် စာရင်းများအရ အာဏာသိမ်းပြီး ၅ လကျော်အတွင်း လုပ်ကြံသတ်ဖြတ်ခံရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ဒလန်  စုစုပေါင်း ၅၀ ကျော်အထိ ရှိနေပြီး ထိုအထဲတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄၉ ဦး ပါဝင်သည်။

စစ်ကောင်စီက ရပ်ကွက်အတွင်း လူများ၊ အိမ်များ ရှာဖွေရခက်သည့်အခါ ၎င်းတို့ကို လမ်းပြသဘောမျိုး ခိုင်းစေလေ့ရှိသည်။

ဒေါပုံမြို့နယ် ဗမာအေးရပ်ကွက်၏ အုပ်ချုပ်ရေးမှူးဦထွန်းရည်သည် ဇွန် ၃ ရက်က လမ်းဆုံတစ်ခုတွင် ၎င်း၏ ကားအတွင်း၌ ရှိနေစဉ် သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရပြီး သေဆုံးသွားသည်။ 

“အုပ်ကြီးပစ်ခံရပြီးနောက်ပိုင်း ရပ်ကွက်ရုံးကို လုံခြုံရေးယူတာမရှိတော့ဘဲ ညနေဘက်ဆို စစ်ကားနဲ့ ရပ်ကွက်ထဲ လမ်းမကြီးတွေမသုံးဘဲ လမ်းသွယ်ထဲကနေ ပတ်တာ။ သူတို့ကသာ သေနတ်ကြီးတွေ အပြင်ထုတ်ပြီး အသင့်အနေအထားနဲ့ပတ်နေတာ၊ ရပ်ကွက်ထဲကလူတွေက ပုံမှန်ပဲ” ဟု ထိုရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။ 

ရုံးကို သော့ခတ်ပိတ်ထားသည်။ အနီးအနားရှိ အခြားသော ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများလည်း ထွက်စာတင်ထားပြီးဖြစ်ကြောင်း သတင်းများထွက်ပေါ်လာပြီး အဆိုပါရုံးများတွင် အုပ်ချုပ်ရေးမှူးများရုံးမထိုင်တော့ဘဲ စာရေးများသာရှိပြီး နေ့စဉ် ညနေပိုင်း ၂ နာရီခန့်သာ ရုံးဖွင့်တော့သည်ဟု သိရသည်။

မန္တလေးတိုင်း၊ မြစ်ငယ်မြို့မှ  ၅၈ နှစ်အရွယ် ဒေါ်သက်သက်ချိုသည် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရာထူး လက်ခံလိုက်ရာ လူထုက လက်မခံသဖြင့် ရုံးတွင်သာ နေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ဇူလိုင် ၁၄ တွင် သေနတ်သမားတစ်ဦးက သူ့ကို မြစ်ငယ်ဈေးရှေ့၊ ဈေးဝင်ပေါက်ဂိတ်တွင် အနီးကပ်ပစ်သတ်ခဲ့သည်။ ပြည်သူ့ကာကွယ်ရေးနှင့် အာဏာရှင်ရှင်းလင်းသုတ်သင်ရေး (မန္တလေး) အဖွဲ့က ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ထိုနေ့တွင် ထုတ်ပြန်ကြေညာထားသည်။

ဇွန် ၁၂ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက အုပ်ချုပ်ရေးမှူးများအပါအဝင် သတ်ဖြတ်ခံရသည့် “အပြစ်မဲ့ပြည်သူ“ ၁၇၃ ဦးအထိ ရှိနေပြီဟု ပြောသည်။

သတ်ဖြတ်မှုများက ဆက်ရှိနေသည်။ ဇူလိုင် ၆ တွင် ဒဂုံဆိမ်ကမ်းမြို့နယ် ၈၈ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးခင်ဦးနှင့် အဖော်တစ်ဦး အသတ်ခံရသည်။ ထိုနေရာသည် ရန်ကုန်တိုင်းအတွင်း စစ်အုပ်ချုပ်ရေးကြေညာထားသည့် ၆ မြို့နယ်ထဲတွင် ပါဝင်သည်။

စစ်ကောင်စီ၏ အုပ်ချုပ်မှုကို လက်မခံကြောင်း ခိုင်ခိုင်မာမာပြသသည့်အနေဖြင့် ရန်ကုန်ရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံးအချို့မှာ ဒေသခံများနှင့် သက်ဆိုင်ရာ မြို့နယ် PDF များ၏ ဗုံးခွဲ၊ မီးရှို့မှုကို ခံကြရသည်။

လက်သည်မပေါ်သည့် အမှုတစ်ခုမှာ ရန်ကုန်တိုင်း သာကေတမြို့နယ် ၁၀/တောင်ရပ်ကွက်အုပ်ချုပ်ရေးရုံး မီးရှို့ခံရမှုဖြစ်သည်။ ဧပြီ ၁၉ ရက် နေ့လည်ခင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးရုံး မီးခိုးတလူလူ တက်လာတော့မှ ရပ်ကွက်ရုံးမီးလောင်မှန်းသိရပြီး အချိန်မီ မီးမငြိမ်းနိုင်သောကြောင့် ရပ်ကွက်ရုံး ပြာကျသွားသည်။

အုပ်ချုပ်ရေးမှူးကို ရပ်ကွက်အတွင်းမတွေ့ရတော့သည့်နောက်ပိုင်း ၎င်းနေရာတွင် အခြားရပ်ကွက်တွင် နေသူတစ်ဦးကို တာဝန်ပေးထားရသည်။ 

ရပ်ကွက်ရုံးမီးလောင်ပြီးနောက်ပိုင်း ဧည့်စာရင်းမစစ်နိုင်တော့သလို ယာယီရုံးဖွင့်ထားသည့် နေရာသို့လည်း ဧည့်စာရင်းတိုင်ကြားသူ မလာကြကြောင်း ဒေသခံများက ပြောသည်။

အုပ်ကြီးတို့အတွက် မက်လုံး

လက်နက်ကိုင်လုံခြုံရေးပေးပြီး ဖွင့်ခဲ့ရသည့် အင်းစိန်မြို့နယ် ပေါက်တော၊ မြို့သစ် က/ခ ရပ်ကွက်ရုံးတို့ကို ပြန်ပိတ်ထားရကြောင်း၊ စစ်ကားများဖြင့် လှည့်လည်စောင့်ကြည့်ခြင်းမျိုးလည်း မတွေ့ရတော့ကြောင်းလည်း ဒေသခံများက ပြောသည်။

ဧပြီလဆန်းက ရန်ကုန်တိုင်းအတွင်း အုပ်ချုပ်ရေးမှူးများ အင်တိုက်အားတိုက် ခန့်အပ်၊ ရုံးများဖွင့်ခဲ့သော်လည်း လုံခြုံရေးချထားသည့် စစ်သားများကို ပြန်လည်ရုပ်သိမ်းသွားပါက ရုံးပြန်ပိတ်ရဖွယ် ရှိနေသည်။

ရလာမည့်အကျိုးစီးပွားများကို မျှော်လင့်သည့်အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတာဝန်ယူရန် အရဲစွန့်ကြခြင်းဖြစ်မည်ဟု ရန်ကုန်ဒေသခံတချို့က ဆိုသည်။

တရားဝင်လစာ ၇၀၀၀၀ သာရှိသော်လည်း အာဏာတည်မြဲလာပါက မက်မောဖွယ်ဝင်ငွေရနိုင်သည်။ 

ရပ်ကွက်အတွင်း အိမ်ခြံမြေအရောင်းဝယ်အပါအဝင် လုပ်ငန်းတချို့ထံမှ ငွေကြေး၊ အငြင်းပွားမှုများမှ လာဘ်ငွေ၊ လက်ဆောင်တို့လည်း ရရှိတတ်ရာ စည်ကားသည့် ရပ်ကွက်များတွင် အုပ်ကြီးတို့၏ အိတ်ထဲသို့ လစဉ် ကျပ်သိန်းဆယ်ဂဏန်းခန့် ဝင်ကြသည်။

လိုင်စင်မရှိဘဲ နေရာအနှံ့ ဖွင့်ထားကြသည့် အရက်ဆိုင်၊ ဘီယာဆိုင်များမှာ ရဲစခန်းနှင့် ရပ်ကွက်ရုံးများကို ဆက်ကြေးပေးရသည်။

အဆိုပါ တရားမဝင်လစဉ်ကြေးများမှာ အုပ်ကြီးတို့အတွက် အဓိကဝင်ငွေရလမ်းဖြစ်သည်ဟု NLD အစိုးရလက်ထက် စမ်းချောင်းမြို့နယ် ကျွန်းတောအလယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်ခဲ့သူ အသက် ၄၃ နှစ်အရွယ် ဦးတင်ထက်ကိုက ပြောသည်။

အုပ်ချုပ်ရေးမှူးတစ်ရုံး၏ ဖွဲ့စည်းပုံအရ အုပ်ချုပ်ရေးမှူး၊ အတွင်းရေးမှူး၊ ရာအိမ်မှူး၊ လမ်းကိုယ်စားလှယ်များဖြစ်သည့် ဆယ်အိမ်မှူးတို့ဖြင့် ဖွဲ့စည်းထားသည်။

အာဏာသိမ်းပြီးနောက် စမ်းချောင်းမြို့နယ်အတွက် လိုအပ်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာများအတွက် လူဟောင်း ၆ ဦး၊ လူသစ် ၁၂ ဦး ခန့်အပ်ထားသော်လည်း လုပ်ငန်းအပြည့်အဝ မလည်ပတ်နိုင်သေးဟု ဦးတင်ထက်ကိုက ပြောသည်။  

“ပြည်သူအတွက် ကောင်းကျိုးပေးမယ့် အုပ်ချုပ်ရေးမှူးဆိုရင်တော့ ကောင်းတာပေါ့။ အခုကတော့ ပြည်သူကို ဒုက္ခပေးမယ့် အုပ်ချုပ်ရေးမှူးတွေဖြစ်လာမယ်လို့ပဲ မြင်တယ်” ဟု ဦးတင်ထက်ကိုက သုံးသပ်သည်။

“လက်ရှိအုပ်ချုပ်ရေးမှူးတွေကို ခန့်အပ်လိုက်တယ်ဗျာ။ ခန့်အပ်လိုက်ပေမယ့်လည်း အကြောက်တရားနဲ့ အုပ်ချုပ်နေရတာ။ ရုံးမှာသာ နာမည်ရှိတယ်၊ ရုံးတောင်မထိုင်ရဲကြဘူးလေ”

အုပ်ကြီးများကို ကြီးကြပ်ရသည့် စမ်းချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ စာရေး ၈ ဦးခန့်မှာ CDM ပြုလုပ်ထားသည့်အတွက် လုပ်ငန်းလည်ပတ်ရန် ခက်ခဲသည်ဟု သူက ပြောသည်။

သူကိုယ်တိုင်ကမူ ဆန္ဒပြသူများကို လိုက်လံကူညီပေးခဲ့ပြီး မကြာသေးခင်က ပိုမိုလုံခြုံသည့် နေရာတစ်ခုသို့ တိမ်းရှောင်ရန် ရန်ကုန်ကို စွန့်ခွာခဲ့သည်။ 

နုတ်ထွက်ခြင်း

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရပ်/ကျေးအုပ်ချုပ်ရေးယန္တရား မည်မျှလည်ပတ်နေသည်ကို မသိနိုင်သေးသော်လည်း လုပ်ကြံသတ်ဖြတ်မှုများ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေချိန်တွင် ရန်ကုန်ရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံးအချို့ပိတ်သိမ်းသွားသလို အချို့ရုံးများလည်း နာရီပိုင်းသာ ဖွင့်နိုင်တော့သည်။

ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏဆိုသလိုဖြစ်နေသည့် မန္တလေးမြို့တွင်လည်း ဖွင့်နိုင်သည့် အုပ်ချုပ်ရေးမှူးရုံးအနည်းငယ်သာ ရှိနေပြီး ထိုရုံးများ ရှေ့တွင်လည်း လက်နက်ကိုင်တစ်ယောက်သာ ရှိကြသည်ကို တွေ့ရသည်။ ယခင်က တစ်ရုံးလျှင် ၅ ယောက်ခန့် ရှိခဲ့ဖူးသည်။

မြို့တွင်း တိုက်ခိုက်ခံရမှုကြောင့် စစ်သားများသေဆုံးခြင်း၊ အထိနာသည့် တိုက်ပွဲဒေသများသို့ အင်အားဖြန့်ခွဲပို့ဆောင်ရခြင်းများကြောင့် လုံခြုံရေးမပေးနိုင်တော့ဘဲ ရုံးများပိတ်ထားရခြင်းဖြစ်နိုင်ကြောင်း မန္တလေးမြို့ခံတချို့က သုံးသပ်သည်။

တိုက်ပွဲများဖြစ်နေသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ဇွန်လကုန်ပိုင်းက မြို့နယ်ထွေအုပ် ဒုးစီးမှူး ဦးချမ်းမြေ့အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးဝင်းသောင်းတို့ နုတ်ထွက်ကြသည်။

ဇူလိုင်လဆန်ပိုင်းတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၁၀ ဦးဝန်းကျင် ထွက်စာတင်ကြသည်။

ကောလင်းကဲ့သို့ စစ်ကောင်စီ၏ အုပ်ချုပ်မှူကို မခံလိုသည့် မြို့နယ်တို့က စစ်ကောင်စီတပ်များကို ရရာလက်နက်များနှင့် အပြင်းအထန်ခုခံနေသလို ရန်ကုန်၊ မန္တလေးစသည့် မြို့ပြနေ ခုခံရေးအဖွဲ့များကလည်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ရိုက်ချိုးနိုင်ရန် ကြိုးစားမှုများက အရှိန်မြင့်နေသည်။

ပြည်သူက မပူးပေါင်းသည့်အတွက် အုပ်ချုပ်၍ရမည်မဟုတ်၊ အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်နေသူတို့လည်း လက်ရှိအချိန်တွင် အကြောက်တရားနှင့် နေထိုင်နေကြရမည်သာဖြစ်သည်ဟု စမ်းချောင်းအုပ်ကြီးဟောင်း ဦးတင်ထက်ကိုက ပြောသည်။

“ယန္တရားလည်ပတ်လို့ရလားလို့ပြောရင် ဘယ်လိုလုပ်လည်ပတ်နိုင်မလဲ။ တကယ်တမ်းဝိုင်းကူမယ့် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ပြည်သူ ဘယ်လိုလုပ် သူတို့ကို ပူးပေါင်းမလဲ။ လက်ရှိ ကျွန်တော်တို့ရပ်ကွက် အုပ်ချုပ်ရေးမှူးဆိုရင် အိမ်ထဲက အိပ်ပြင်တောင် မထွက်တော့ဘူးလို့ ကြားရတယ်”ဟု ဦးတင်ထက်ကိုက ပြောလိုက်သည်။myanmar now

၁၇ နှစ်သား ကိုဗစ်လုပ်အားပေးကို မြေမြှုပ်ပြီး ထုရိုက်စစ်ဆေးခြင်း

အာဏာသိမ်းစစ်ကောင်စီ၏ ရန်ကုန်ရှိ စစ်ကြောရေးစခန်းတစ်ခုတွင် ၁၀ ရက်ကြာ ကမ္ဘာပျက်မတတ် ခံစားခဲ့ရသည့် ၁၇ နှစ်အရွယ် ဇေယျ၏ စကားသံများသည် မုန်းတီးမှုဖြင့် ပြည့်နှက်နေသည်။ 

ဇေယျကို မေလဆန်းတွင် အကြမ်းဖက်ဖမ်းဆီးခဲ့ကြသည်။ ထို့ထက် ပိုမိုဆိုးရွားသည်မှာ မျက်လုံးကို အဝတ်စည်းပြီး ၁၀ ရက်ကြာ နှိပ်စက်ညှဉ်းပန်းခဲ့ခြင်းဖြစ်သည်။

“ဘယ်မှာ ဖောက်ခွဲရေးသင်တန်းတက်ခဲ့သလဲ” ဟူသည့် မေးခွန်းကို အထပ်ထပ်မေးပြီး နေ့စဉ် နှိပ်စက်ညှဉ်းပန်းကြသည်ဟု ဇေယျက ပြောသည်။

“အချိန်ပေါင်းများစွာ၊ အချက်ပေါင်းများစွာ ညှင်းပန်းနှိပ်စက်ခံနေရတော့ သေရမှာကို ကျွန်တော် မကြောက်တော့ဘူး” 

ဖေဖော်၀ါရီ ၁ တွင် အာဏာသိမ်းသည့် စစ်ကောင်စီသည် ၎င်းတို့ကို ကန့်ကွက်သည့် တက်ကြွလှုပ်ရှားသူအများအပြားကို ဖမ်းဆီးနေသည်၊ စစ်ကြောရေးစခန်းများတွင် နှိပ်စက်ညှဉ်းပန်းမှုကို လက်နက်သဖွယ် အသုံးပြုကြသည်။ 

ထိုသို့ နှိပ်စက်ညှဉ်းပန်းပြီး အတင်းအကြပ် ဝန်ခံခိုင်းသည့် လုပ်ရပ်မှာ စစ်အာဏာရှင်များအတွက် အသစ်အဆန်းတော့မဟုတ်ပေ။ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးနောက် နိုင်ငံရေးသမားများ၊ ကျောင်းသားများနှင့် သူတို့၏ မိသားစုဝင်များအပေါ် စနစ်တကျ ကျင့်သုံးသည့် နည်းလမ်းဟောင်းပင်။ 

ထိုအချက်ကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ဝေသည့် “မြန်မာပြည်အာဏာရှင်တို့လက်ထက် စနစ်တကျ နှိပ်စက်ညှင်းပန်းမှုများကို အသုံးပြုပုံနှင့် နိုင်ငံရေးအကျဉ်းသားများ၏ အတွေ့အကြုံ” သုတေသနစာတမ်းတွင်လည်း အကျယ်တဝင့်ရေးသားထားသည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်ကောင်စီ၏ လူမဆန်သည့် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် အသက်ဆုံးရှုံးခဲ့ရသူ ၂၂ ဦးထက်မနည်း ရှိနေပြီး ၃ ဦးမှာ မိသားစုက အလောင်းပြန်လည်မရရှိခဲ့ကြောင်း AAPP က ဇွန် ၁၁ တွင် ထုတ်ပြန်ထားသည်။  

ထိုအခြေအနေကို သိရှိထားသဖြင့် ဖမ်းဆီးခံရချိန်ကတည်းကပင် သူ့ကိုယ်သူ သေလူဟု သတ်မှတ်ထားသည်ဟု ဇေယျက ပြောသည်။

“ကြိုးတုပ်ထားတယ်၊ မျက်စိမှိတ်ထားတယ်၊ သူတို့ ရိုက်ချင်သလို ရိုက်နေတာပဲ။ ထပ်ပြီးတော့ အဖမ်းမခံနိုင်တော့ဘူး။ ထပ်ပြီးတော့ အဖမ်းခံရရင်လည်း ကျွန်တော့်အလောင်းလာယူတာမျိုးပဲ ရှိတော့မယ်” ဟု ဇေယျက ပြောသည်။

စိတ်ပျက်လက်ပျက် ထိုနံနက်

ဆယ်ကျော်သက်အရွယ် ဇေယျသည် နိုင်ငံရေးစိတ်ဝင်စားသည့် တက်ကြွလှုပ်ရှားသူမဟုတ်ပေ။ ရန်ကင်းမြို့နယ်ရှိ ကိုဗစ်စင်တာတစ်ခုတွင် လူနာများကို ၃ လကြာ အနီးကပ် ပြုစုစောင့်ရှောက်ခဲ့သူ စေတနာ့ဝန်ထမ်းတစ်ဦးသာ ဖြစ်သည်။ 

သို့သော်လည်း စစ်အာဏာသိမ်းမှုက စီးပွားရေးပညာရှင်ဖြစ်လိုသော သူ့အိပ်မက်ကို နင်းခြေသွားသည်။ 

“ကိုဗစ်က ပျောက်ခါနီးဆိုတော့ ဝမ်းသာရတယ်။ ဒါပေမယ့် ဒီအာဏာကြီး သိမ်းလိုက်တော့ ကျွန်တော်တို့တွေ ဘာမှ လုပ်လို့မရတော့ဘူး” ဟု ဇေယျက ပြောပြသည်။ 

စေတနာ့ဝန်ထမ်းများသည် တဖြည်းဖြည်းနှင့် လမ်းပေါ်တွင်သာ အချိန်ကုန်လာသည်။

သူပုံမှန်ဝတ်ဆင်နေကြ PPE ဝတ်စုံနှင့် နှာခေါင်းစည်းများနေရာတွင် လုံခြုံရေးခမောက်နှင့် ဓာတ်ငွေ့ကာ မျက်နှာဖုံးများက နေရာယူလာခဲ့သည်။ သူရင်ဆိုင်နေရသည့် ရန်သူမှာလည်း ကိုရိုနာဗိုင်းရပ်စ်ပိုးထက် အဆပေါင်းများစွာ ရက်စက်ကြမ်းကြုတ်သည့် စစ်ကောင်စီ၏ လက်နက်ကိုင်များ ဖြစ်လာခဲ့သည်။ 

စစ်ကြောရေး ငရဲခန်း

မိုးဖွဲဖွဲကျနေသည့် မေလဆန်း ညတစ်ညတွင် ဇေယျနှင့် သူ့သူငယ်ချင်းများနေထိုင်ရာ အထပ်မြင့်တိုက်ကို စစ်ကောင်စီလက်နက်ကိုင်များက ဝိုင်းလိုက်သည်။ သူတို့အခန်းဝင်ပေါက်သော့ကို သေနတ်ဖြင့် ပစ်ခတ်ပြီး အခန်းအတွင်းဝင်လာကြသည်။

မည်သူက သတင်းမှားပေးလိုက်သည်မသိ၊ စစ်ကောင်စီလက်နက်ကိုင်များက ထိုတိုက်ခန်းတွင် လွတ်မြောက်နယ်မြေမှ ပြန်လာသူ စစ်သင်တန်းဆင်းများရှိနေပြီး လက်နက်များ သိုဝှက်ထားကြသည်ဟု ယူဆကြသည်။ အိမ်ထဲရှိသမျှ လူငယ်တိုင်းကို ရိုက်နှက်ဖမ်းဆီးပြီး တွေ့သမျှ အရာဝတ္ထုများကို ဖျက်ဆီးကြသည်။ 

ရုတ်တရက် ကြံရာမရဘဲ ရေကန်ထဲ ဝင်ပုန်းသော ဇေယျကို ရေချိုးခန်းထဲဝင်လာသည့် လက်နက်ကိုင်တစ်ယောက်က တွေ့သွားပြီး  ဦးခေါင်းနှင့် နောက်စေ့ကို သေနတ်ဒင်ဖြင့် ရိုက်လိုက်သည်။

သူတို့ကို မျက်နှာအဝတ်စည်းခေါ်သွားကာ စစ်ကြောရေးစခန်းတစ်ခုသို့ ရောက်လျှင် ကားပေါ်မှဆင်းသည်နှင့် အသင့်စောင့်နေသည့် စစ်ကောင်စီ၏ လက်ကိုင်တုတ်များက ဝိုင်းဝန်း ထိုးကြိတ် ရိုက်နှက် ကြိုဆိုကြသည်။

သေနတ်ဒင်ဖြင့် ထုနှက်ခံထားရသည့် ခေါင်းမှဒဏ်ရာ သွေးထွက်လွန်ပြီး မေ့မြောသွားခဲ့သေးသည်။ သူတို့တွင် ဖိနပ်ချုပ်သည့်အပ်သာရှိသည်ဟုဆိုကာ ခေါင်းမှဒဏ်ရာကို ထိုအပ်ဖြင့် ချုပ်ပေးခဲ့သည်ဟု ဇေယျက ပြောသည်။

“အိပ်မက်မက်နေတဲ့အတိုင်းပဲ။ သူတို့မေးတာကို မဖြေနိုင်ဖြစ်သွားတာလည်း ရှိမယ်။ ဘေးက တစ်ယောက်ကလည်း ကျွန်တော့်ကို ထိုးနေတယ်။ နောက်က (ဒဏ်ရာကို) ချုပ်နေတယ်။ ရှေ့ကလည်း မေးနေတယ်” ဟု သူက  ပြန်ပြောပြသည်။

မျက်နှာကို အဝတ်ဖြင့်စည်းထားပြီး ၁၀ရက်ကြာ နေ့ညမပြတ် ရိုက်နှက်ကာ သူမသိသော ဖောက်ခွဲရေးသင်တန်းအကြောင်းနှင့် ဆန္ဒပြပွဲတွင် ပါဝင်သူများအကြောင်းကို အဓိကမေးမြန်းသည်။

ရေတောင်းသည့်အခါ ဝိုင်းဝန်းထိုးကြိတ်ကြပြီး အိမ်သာခန်း ရေကန်ထဲမှ ရယူသည်ဟု ယူဆရသည့် ရေဖြင့် မျက်နှာကို ပက်ခံရသည်၊ နှုတ်ခမ်းဝန်းကျင်ရှိနေသော ရေစက်အနည်းငယ်ကို ကြိုးစားဆွဲယူမျိုချရသည်။

“ခဏခဏ ရေတောင်းသောက်နေရင် ခဏခဏ အထိုးခံနေရမှာ၊ ဝအောင်လည်း သောက်ရမှာ မဟုတ်ဘူး။ အိမ်သာတက်ချင်လို့ပါလို့ လိမ်လိုက်တော့ အထိုးခံရတယ်။ အိမ်သာထဲရောက်သွားတော့မှ အိမ်သာရေကို မြိန်ရေယှက်ရေ သောက်ခဲ့ရပါတယ်” ဟု သူက ပြောသည်။

“ကျွန်တော်တို့က လာသတ်မယ့်နေ့ကိုပဲ စောင့်နေရသလိုပဲ။ လာသတ်တော့မှာမို့လို့ အစာမကြွေးဘဲ ထားတယ်လို့ပဲ ထင်နေခဲ့တယ်”

အပြင်းထန်ဆုံး နှိပ်စက်မှု

နေ့ညမပြတ်ရိုက်နှက်စစ်ဆေးမှုသည် ၃ ရက်မြောက်နေ့တွင် ပုံစံပြောင်းသွားသည်။ ဖြေကြားသည့် အဖြေများကို ကျေနပ်မှုမရှိ၍ နေပူထဲတွင် အချိန်အတန်ကြာ မတ်တပ်ရပ်ခိုင်းခဲ့ပြီး ညနေပိုင်းတွင် သစ်ပင်များရှိသည့်နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။

“ကျင်းတူးထားတဲ့ အထဲကို ကျွန်တော့်ကိုထည့်လိုက်တယ်။ လက်နောက်ပြန်ကြိုးတုပ်ထားတယ်။ မမြင်ရဘူး၊ ဘယ်သူတွေ ရိုက်လို့ရိုက်နေမှန်းလည်း မသိရဘူး။ မှောက်ခုံကြီး၊ ကျွန်တော် အဲ့ဒီအထဲကို ရောက်သွားတယ်။ သူတို့ကလည်း ကျွန်တော့်ကို မြေတွေဖို့ကြပြီး ခေါင်းလေးပဲ ဖော်ထားတယ်” ဟု ဇေယျက  ပြန်ပြောပြသည်။

ထို့နောက် သူ့လည်ပင်းနေရာကို ပေါက်တူးဖြင့် ချိန်ရွယ်ထားပြီး ဆုတောင်းခိုင်းကြောင်း သူက ဆက်ပြောသည်။

“သေရင်တောင်မှ တစ်ချက်တည်း ပြီးသွားမယ်ဆိုပြီး ကျွန်တော်ခံစားရတယ်။ ကျွန်တော့်မိဘတွေဆီမှာပဲ ကျွန်တော် ပြန်ဝင်စားမယ်၊ လူပြန်ဖြစ်ခွင့်ရပါစေဆိုပြီးတော့ အဲဒါပဲဆုတောင်းမိတာ” ဟု သူက ပြောသည်။

ထိုအချိန်တွင် စစ်ဆေးစရာများ ကျန်ရှိနေသေးသည်ဟုဆိုကာ သူ့ကို မြေကြီးထဲမှ ဆွဲထုတ်ကြသည်။  

မြေမြှုပ်ခံရပြီးနောက်တွင်မူ ထုနှက်ခြင်း၊ ခန္တာကိုယ်အောက်ပိုင်း ခြေသလုံးနှင့် ပေါင်များကို အင်္ဂတေလောင်းထားသည့် ပိုက်လုံးဖြင့် ကြိတ်ခြင်းများ ရှိနေသေးသော်လည်း ရေနှင့် အစာကိုတော့ ရရှိခဲ့သည်။

“ကျွန်တော်တို့ကို သေနတ်နဲ့ ပစ်လိုက်ရင်တောင်မှ ဒီလောက်ခံစားရမှာ မဟုတ်ဘူး၊ လူတစ်ယောက်ကို ညှဉ်းပန်းနှိပ်စက်တာပေါ့ဗျာ။ အဲဒါကြီးကို လုံးဝ အမုန်းဆုံးနဲ့ အရွံရှာဆုံး ဖြစ်သွားတာ” ဟု ဇေယျက ပြောသည်။

၇ ရက်မြောက်သည့်နေ့တွင် ခေါင်းမှ ချုပ်ရိုးများကို ဖြည်ပေးသည်၊ ၁၀ ရက်မြောက်သည့်နေ့တွင် အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်သည်။ 

အသက်မပြည့်သေးသည့်သူ့ကို အင်းစိန်အကျဉ်းထောင်က လက်မခံပေ။ နောက်ဆုံးတွင်  လူငယ်ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်လိုက်ပြီး အာမခံဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်ဟု ဇေယျက ပြောသည်။

သူနှင့်အတူ ဖမ်းဆီးခံရသူများ မည်သည့်အခြေအနေနှင့် ရင်ဆိုင်နေရမှန်းမသိဟု ဆိုသည်။ ပြန်လွတ်လာပြီးဖြစ်လျှင်လည်း တယ်လီဖုန်းများ လုယူသိမ်းဆည်းခံထားကြရသောကြောင့် ဆက်သွယ်ရန် ခက်ခဲနေကြမည်ဖြစ်သည်။ ပြန်မလွတ်သေးလျှင်လည်း အဖမ်းခံရသည့် မည်သူမဆို မိသားစုနှင့် တွေ့ဆုံခွင့် မရနိုင်ပေ။

အဆုံးသတ်တိုက်ပွဲအတွက်  

စစ်ကြောရေးငရဲခန်းက အပြန်တွင် ဇေယျ၏ စစ်အာဏာရှင်စနစ်ကို မုန်းတီးစိတ်မှာ ပိုမို ခိုင်မာလာသည်။ 

ကိုဗစ်တတိယလှိုင်းကလည်း တဖြည်းဖြည်း အစပြုလာသည်။ ရန်ကုန်တွင် အရေးပေါ်မီးဖွင့်ပြီး သွားလာနေသော လူနာတင်ယာဉ် တဖြည်းဖြည်းများလာသည်။ သို့သော်လည်း ဇေယျနှင့် လုပ်ဖော်ကိုင်ဘက်များမှာ သူတို့ လုပ်အားပေးခဲ့သော ကိုဗစ်ကွာရန်တင်းစင်တာများသို့ ပြန်သွားရန် အခြေအနေမပေးတော့ပေ။

“ကျွန်တော့်ကို လုပ်တာတွေ ပြန်ပြီးတော့ စဉ်းစားမိလေလေ၊ ကျွန်တော့်ခေါင်းက ဒဏ်ရာကို စမ်းမိလေလေ၊ ဒီကောင်တွေကို ပြန်ပြီးတော့ တော်လှန်ချင်လေလေပဲ” ဟု ဇေယျက နာကျည်းစွာ ပြောပြသည်။  

လွတ်မြောက်လာပြီးနောက် ရက်ပိုင်းအကြာတွင် “ ငါ့ဘဝမှာ ဘယ်တော့မှ မေ့လို့မရတဲ့ အချိန်က ငါ့ရဲ့ မူလရုပ် ပြောင်းသွားလောက်အောင် အနှိပ်စက်ခံထားရတဲ့ အချိန်ပဲ” ဟု သူ့ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။

ထိုသို့ရေးသားပြီး နောက်တစ်ရက်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်သားများက ဇေယျနေထိုင်ရာ အိမ်သို့ ထပ်မံလာရောက်ရှာဖွေကြသည်။ 

သို့သော်လည်း ဇေယျသည် ကာလရှည်နေထိုင်ခဲ့သော ရန်ကုန်ကို စွန့်ခွာပြီး တိုင်းရင်းသားလွတ်မြောက်နယ်မြေတစ်ခုသို့ ထွက်ခွာသွားပြီဖြစ်သည်။ 

ထိုအဖြစ်အပျက်များအပြီး တစ်ပတ်ခန့်အကြာတွင် သူ့ကို အွန်လိုင်းမှ ဆက်သွယ်ရာ ပစ္စတိုတစ်လက်ကို ကိုင်ဆောင်ထားပြီး စိတ်ဓာတ်တက်ကြွနေသည့် ဇေယျကို တွေ့ရသည်။ သူနှင့် အနယ်နယ်မှ လူငယ်အများအပြားသည် ပြောက်ကျားဝတ်စုံဝတ်ပြီး စစ်သင်တန်းတက်နေကြပြီဖြစ်သည်။

စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲရန်သာ ကျန်ရှိတော့သည်ဟု ဇေယျက ပြောသည်။

“စစ်အာဏာရှင်မှ မဟုတ်ဘူး၊ သူတို့တွေနဲ့ပတ်သက်တဲ့ သားစဉ်မြေးဆက်ပါ မကျန်စေရဘူး၊ အဆုံးထိတော်လှန်မယ်။ This is the end game ပဲ။ ကျွန်တော်တို့ အဆုံးထိ တော်လှန်သွားမှာပါ” ဟု နာကျည်းချက်ဖြင့် ပြောလိုက်သည့် ဇေယျ၏ အသံသည် စစ်ချီတေးသံများကြားက ထွက်ပေါ်လာသည်။myanmar now

အင်းစိန်ထောင်၊ ရေကြည်အိုင်နှင့် သမဂ္ဂကျောင်းသား

မတ်လ ၃ ရက်နေ့က ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ပညာရေးတာဝန်ခံ ကိုဘုန်းထက်နောင်သည် ဆန္ဒပြစစ်ကြောင်း၏ ထိပ်ပိုင်းတွင် ရှိနေသည်။  

ဆူးလေဘုရားဘက်သို့ ချီတက်နေစဉ် တာမွေရဲစခန်းအနီး လမ်းဆုံတွင် စစ်ကောင်စီတပ်များက ဆန္ဒပြလူအုပ်ကို မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များဖြင့် ပစ်ခတ်၍ ပတ်ပတ်လည်ဝိုင်းကာ ပိတ်ဆို့လိုက်ကြသည်။

“ကျွန်တော်တို့က အဲဒီနေရာကို အေးအေးချမ်းချမ်းကျော်ဖြတ်သွားဖို့ ကြိုးစားတာပေါ့” ဟု ၂၃ နှစ်အရွယ် ကိုဘုန်းထက်နောင်က ပြောသည်။

“တချို့ကလည်း အလယ်မှာ ထိုင်ချလိုက်ကြတယ်။ တချို့ကလည်း ပြေးတယ်။ ပြေးတဲ့အချိန်မှာ တက်နင်းမိတဲ့သူတွေမှ အများကြီးပဲ။ တက်နင်းမိလို့ ဖူးယောင်သွားတဲ့ ဒဏ်ရာရသွားတဲ့သူတွေလည်း အများကြီးပဲ။ လဲနေတာကိုပဲ နံပါတ်တုတ်တွေနဲ့ ရိုက်တာတွေ၊ ပြီးကျရင် သေနတ်ဒင်တွေနဲ့ ထုတဲ့ဟာတွေ အဲ့ဒါတွေလည်း တွေ့ခဲ့တယ်”

ထိုနေရာတွင် ရိုက်နှက်ဖမ်းဆီးခြင်း ခံလိုက်ရသူများမှာ ကိုဘုန်းထက်နောင်အပါအဝင် စုစုပေါင်း ၄၀၀ ဝန်းကျင် ရှိသည်။

လမ်းပေါ်တွင် ထိုသို့ ပြင်းပြင်းထန်ထန်ရိုက်နှက်မှုများသည် လာမည့် ရက်ပိုင်းအတွင်း နေ့ရောညပါ နှိပ်စက်ညှဉ်းပန်းခံရမည့် ထိုလူငယ်များရင်ဆိုင်လိုက်ရသည့် ရှေ့ပြေးရက်စက်မှုများဖြစ်လာသည်။

အင်းစိန်သို့ ပို့ခြင်း

ကျောင်းသားသမဂ္ဂအသီးသီးမှ အဖွဲ့ဝင်အများစုပါဝင်သော ၎င်းတို့ကို မွန်းလွဲ ၁ နာရီခန့်တွင် ကျိုက္ကဆံအားကစားကွင်းသို့ ပို့လိုက်သည်။

“ကျွန်တော်တို့ ပစ္စည်းတွေ၊ လွယ်အိတ်တွေ၊ ဖုန်းတွေကို အကုန်လုံးကို ချန်ထားခိုင်းတယ်။ ပြီးတော့ ကားပေါ်ကို ဆွဲတင်သွား​ပြီး မိန်းကလေး ၃ စီး၊ ယောကျာ်းလေး ၃ စီး ကျိုက္ကဆံကွင်းကို ခေါ်သွားတယ်”ဟု ကိုဘုန်းထက်နောင်က ပြန်ပြောင်းပြောပြသည်။

ထိုတစ်နေ့လုံး သူတို့ ရေသာသောက်ရပြီး မိုးချုပ်ချိန်တွင် အင်းစိန်ထောင်သို့ ပို့ဆောင်ရန် ပြင်ဆင်ကြောင်း၊ အချုပ်ကားတစ်စီးလျှင် လူ ၅၀ မှ ၆၀ ကြား ထည့်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“ပြွတ်သိပ်ပြီး ထိုးထည့်တာပေါ့။ အထဲမှာ ရေလည်းမတိုက်ဘူး။ လေပေါက်ကလည်း မရှိဘူး။ ကားပေါ်မှာတင် ၁ နာရီကျော်ကျော်လောက် သွားခဲ့ရတယ်။ အသက်ရှူရတာကအစ တစ်ယောက်တစ်လှည့်စီ ရှူရတဲ့အခြေအနေထိ ဖြစ်တယ်။ တချို့မိန်းကလေးဆိုရင် အသက်ရှူခက်ပြီး မေ့လဲသွားတာမျိုးတွေ ရှိတယ်လို့လည်း ကြားရတယ်” ဟု ရန်ကုန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘွဲ့ရ ကိုဘုန်းထက်နောင်က ပြောသည်။

စစ်ကောင်စီကို ဆန့်ကျင်လျှင် ထောင်ကျနိုင်မည်ကို ယခင်ကတည်းက တွက်ဆထားသောကြောင့် ဖမ်းဆီးခံရချိန်တွင် ထိတ်လန့်တုန်လှုပ်ခြင်းမရှိဟု သူက ဆိုသည်။ 

အင်းစိန်ထောင်ရောက်လျှင် ကျောင်းသားသမဂ္ဂခေါင်းဆောင်များအနက်မှ ကိုဘုန်းထက်နောင်အပါအ၀င် ကျား ၇ ဦးနှင့် မ ၁ ဦးကို နှစ်ညတိုင်တိုင် စစ်ဆေးမေးမြန်းခဲ့သည်။   

မတ် ၅ နံနက်တွင် ထောင်အာဏာပိုင်များက ၎င်းအပါအဝင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုအောင်ဖုန်းမောင်၊ ဗကသများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး၊ ရန်ကင်းပညာရေးကောလိပ်မှ ကိုသုတစိုးတို့ ၄ ဦးကို ခေါ်ထုတ်သွားသည်။  

ကားပေါ် ဆွဲတင်ပြီး လူ ၈ ဦးခန့်က ဝိုင်းဝန်းမနှိပ်စက်မီ ထောင်ဗူးဝတွင် ၎င်းတို့ ၄ ဦးကို ဒူးထောက်ထိုင်ခိုင်းသည်ဟု ကိုဘုန်းထက်နောင်က ပြောသည်။

“နောက်ပြန်လက်ထိပ်ခတ်တယ်။ ပြီးတော့ လည်ပင်းမှာ ကြိုးစွပ်တယ်။ တစ်ကိုယ်လုံးကိုလည်း ကြိုးနဲ့တုပ်ထားတယ်။ မျက်လုံးကို အဝတ်နဲ့ အသေစည်းပြီးတော့ ခေါင်းတစ်ခုလုံးကိုလည်း တစ်ခုခုနဲ့ အုပ်လိုက်တယ်။ ပြီးတော့ ကားပေါ်ဆွဲတင်သွားတယ်” ဟု သူက ပြောသည်။  

“နာမည်မေးလိုက် ရိုက်လိုက်၊ နာမည် မကြားရဘူးဆိုပြီး ရိုက်လိုက်၊ ကျယ်ကျယ်အော်ခိုင်းလိုက် ရိုက်လိုက်၊ အဖေနာမည်အော်ခိုင်းလိုက် ရိုက်လိုက်နဲ့၊ ဘာမေးမေးသူတို့က ရိုက်တာ။ ဘယ်လောက်မှန်အောင်ပြောပြော ရိုက်တာပဲ”  

စစ်ထောက်လှမ်းရေး၏ နည်းလမ်းဟောင်း

၎င်းတို့ ၄ ဦးကို မင်္ဂလာဒုံမြို့နယ်၊ ရေကြည်အိုင်စစ်ကြောရေးစခန်းသို့ ပို့ဆောင်ကြကာ သီးခြားစီ စစ်ဆေးကြသည်။ 

“ဒူးထောက်တယ်ဆိုတာက ဒူးပဲထောက်ရတာ။ ခြေဖဝါးကို အပေါ်မှာ မြှောက်ထားရတာ။ ခြေဖဝါးက အောက်ကို ရောက်တာနဲ့ ဒီကောင်တွေက ရိုက်တာ။ မင်းကို ဒူးထောက်ခိုင်းတာ၊ ဒူးပဲထောက်။ မင်း ဒူးမထောက်တတ်ဘူးလား၊ မင်းဒူးအောက်မှာ ကျောက်ခဲခုထားမယ်ဆိုပြီးပြောတယ်” ဟု စစ်ထောက်လှမ်းရေးအဆက်ဆက် သုံးခဲ့သည့် စစ်ကြောရေးစခန်းတွင် ညှဉ်းပမ်းခံရသည့် အတွေ့အကြုံကို ပြန်ပြောသည်။ 

တစ်ယောက်က မေးမြန်းနေချိန် တုတ်နှင့် အခြားပစ္စည်းကိရိယာများကိုင်ထားသော သုံးယောက်က ရိုက်နှက်ကြခြင်းဖြစ်သည်။

“သူတို့က နေရာမရွေးဘူး။ အကုန်ရိုက်တယ်။ ဘာပဲမေးမေး ရိုက်တာက ရိုက်တာပဲ။ သူတို့က အဖြေသိရဖို့ဆိုတာထက် သက်သက်မဲ့ ညှဉ်းပန်းနှိပ်စက်ဖို့ကို ရိုက်တာ” ဟု ကိုဘုန်းထက်နောင်က ပြောသည်။

“ညဘက်လည်း မအိပ်ခိုင်းဘူး။ ညဘက် ၂ နာရီ ၃ နာရီလောက်ဆိုလည်း ထခေါ်ပြီးတော့ ရိုက်နှက်ပြီး မေးချင်လည်းမေးတာပဲ” 

ထို့နောက် ရိုက်နှက်သည့်အဖွဲ့ အခန်းမှ ထွက်သွားလျှင် လူတစ်ဦးရောက်ရှိလာခဲ့ပြီး ကောင်းကောင်းမွန်မွန်ပြောဆိုကာ ထွက်ချက်များကို စာရွက်တွင် ရေးခိုင်းခဲ့သည်။ ထို့နောက် ရိုက်နှက်သည့်လူကြမ်းအဖွဲ့ ပြန်ရောက်လာကာ ထပ်မံ နှိပ်စက်စစ်ဆေးကြပြန်သည်။

ဤနည်းလမ်းများမှာ မြန်မာနိုင်ငံတွင် စစ်ထောက်လှမ်းရေးက နိုင်ငံရေးလှုပ်ရှားသူတို့ကို စစ်ကြောရာတွင် ဆယ်စုနှစ်များစွာ သုံးကြသော နည်းလမ်းဖြစ်သည်။

“ဒီမှာ စစ်ခွေးတိုက်ရှိတယ်။ မင်းတို့ကို ခွေးစာကျွေးမယ်။ မင်းကို အဲဒီနေရာကို ပစ်ထည့်ပြီးတော့ ခွေးတွေ ဝိုင်းကိုက်ပြီးတော့ အမှန်အတိုင်းမဖြေရင် ခွေးစာကျွေးမယ်ဆိုပြီး အပြင်ခေါ်ထုတ်သွားပြီးတော့ ဒူးထောက်ခိုင်းပြီး လေးငါးခြောက်ယောက်လောက်က ခြိမ်းခြောက်​ပြီး ဝိုင်းထိုးတယ်” ဟု ကိုဘုန်းထက်နောင်က ပြောပြသည်။ 

“ကျွန်တော်တို့သမဂ္ဂတွေကို နိုင်ငံခြားအဖွဲ့အစည်းတွေက ပိုက်ဆံတွေ အလုံးအရင်းပေးပြီးတော့ ဆန္ဒပြတာတွေကို လှုံ့ဆော်တယ်၊ လူငယ်တွေကို ထိုးကျွေးတယ်ပေါ့။ ဘာမှမသိဘဲ ပိုက်ဆံပေးပြီး လုပ်ခိုင်းတယ်ဆိုတာမျိုး စွပ်စွဲတာပေါ့။ ကျောင်းသားတွေက ဆရာမတွေကို CDM လုပ်ဖို့ ဘယ်လိုမျိုး လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ဟာမျိုးတွေပါတယ်” 

စစ်ကြောရေးနောက်ဆုံးညတွင် သူထောင်ကျစေမည့် သူ၏ထွက်ချက် အနှစ်ချုပ် ၅ မျက်နှာခန့်ကို ပြသရာ သူမပြောသည့် အချက်များပါနေသော်လည်း လက်မှတ်ထိုးခဲ့ရသည်ဟု ဆိုသည်။

၂ ညနှင့် ၃ ရက် စစ်ကြောပြီးနောက် မတ် ၇ တွင် အင်းစိန်ထောင်သို့ ပြန်ရောက်သွားသည်။ 

“ကျွန်တော်တို့နောက်ပိုင်း အသုတ်တွေက အရမ်းကို ကြမ်းတမ်းတယ်။ စစ်ကြောရေးမှာ ကျွန်တော်တို့ထက် နှိပ်စက်ခံရသူတွေ အများကြီးရှိတယ်” ဟု ၎င်းက ပြောပြသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က စစ်ကောင်စီသည် ၎င်းတို့ကို အံတုသူများအပေါ် ရန်ငြိုးထား တုံ့ပြန်နေခြင်းဖြစ်သည်ဟု ပြောသည်။

“ညှဉ်းပန်းနှိပ်စက်မှုဆိုတာ စစ်ကောင်စီရဲ့ မူဝါဒပါ။ စစ်ကောင်စီနဲ့ နောက်လိုက်နောက်ပါတွေဟာ မဖမ်းသင့်သူတွေကို ဖမ်းထားပြီး သတင်းရယူလိုချင်တာထက် သူတို့ကို ဆန့်ကျင်လို့ အငြိုးနဲ့ နှိပ်စက်နေတဲ့သဘော ပိုပေါက်ပါတယ်” ဟု ဦးဘိုကြည်က Myanmar Now ကို ပြောသည်။

“စစ်ကောင်စီကျူးလွန်နေတာဟာ သာမန်ရာဇဝတ်မှု မဟုတ်ပါဘူး။ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုဖြစ်နေပါပြီ။ ညှဉ်းပန်းနှိပ်စက်မှုတွေဟာ စနစ်တကျ နဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတာကို တွေ့ရပါတယ်”

အင်းစိန်ထောင်တွင်းမှ ဖိနှိပ်မှုများ

ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးထားသူများကို မတ် ၂၄ နှင့် ၂၆ တွင် လွှတ်ပေးခဲ့ပြီးနောက်ပိုင်း ထောင်တွင်းဖိနှိပ်မှု ပိုဆိုးလာသည်။

အကျဉ်းသား၊ အချုပ်သားများ လိုက်နာရန် စည်းကမ်းချက် ၁၈ ချက်ကို ထောင်အာဏာပိုင်များက ရွတ်ဆိုခိုင်းရာ ပုဂ္ဂလိကဆိုင်ရာ လွတ်လပ်ခွင့်များကို ထိပါးနေသည့် အချက်များလည်း ပါဝင်နေသဖြင့် ရွတ်ဆိုရန် ငြင်းဆန်သော ကိုဘုန်းထက်နောင်အပါအဝင် ၇ ဦး ဧပြီ ၂၂ တွင် တိုက်ပိတ်ခံရသည်။

“အလုပ်ကို ကြိုးစားလုပ်ကိုင်ရမည်၊ ခွင့်ပြုချက်မရှိဘဲ စာအုပ်စာတမ်းတွေ မကိုင်ရဘူး၊ ၉ နာရီထိုးရင် အိပ်ခိုင်းတဲ့ဟာတွေ၊ ၇ နာရီထိုးရင် ဘုရာရှိခိုးရမယ်ဆိုတာမျိုးတွေ ပါတယ်” ဟု သူက ပြောသည်။ 

၃ ရက်ကြာတိုက်ပိတ်ထားပြီးနောက်တွင် အင်းစိန်ထောင်မကြီးထဲရှိတိုက်တွင် ၁ လတာ ဆက်လက်ပိတ်ထားခဲ့ရာ အခြားသူများနှင့် အဆက်အသွယ်ပြတ်တောက်သွားကြသည်။ 

 မေ ၂၅ တွင်သူတို့ ၇ ဦးကို  တရားစခန်းဟု ခေါ်သည့်နေရာသို့ ပို့ဆောင်လိုက်သည်။

“တရားစခန်းက တကယ့်ကို ၅၀၅ တွေကို ဖိနှိပ်တဲ့နေရာဖြစ်နေတယ်။ လုံးဝကို ပုံစံတကျ ဖိနှိပ်တယ်။ တရားစခန်းအဆောင်မှာ ၂ ခန်းမှာ ပုံစံခန်းဆိုပြီး ရှိတယ်။ ပုံစံခန်းက သူကြီး(နှစ်ကြီးထောင်သား) တွေ ရှိတယ်။ သူတို့က ကျွန်တော်တို့ကို (တရား)အတင်းထိုင်ဆို ထိုင်ခိုင်းပြီးတော့ တုတ်တွေနဲ့ရွယ်တယ်။ ပြီးတော့ သူတို့က အထုပ်တွေ ဖွင့်ရှာဖို့လုပ်တယ်” ဟု သူက ဆိုသည်။  

“ဒီလူတွေကပဲ ကျွန်တော်တို့ကို ဘေးတန်းတွေမှာ နေချင်ရင် ဘေးတန်းကြေးပေးရမယ်ဆိုပြီး ပိုက်ဆံတွေကောက်တယ်။ ဘေးတန်းမှာ နေချင်ရင် တစ်သောင်းခွဲပေးရမယ်တို့၊ အလုပ်မလုပ်ချင်ရင် တစ်သောင်းပေးရမယ်တို့၊ ပြီးတော့ ကျွန်တော်တို့ မိလ္လာတွေထမ်းခိုင်းတယ်။ မထမ်းချင်ရင် တစ်သောင်းခွဲပေးရမယ်လို့ အဲ့လိုမျိုးတွေ လုပ်စားတယ်ဗျာ” 

ကြမ်းပြင်ပေါ်တွင် အများနည်းတူ အိပ်စက်ခွင့်အတွက် ပိုက်ဆံပေးရသလို ရေအဝချိုးလိုလျှင်လည်း ပေးရသည်ဟု ဆိုသည်။   

တရားစခန်းဟူသော နေရာတွင် နှစ်ပတ်ကျော်ကြာနေခဲ့ရပြီးနောက် ၎င်းတို့ ၇ ယောက်လုံး နေရာပြောင်းရပြန်သည်။  

“တစ်ယောက်စီကို ခွဲထုတ်ပြီးတော့ ရာဇဝတ်သားတွေနေတဲ့ အဆောင်တွေကို ပို့လိုက်တယ်။ ပြီးတော့ ကျွန်တော်တို့ ဘာလုပ်လဲဆိုတာကို စောင့်ကြည့်တယ်ပေါ့။ ရေချိုးတာ သေးပေါက်တာကအစ နောက်ကနေ လိုက်စောင့်တယ်” ဟု ၎င်းက ပြောသည်။

အပေါ်ဆောင်တွင် ရာဇဝတ်သားများနှင့် တစ်လနီးပါး နေထိုင်ခဲ့ပြီးနောက် ကိုဘုန်းထက်နောင်အပါအဝင် ၃ ဦးကို တရားစခန်းသို့ ထောင်အာဏာပိုင်များက ပြန်ပို့ခဲ့ပြန်သည်။ ကျန် ၄ ဦးမှာ အပေါ်ဆောင်တွင် ကျန်ခဲ့သည်။  

ပြန်လည်လွတ်မြောက်

တာမွေ၊ မရမ်းကုန်းမြို့နယ် တရားရုံးတို့တွင် ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားခြင်းကို ရင်ဆိုင်နေရစဉ် ကိုဘုန်းထက်နောင်သည် ဇွန် ၃၀ ညနေတွင် မမျှော်လင့်ဘဲ လွတ်မြောက်ခဲ့သည်။  

အမှုရင်ဆိုင်ဆဲ အကျဉ်းသားရာပေါင်းများစွာကို လွှတ်ပေးခဲ့​ခြင်းမှာ စစ်ကောင်စီကြုံတွေ့နေရသော ဖိအားကြောင့်ဖြစ်နိုင်သည်ဟု ကိုဘုန်းထက်နောင်က ဆိုသည်။

“နိုင်ငံတကာမှာ မျက်နှာကောင်းလိုချင်လို့ လွှတ်ပေးတာဖြစ်နိုင်တယ်။ နောက်ပြီး သူတို့အပေါ် ဖိအားတွေကို လျှော့ပေါ့ဖို့လည်း ဖြစ်နိုင်တယ်” ဟု ၎င်းက တွေးတွေးဆဆ ပြောသည်။ 

ထိုနေ့တွင် ပြန်လည်လွတ်မြောက်လာသူများကလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတို့ ထောင်ထဲရောက်သွားလျှင် ရာဇဝတ်သားများထက်ပိုပြီး ခွဲခြားဖိနှိပ်မှုများနှင့် ရင်ဆိုင်ရသည်ဟု ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

စစ်ကောင်စီသည် အံတုသူများကို ဖမ်းဆီးနေရာ ဇူလိုင် ၁၆ အထိ ဆက်လက်ထိန်းသိမ်းခံနေရသူ ၅၂၇၇ ဦး အနည်းဆုံးရှိပြီး ၎င်းတို့အနက်မှ ၂၅၄ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု AAPP အသင်း၏ လက်လှမ်းမီသမျှ စုံစမ်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

ထောင်တွင်းကျန်နေသော ရဲဘော်များလွတ်မြောက်ရေးနှင့် မပြီးဆုံးသေးသည့် နွေဦးတော်လှန်ရေးတွင် ဆက်လက်ပါဝင်ဦးမည်ဟု ကိုဘုန်းထက်နောင်က ဆိုသည်။

“စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းရေး၊ ဒီမိုကရေစီရရှိရေးအတွက် လုပ်ကိုလုပ်ရမယ်။ ကျွန်တော်တို့က ဒီမူဘောင်ကို ကိုင်ပြီးတော့ ဆက်လုပ်ရမှာပဲ” ဟု ကိုဘုန်းထက်နောင်က ပြောလိုက်သည်။myanmar now

စွမ်းရည်နည်း စစ်ကောင်စီနှင့် ကူရာမဲ့ ရန်ကုန်ကပ်ဘေး

မပြန်လမ်းသို့မြန်းတော့မည့် မိသားစုဝင်၏ ရုပ်ခန္ဓာကို မီးသင်္ဂြိုဟ်စက်အတွင်း မထည့်မီ တတ်နိုင်သမျှ အချိန်ဆွဲ ပူဆွေးတတ်ကြသည့် ပုံမှန်မြင်ကွင်းမျိုး ရန်ကုန်မြို့ ရေဝေးသုဿန်၌ ပျောက်ဆုံးနေသည်။

ရုပ်အလောင်းအနီးတွင် ဆွေမျိုးမိတ်သင်္ဂဟအပေါင်းခြံရံ၍ ယခင်ကကဲ့သို့ နှမြောတသလွမ်းဆွတ်နိုင်ခြင်း မရှိရုံမက နာရေးလိုက်ပါပို့ဆောင်သည့် မိသားစုဝင် တစ်ဦးစ၊ နှစ်ဦးစသည်ပင်လျှင် မီးသင်္ဂြိုဟ်စက်ရှေ့၌ ခြေချရန်ခက်နေသည်။

“ဒီအတိုင်းဆိုရင်တော့ မလွယ်ဘူးဗျာ။ တကယ်ကို မလွယ်တာပါ”ဟု မြောက်ဥက္ကလာပမြို့နယ်အခြေစိုက် ဘိုစိန်လူမှုကယ်ဆယ်ရေးအသင်းထူထောင်သူ ဦးဘိုစိန်က ပြောလိုက်သည်။

ကိုဗစ်တတိယလှိုင်းကြုံနေချိန် လူနေထူထပ်သည့် ရန်ကုန်မြို့ ရေဝေးသုဿန်၏ ဇူလိုင် ၁၄၊ ညနေ ငါးနာရီမြင်ကွင်းကို ဦးဘိုစိန်က သူ၏ Facebook တွင် ရုပ်သံတစ်ခု ရိုက်ကူးထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

ကြည့်ရှုသူ ကိုးသိန်းကျော်ရှိသော၊ နှစ်မိနစ်ခန့်ကြာသော ရုပ်သံတွင် မီးသင်္ဂြိုဟ်စက် တံခါးဝရှေ့နှင့် ဘေး ဘယ်၊ ညာ၌ ရုပ်အလောင်း ၅၀ကျော် တန်းစီနေသည်ကို မြင်တွေ့ရသည်။

ယင်းတို့အနက် အခေါင်းဝယ်မရ၊ လက်တွန်းလှည်းရှာမရ၍ စောင်ဖြင့်၊ ဖျာဖြင့် ပတ်၍ ကြမ်းပြင်ပေါ်ချထားရသည့် ရုပ်အလောင်းများက ထက်ဝက်ခန့်ဖြစ်သည်။

ဦးဘိုစိန်မှာလည်း အဆိုပါရုပ်သံဖိုင်ကို မထုတ်လွှင့်မီ နှစ်ရက်(ဇူလိုင် ၁၂)ကမှ ကိုဗစ်လက္ခဏာဖြစ်သည့် အောက်ဆီဂျင်ထိုးကျသည့် ဝေဒနာရခဲ့သည့် ဖခင်နှင့် အဒေါ်ကို အချိန်အနည်းငယ်သာခြားကာ လက်လွှတ်လိုက်ရသူဖြစ်သည်။

ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် မစိမ်းသူ ပရဟိတသမားကြီးကပင် ၎င်း၏ ဖခင်နှင့် အဒေါ်ကို ကုသရန်လက်ခံပေးမည့် ဆေးရုံ၊ ဆေးခန်း ရှာမရ၊ အောက်ဆီဂျင်ဝယ်မရအဖြစ်မျိုး ကြုံခဲ့ရကြောင်း ငြီးတွားသည်။

သို့သော် မိသားစုဝင်နှစ်ဦးအတွက် ရက်လည်အလှူဒါနပင်မလုပ်ရသေးသည့် ပရဟိတသမား ဦးဘိုစိန်အတွက် ရန်ကုန်မြို့အခြေအနေများက နားနေ၍ ပူဆွေးရန် အချိန်မပေးခဲ့ပါ။ 

“ကိုယ့်မိဘက ဆုံးသွားပေမယ့် နောက်လူတွေကျလည်း ကောင်းကောင်းမွန်မွန်ဖြစ်ပါစေတော့ဆိုပြီး (ပရဟိတကိစ္စတွေကို ချက်ချင်းပြန်)လုပ်တာ”ဟု ၎င်းက Myanmar Now ကို ပြောသည်။

ကူရာမဲ့ နမူနာ

ဦးဘိုစိန်မှာ ရန်ကုန်မြို့၌ တစ်ဦးတည်းသော ကံဆိုးသူတော့မဟုတ်ပါ။ ကိုဗစ်နိုင်တင်းတတိယလှိုင်း အပြင်းအထန်စတင်ကြုံတွေ့ရချိန် ဇူလိုင်လ၏ ပထမရက်သတ္တပတ်နှစ်ပတ်အတွင်း ရန်ကုန်မြို့အခြေအနေ မည်မျှဆိုးရွားနေသည်ကို သက်သေပြနိုင်သည့်ဖြစ်စဉ်များစွာရှိသည်။

ယင်းတို့အနက် အတူနေမိခင်နှင့် အခြားမိသားစုဝင်နှစ်ဦးကို တစ်ပတ်အတွင်း ဆုံးရှုံးလိုက်ရသည့် ရန်ကင်းမြို့နယ်နေ အမျိုးသမီးငယ်မှာလည်း အပါအဝင်ဖြစ်သည်။

အမောဖောက်လာသည့် အဖွားကို ရန်ကုန်ဆေးရုံကြီးသို့  ညတွင်းချင်းပို့ရာတွင် ကံကောင်းထောက်မစွာဖြင့် ဆေးရုံတင်ခွင့်ရသော်လည်း ကိုဗစ်ကူးစက်ခံရကြောင်း အဖြေထွက်သည့် နောက်တနေ့ (ဇူလိုင် ၅) နံနက်ပိုင်း၌ပင် လက်လွှတ်လိုက်ရသည်။

နောက်သုံးရက်အကြာ(ဇူလိုင်၈)၌ အဖွားကို ဆေးရုံသို့ လိုက်ပို့ပေးခဲ့သည့် ဦးလေးဖြစ်သူတွင် ကိုဗစ်သံသယလက္ခဏာပြလာခဲ့သော်လည်း မည်သည့်စမ်းသပ်ကုသမှုမျှမရမီပင် ကွယ်လွန်သွားပြန်သည်။

ကိုဗစ်အတည်ပြုလူနာအဖြစ် ကွယ်လွန်သွားသည့် အဖွားကို ဆေးရုံစောင့်ခဲ့သူ ရန်ကင်းမြို့နယ်နေ အထက်ပါ အမျိုးသမီးငယ်၏ ဖြည်မဆည်နိုင်စရာအဖြစ်ဆိုးများက ထိုမျှနှင့်မရပ်ခဲ့ပါ။

လူနာကို အနီးကပ်ပြုစုခဲ့သဖြင့် ဆေးစစ်ပေးရန် တောင်းဆိုမှုကို ရန်ကုန်ဆေးရုံကြီးက ငြင်းပယ်ပြီး နေအိမ်သို့သာ ပြန်လွှတ်ခြင်းသည် သူ့အတွက် အဆိုးရွားဆုံး ကံဆိုးမိုးမှောင်ကျမှုကို ဖိတ်ခေါ်လိုက်သကဲ့သို့ ဖြစ်ခဲ့ရသည်။

အိမ်ပြန်ရောက်ချိန်(ဇူလိုင်၅)တွင် တစ်ဦးတည်းခွဲခြားနေထိုင်ပါသော်လည်း နောက်နှစ်ရက်တွင် အတူနေမိခင်မှာ မကျန်းမမာဖြစ်လာသည်။ 

“ညီမအမေကို ဆေးရုံပို့ချင်တာ။ ဘာလို့လဲဆိုတော့ ဆေးရုံမှာကျတော့ အောက်စီဂျင်လောက်တယ်လေ။ ဒါပေမယ့် ဆေးရုံသွားတဲ့ လမ်းမှာ တစ်ခုခုဖြစ်မှာလည်း စိုးရိမ်တယ်။ ဆေးရုံတွေကလည်း လက်မခံဘူး” ဟု အထက်ပါအမျိုးသမီးငယ်က Myanmar Now ကို ပြန်ပြောပြသည်။

မိခင်ကွယ်လွန်သည့်နေ့(ဇူလိုင် ၁၀) နောက်ဆုံးအချိန်အထိ အသက်ကယ်နိုင်ရန် မျှော်လင့်ချက်ဖြစ်သည့် အောက်ဆီဂျင်ရရှိရေး နံနက် ၄နာရီထကာ တောင်ဒဂုံစက်မှုဇုန်၌ သွားရောက်တန်းစီခဲ့သော်လည်း ညနေ ၅နာရီအထိ မရခဲ့သလို ၎င်း၏ ကြိုးပမ်းမှုမှာလည်း အချည်းနှီးဖြစ်ခဲ့ရသည်။

“ညီမက… ညီမအမေနဲ့ ညီမ နှစ်ယောက်တည်းရှိတာ။ အခုက အမေမရှိတော့ဘူး။ ဘယ်သူမှမရှိတော့ဘူး” ဟု အမျိုးသမီးငယ်ကပြောရင်း ငိုချလိုက်သည်။

စစ်ကောင်စီ၏ စွမ်းဆောင်ရည်

ထိုသို့ ဇူလိုင်လဆန်းမှစ၍ ရန်ကုန်မြို့ကြီး ငရဲပွက်တမျှဖြစ်နေချိန် နှစ်ပတ်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ ထုတ်ပြန်သောစာရင်းများ၌ တစ်နိုင်ငံလုံးတွင် ကိုဗစ်ကြောင့် သေဆုံးသူမှာ ၁၀၀ ဝန်းကျင်သာရှိသည်။

စစ်ကောင်စီ၏ ဇူလိုင် ၁၃ရက်ထုတ် ဝါဒဖြန့်သတင်းစာများတွင် အောက်ဆီဂျင် လုံလောက်စွာရှိကြောင်း၊ ပြတ်လပ်နေသည်ဟုဆိုခြင်းမှာ ကောလာဟလ၊ နိုင်ငံရေးအမြတ်ထုတ်မှုပင် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြောကြားချက်ဆိုသည်ကိုလည်း ဖော်ပြထားသေးသည်။

ထို့အပြင် အာဏာသိမ်းပြီးချိန် ကိုဗစ်တတိယလှိုင်းနှင့် ရင်ဆိုင်တိုးချိန်တွင် ပြည်သူတို့ကို အရပ်ဘက် ဒေသန္တရကျန်းမာရေးဌာနများထံသွားရန် စစ်ခေါင်းဆောင်က လမ်းညွှန်ကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းခေါင်းဆောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အရပ်သားအစိုးရလက်ထက် ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းကြုံခဲ့ရစဉ်က တပ်မတော် ဆေးဘက်ဆိုင်ရာ စွမ်းအားအရင်းအမြစ်များကို ယူငင်မသုံးစွဲသဖြင့် စစ်တပ်ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် မကြာခဏ ငြိုငြင်ပြခဲ့သူဖြစ်သည်။

အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆရာဝန်များနှင့် ပရဟိတသမားများကို သတ်ဖြတ်၊ ဖမ်းဆီး၊ ဝရမ်းထုတ်ခဲ့သည့် စစ်ကောင်စီ၏ ကိုဗစ်တတိယလှိုင်း ရင်ဆိုင်မည့်အစီအမံတွင် စေတနာ့ဝန်ထမ်းများ ပူးပေါင်းကူညီရန်၊ ဆရာဝန်များကို စာချုပ်စနစ်ဖြင့်ခန့်ရန်တို့လည်းပါဝင်သည်။

စစ်ကောင်စီ၏ ကိုဗစ်ဆိုင်ရာအစီအမံများမှာ အဆီအငေါ်တည့်ရန်မရှိဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)၌ ပါဝင်၍ ဖမ်းဝရမ်းထုတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်နေရသူ ဆရာဝန်အချို့က သုံးသပ်သည်။

“ရာဇပုလ္လင်ပေါ် မတန်မရာတက်ထိုင်တဲ့၊ ကိုယ့်တစ်ဘို့ထဲကြည့်တတ်တဲ့လူရဲ့ အမျှော်အမြင်နဲ့တော့ လမ်းမမြင်ဘူး။ ပြည်သူတွေ ဒုက္ခတရားလျော့နည်းသက်သာဖို့ အရင်လို ကိုယ်ထိလက်ရောက်လုပ်ပေးနိုင်တဲ့ အခြေအနေလည်းမရှိတော့ ဝမ်းနည်းနေရပါတယ်”ဟု ဆေးရုံအုပ်အဆင့် CDM ဆရာဝန်ကြီးတစ်ဦးက ပြောသည်။

ရန်ကုန်တွင် ထိုသို့အဖြစ်ဆိုးကြုံနေရသည်ကို ဦးဘိုစိန်ကဲ့သို့သော ပရဟိတသမားကလည်း အတည်ပြုသည်။ ကိုဗစ်သံသယလူနာများစွာမှာ ဆေးရုံ၊ ဆေးခန်းများ၌ ကုသခွင့်မရဘဲ သေဆုံးသူများနေသည်ဟု ၎င်းက ဆက်ပြောသည်။

“ကျွန်တော်တို့ (အလောင်း)သယ်ရတာက နေအိမ်တွေက များတယ်။ ဆေးရုံဆေးခန်းက မရှိသလောက်ပဲ။ 

အောက်စီဂျင်မလောက်ငှမှုနဲ့ ကြုံနေရတယ်။ အလောင်းသွားသယ်တဲ့အိမ်တွေမှာဆို အောက်စီဂျင်အိုး တစ်လုံးတောင်မရှိတာတွေ တွေ့တယ်”ဟု ဦးဘိုစိန်က ပြောပြသည်။

ဝေဝါးနေဆဲ မျှော်လင့်ချက်များ

အထက်ပါ အခြေအနေများနှင့် စပ်လျဉ်း၍ စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းခွင့်မရခဲ့ပါ။

အခြား မြို့ကြီးမြို့ငယ်များတွင် ကူးစက်မှုများသော်လည်း လူဦးရေ ၇ သန်းဝန်းကျင်ရှိသော ရန်ကုန်မှာ ကူးစက်ခံရသူ အများဆုံးဖြစ်သည်။

ပထမလှိုင်းနှင့် ဒုတိယလှိုင်းကာလက ရန်ကုန်တိုင်း၌ လွန်စွာအရေးပါခဲ့သော လူထုအခြေပြု ဖျားနာကုအခမဲ့ဆေးခန်းအချို့တွင် တာဝန်ယူခဲ့ဖူးပြီး စစ်ကောင်စီ၏ ရန်ရှာမှုမှ ကင်းလွတ်နေဆဲဖြစ်သော ဆရာဝန်အချို့ကမူ ယနေ့အချိန်တွင် လက်ပိုက်သာကြည့်နေနိုင်ကြောင်းပြောသည်။

“ပရဟိတသမားနဲ့ ဆရာဝန်အင်အား ခက်နေတယ်။ လူနာလွှဲမယ့်နေရာ သတ်မှတ်ထားတာ မရှိဘူး။ တတိယလှိုင်းမှာ အဲဒါ အခက်အခဲဖြစ်နေတယ်”ဟု ရန်ကုန်တိုင်း၊ ဖျားနာကုအခမဲ့ဆေးခန်းတာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ပြောသည်။

ဆေးခန်းများက ရောဂါရှိမရှိ စစ်ထုတ်ပြီးနောက် ရောဂါအခံရှိသူနှင့် အောက်ဆီဂျင်ကျသူ၊ အနံ့နှင့် အရသာပျောက်သူ စသဖြင့် အမျိုးအစားခွဲခြား၍ ကုသမှုခံယူရမည့် ဆေးရုံနှင့် စင်တာများသို့ စနစ်တကျ လွှဲအပ်ပေးနိုင်ခဲ့ခြင်းကို ၎င်းက ရည်ညွှန်းခြင်းဖြစ်သည်။

ဇူလိုင်လတွင် စစ်ဆေးမှုနှင့် ပိုးတွေ့နှုန်းအချိုး ၃၀ ရာခိုင်နှုန်းခန့်ရှိလာပြီးနောက်တွင် မြို့နယ်အလိုက် ဖျားနာကုဆေးခန်းများပြန်ဖွင့်ရန် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှတစ်ဆင့် စစ်ကောင်စီက ကမ်းလှမ်းလာသော်လည်း ဝန်နှင့်အားမျှမည်မဟုတ်၍ အကောင်အထည်မဖော်နိုင်သေးဟု ၎င်းက ပြောသည်။

“အခုအချိန်မှာက တစ်အိမ်မှာ တစ်ယောက်နှုန်း ဖြစ်နေတယ်လို့ ပြောလို့ရတယ်”ဟု ဒေါက်တာကျော်မင်းထွန်းက ပြောသည်။

ရန်ကုန်အခြေစိုက် လူမှုကူညီရေးအသင်းလေးခု၏ ဇူလိုင် ၁၃ ရက် အချက်အလက်များအရ မြို့တော်ရှိ သုဿန်လေးခုတွင် နေ့စဉ် စုစုပေါင်း ရုပ်အလောင်း ၁၀၀ ကျော် မီးသင်္ဂြိုဟ်ရန် ပုံမှန်ပို့ဆောင်ပေးနေရာမှ ၆၀၀ ဝန်းကျင်အထိ ရုတ်တရက်ထိုးတက်ခဲ့သည်မှာ တစ်ပတ်ခန့်ရှိပြီဟု သိရသည်။

အဆိုပါအခြေအနေတွင် လက်ဆေးခြင်း၊ Mask တပ်ခြင်း၊ ခပ်ခွာခွာနေခြင်းကဲ့သို့သော ကိုဗစ်နိုင်တင်းကပ်ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ဂရုတစိုက်ဆောင်ရွက်ရန်၊ လက္ခဏာပြလာပါက အိမ်သားများနှင့် သီးခြားခွဲ၍နေထိုင်ခြင်း၊ လက်လှမ်းမီရာ ကျန်းမာရေးဝန်ထမ်းများထံဆက်သွယ်၍ ဆေးဝါးမှီဝဲခြင်းတို့ ဆောင်ရွက်ရန် ဒေါက်တာကျော်မင်းထွန်းက အကြံပြုသည်။

“ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမယ့် ပုံစံဖြစ်နေတယ်။ ဆေးရုံတွေကို လိုက်ပတ်ရှာ၊ (ကုသခွင့်) ဘယ်မှာရမလဲ၊ ရလိုရငြားပေါ့။ အဲဒီလိုမှရမယ်။ ဘယ်သူ့ကိုအားကိုးရမှန်း အခုအနေအထားက မသိတော့ဘူး” ၎င်းက မှတ်ချက်ပြုသည်။myanmar now

« Older Entries