မတူပီမြို့တွင် အငြိမ်းစားဗိုလ်မှူး အဆင့်ရှိသူက ၁၇နှစ်အရွယ်မိန်းကလေးကို အဓမ္မ ပြုကျင့် သည် ဟု သတင်းများထွက်ပေါ်

ချင်းပြည်နယ်၊ မတူပီမြို့၊ အခြချစစ်ဗျူဟာကုန်းထဲရှိ အရာရှိရိပ်သာတွင်နေထိုင်သည့် ဗိုလ်မှူးဝင်းနိုင်(ငြိမ်း)သည် မတူပီမြို့အဝင် RCလိုင်း အောက်ဘက်ခြမ်းတွင် နေထိုင်သည့် အသက် ၁၇နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ၎င်း၏နေအိမ်ထဲ၌ အဓ္ဓမပြုကျင့်သည့် ဖြစ်စဉ်တစ်ခု ဇွန်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း မတူပီဒေသခံများထံက သိရသည်။

အဆိုပါဗိုလ်မှူးဝင်းနိုင်သည် မတူပီမြို့တွင် ၁၅ နှစ်နီးပါး တာဝန်ကျခဲ့သူဖြစ်ပြီး မတူပီမြို့၏ လုံခြုံရေးကို အဓိက ကိုင်တွယ်ရသူဖြစ်သည်။ အာ ဏာမသိမ်းခင်ကာလက အသက်မပြည့်ဘဲ ပင်စင်ယူပြီးနောက် ဗျူဟာကုန်းထဲရှိ အရာရှိရိပ်သာတွင် ဆက်လက်နေထိုင်နေသူ ဖြစ်သည်ဟုလည်း သိရသည်။

”ကောင်မလေးက အသက်၁၇ နှစ်အရွယ်ပဲ ရှိတယ်ဆိုတာကတော့ မှန်ပါတယ်။ ပြီးတော့ သူ့ရဲ့အဒေါ်ကလည်း မတူပီဘဏ်မှာ တာဝန်ကျတဲ့စစ်သားတွေCDMဝင်ဖို့အတွက် CDFတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးတယ်ဆိုပြီး အခုမတူပီအချုပ်မှာ ဖမ်းခံနေရသူဖြစ်တယ်။ ဒါကို ဗိုလ်မှူးဝင်းနိုင်က ကောင်မလေးအိမ် ရောက်လာပြီးတော့ နင့်အဒေါ်တွေနှင့် ပတ်သက်ပြီးနင့်ကိုလည်း မေးစရာရှိတယ် ဆိုပြီးအိမ်ပေါ်တက်လာတယ်။ပြီးတော့ အဓမ္မပြုကျင့်တယ်၊ဒီလိုပဲကြားရတယ်”ဟု မတူပီမြို့ပေါ်နေသူများက ဆိုသည်။

အဆိုပါ ဗိုလ်မှူးဝင်းနိုင်သည် အသက် ၅၀အရွယ်နီးပါး ရှိသူဖြစ်ပြီး စစ်ကောင်စီတပ်မှပင်စင်ယူပြီးနောက် မတူပီမြို့ဗျူဟာကုန်းရှိ အရာရှိရိပ် သာတွင် သာ ဆက်လက်နေထိုင်ပြီး စစ်ကောင်စီနှင့်ပတ်သက်သည့် တင်ဒါလုပ်ငန်းများ လုပ်ကိုင်နေသည်ဟုလည်း သိရသည်။

”တပ်ထဲမှာလည်း သူ့ကို(ဗိုလ်မှူးဝင်းနိုင်)ကိုမကျေနပ်တဲ့သူများတယ်။တကယ်တော့သူက ပင်စင်ယူပြီးပြီလေ။ သူ့မှာဘာပါဝါမှ လုပ်ပိုင်ခွင့်မရှိတော့ဘူး အဲဒါကို လက်ရှိတာဝန်ကျနေတဲ့ အရာရှိလို ခိုင်းနေတုန်းဆိုတော့ တပ်ထဲကသူတွေလည်း သိပ်မကြိုက်ကြဘူး ။ နောက်ပြီးတော့ အရက်မှူးလာရင် သွေးဆိုးပြီး အရမ်းရစ်တယ်။အခု ကလေးမလေးကို မုဒိန်းကျင့်တယ် မကျင့်ဘူးဆိုတာထက် ဒီကိစ္စမှာတော့သူက နာမည်ပျက်တော့ရှိထားတယ်။မတူပီမြို့ပေါ်က အမျိုးသမီးတစ်ဦးနဲ့လည်း အတူတူနေသလိုလို ကြားနေရတယ်။တပ်ထဲမှာလည်း သူ့မိသားစုရှိနေတယ်။ဒါမျိုးကိစ္စတွေတော့ရှိတယ်”ဟု သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

မတူပီမြို့တွင် ပြီးခဲ့သည့် စစ်အစိုးရလက်ထက်တွင်လည်း အလားတူ အမျိုးသမီးများကို စစ်တပ်အဖွဲ့ဝင်က အဓ္ဓမပြုကျင့်ခဲ့သည့် ဖြစ်စဉ်အ မြောက်အမြား ရှိခဲ့ပြီး အဆိုပါ အဓ္ဓမပြုကျင့်ခဲ့သည့်ဖြစ်စဉ်များထဲမှ ၂၀၁၄ ခု ဇွန် ၁၀ ရက် နေ့တွင် ရေဇွာမြို့ အခြေစိုက် ခလရ (၂၆၉) မှ ကိုယ် ပိုင်အမှတ် တသ – ၃၇၁၈၅၀၊ တပ်သား မျိုးသူရကျော်က အသက် ၄၀ အရွယ် အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးကို အဓမ္မ ပြုကျင့်ရန်ကြံစည် ခဲ့သည့်အပြင် ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်ကြောင့် မတူပီနှင့်ရေဇွာမြို့များတွင် အမျိုးသမီးများ စုပေါင်းပြီး ဆန္ဒပြခဲ့ကြသည်။mizzima

ဘီးလင်းတွင် စစ်ကားတစ်စီး မိုင်းဆွဲခံရပြီး ဒု ဗိုလ်မှူးကြီး ၁ ဦး အပါအဝင် စစ် သား ၉ ဦး ပွဲ ချင်းပြီး သေဆုံး၊ ၅ ဦးဒဏ်ရာ အပြင်းအထန်ရပြီး သေဆုံးဖွယ်ရှိ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ယနေ့ မွန်းတည့်ချိန် စစ်ကောင်စီ၏ ကား ၁၀ စီးပါ စစ်ယာဉ်တန်းကို KNLA၊ PDF ပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ရာ ဒုတိယဗိုလ်မှူးကြီး ၁ ဦး အပါအဝင် စစ်သား ၉ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ယနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင် မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ စည်ပင်သာယာဂိတ်အထွက်၊ နောင်ရိုးတွင် စစ်ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကား ၁စီးမှာ မိုင်းတည့်တည့်ထိမှန်ပြီး လုံး၀ ပျက်စီးသွားကြောင်း၊ အဆိုပါစစ်ကားတန်းသည် ပဲခူးတိုင်းကျောက်ကြီးဘက်သို့ ဦးတည်ထားခြင်းဖြစ်ပြီး မိုင်းဆွဲခံရမှုကြောင့် အသေအပျောက်များလွန်းသဖြင့် ကျိုက်ထို တပ်ထဲသို့ ဝင်သွားကြောင်း၊ သေဆုံးသူနှင့် ဒဏ်ရာရသူများကို သယ်ဆောင်၍ စစ်ကြောင်း ရှေ့ဆက်သွားမည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း သိရှိရသည်။

“ဘီးလင်းမှာ ဒီမနက် ၁၁ နာရီ ၅၇ မိနစ်အချိန် ဘီးလင်းစည်ပင်သာယာဂိတ်အထွက် နောင်ရိုးမှာ စစ်ခွေးကားတစ်စီး မိုင်းဆွဲခံရတာ တစ်စီးလုံးထိတယ်။ ကားက လုံးဝပျက်စီးသွားတယ်။ာ ဒုဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၉ ဦး ပွဲချင်း ပြီးသေတယ်။ ၅ ဦး က ဒဏ်ရာအပြင်းအထန်နဲ့ အ သည်းအသန်ပဲ။ သေမယ့်သဘောရှိတယ်။ စစ်သား ၉ ဦးကတော့ ပွဲချင်းပြီး။ စစ်ကားက တစ်စစီ ဖြစ်ပြီး ကြေမွသွားတာ။ စစ်ကား ၁၀ စီးမှာ ၁ စီးက လုံးဝပျက်စီးသွားတာ။ ရှေ့ဆက်မသွားတော့ဘူး။ ကျိုက်ထိုတပ်ထဲကိုပဲ ပြန်ဝင်သွားတယ်” ဟု KNLA၊ PDF ပူးပေါင်းတပ်၏ သတင်းရင်း မြစ်က ပြောဆိုသည်။ khit thit

မင်းတပ်မြို့နယ် ချပ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်သဖြင့် ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ချပ်ကျေးရွာကို ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က တိုက်လေယာဉ်နှစ်စင်းဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့၍ ပြည်သူလေးဦးသေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ တိုက်လေယာဉ်များဗုံးကြဲခဲ့သည့် မင်းတပ်မြို့နယ် ချပ်ကျေးရွာ၊ တွီရိန်းနှင့် စွန်တောင် ကျေးရွာများရှိ စာသင်ကျောင်းများ၊ ဘုရားရှိခိုးကျောင်းနှင့် နေအိမ်များပျက်စီးဆုံးရှုံးခဲ့ကြောင်းလည်း သိရသည်။

“ ကျွန်တော်တို့ ထမင်းစားဖို့လုပ်နေချိန်ရှိသေးတယ် ဒုန်းခနဲမြည်သံနဲ့အတူ လျှပ်စီးလိုအလင်းက မျက်လုံး ထဲကိုလာစူးပြီး ပတ်ဝန်းကျင်တစ်ခုလုံး အပြင်းထန်တုန်ခါသွား‌တာ။ ပထမကတော့ မီးစက်နှိုးထားတဲ့ အသံ‌ကြောင့်‌ တိုက်လေယာဉ်သံကို သတိမပြုမိသေးဘူး။ နောက်တော့မှ ဆက်တိုက်ဆိုသလို သုံးလုံး ကြဲချခံရတော့ ပြေးတဲ့သူပြေး ဒဏ်ရာရတဲ့သူတွေကိုလည်း သယ်တဲ့သူတွေက သယ်ကြတာပေါ့နော်။ အဲဒီ ချိန်မှာ နောက်ထပ်တစ်ခါထပ်ပြီးတော့ ဗုံးကြဲချတာ ခုနစ်လုံးလောက်ရှိတယ်။ စုစုပေါင်း လေယာဉ်နှစ်စီးနဲ့ လာပြီးဗုံးကြဲတာ” ဟု ချပ်ရွာသားတစ်ဉီးကပြောသည်။

“ ဒဏ်ရာရတဲ့သူတွေက သွေးတလိမ်းလိမ်းနဲ့။ ကလေးငယ်တွေက အပြင်မှာကစားနေကြတာဆိုတော့ ပို ထိတယ်။ ဒဏ်ရာရတဲ့သူတွေကို နီး စပ်ရာဆေးရုံဆေးခန်းကို ထမ်းပို့ကြ သယ်ကြ လုပ်နေရတယ်။ လော လောဆယ် လေးယောက်သေသွားပြီ ဒဏ်ရာရတဲ့သူကတော့ ၁၅ ယောက်မကဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ ချပ်ရွာ၊ တွီရိန်းရွာနှင့် စွန်တောင်တို့တွင် စစ်ကောင်စီတပ်များနှင့် ဒေသခံကာကွယ်ရေးတပ်များ ထိတွေ့မှုဖြစ်ပွားခြင်းမရှိဘဲ စစ်ဘေးရှောင်အများအပြား ခိုလှုံနေကြသည့် ရွာများသာဖြစ်သည်ဟုလည်း သိရသည်။

မင်းတပ်မြို့နယ်အတွင်း ဒေသခံကာကွယ်ရေးတပ်(CDF)မင်းတပ်နှင့်စစ်ကောင်စီတပ်များ ထိတွေ့မှုဖြစ် စဉ်များရှိနေပြီး လူနေရွာများသို့ တိုက် လေယာဉ်အသုံးပြုဗုံးကြဲတိုက်ခိုက်ခြင်းသည် ပထမဆုံးဖြစ်သည်ဟု သိရသည်။ mizzima

မြောင်တွင် PDF တပ်ပေါင်းစုများ၏ မိုင်းခွဲမှုနှင့် Mytel အမြှောက်ကျည်ဖြင့် ပစ်ခတ်မှုကြောင့် စစ်သား ၄ ဦးသေဆုံး၊ ဝက်လက်တွင် လက်နက်အင်အားမမျှ၍ PDF ၁၁ ဦးကျဆုံးပြီး စစ်သား ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်းမြောင်မြို့နယ်၊ မုံရွာ-မန္တလေးမ်းပိုင်း ကားလမ်းပေါ် နတ်ရေကန်နှင့် ရေပိုးစားကျေးရွာအကြား တွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီတပ်ကို မိုင်းခွဲခြင်း၊ Mytel အမြှောက်ကျည်ဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် စစ်သား ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း ဗိုလ်နေတိုးက ပြော ဆိုသည်။

ယနေ့ နံနက် ၁၁ နာရီခွဲအချိန် PDF များပါဝင်သည့် မဟာမိတ်တပ်ပေါင်းစုက မိုင်းရှင်းလင်းရန် လာရောက်သည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာမှ စစ်သား ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

“နတ်ရေကန်နှင့်ရေပိုးစား ကျေးရွာအကြား မုံရွာ.မန္တလေးကားလမ်းမပေါ်မှာ ဗိုလ်နေတိုးမြောက်ပိုင်းတိုက်ခိုက်ရေးအဖွဲ့ဦးဆော်တဲ့ မဟာမိတ်တွေက မိုင်းရှင်းလင်းရန်ရောက်လာတဲ့ မိုင်းရှာခွေးတွေကို Mytel အမြှောက်တစ်လုံးနဲ့ ပေါက် ကွဲအားမြင့် မိုင်း ၂ လုံး နဲ့တိုက်ခိုက်ရာမှာ ခွေးအုပ်ကိုတည့်တည့်ထိမှန်ပြီး ခွေး ၄ ကောင် နေရာမှာ ကိစ္စချောပါတယ်။ ၃ ကောင်ကတော့ မသေမရှင်ဖြစ်ပါတယ်” ဟု ဗိုလ်နေတိုးက ပြော သည်။

အလားတူ ယနေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်း ၊ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မင်းရွာတွင် မီးရှို့ဖျက်ဆီးနေသော အင်အား ၁၃၀ ကျော်ပါ စစ်ကောင်စီတပ်ကို တောကြီးမြွေပွေးတပ်ဖွဲ့အပါအဝင် မဟာမိတ် PDF များက တိုက်ခိုက်ရာ လက်နက်အင်အားမမျှ၍ PDF ၁၁ ဦးကျဆုံးကြောင်း၊ စစ်တပ်ဘက်မှ ၂ ဦး သေဆုံးကြောင်း တောကြီးမြွေပွေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် အင်အား ၁၃၀ ကျော် ပါဝင်ပြီး တောကြီးမြွေပွေးတပ်ဖွဲ့ ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်းများ၊ ပျောက်ကျားတပ်ဖွဲ့များ ပ. က .ဖ များနှင့် တော်လှန်ရေးညီနောင်များက လက်လုပ် သေနတ်များဖြင့် ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ဒီပွဲက အထိအခိုက်များတယ်။ ကျွန်တော်တို့ အသိအမှတ် ပြုထားတာ ၁၁ ဦးကျတယ်။ ဒဏ်ရာရတဲ့ သူတွေကတော့ အများကြီးပဲ ပွဲဖြစ်ချိန်က မိနစ် ၄၀ လောက်ပဲဖြစ်တယ်။ မိနစ် ၄၀ လောက်ကို ကျွန်တော်တို့က သွားပြီး Battle ဆိုင်တယ်။ ဆိုင်တဲ့ အခါကျတော့ လက်နက် အင် အား တအားကြီး စကားပြောလာတယ်။ ကျွန်တော်တို့မှာ လိုက်ချင်တဲ့စိတ်ရှိတယ်။ တော်လှန်ရေးမှာ လုံးဝ လုပ်ရဲတယ်။ လူအင်အားရှိတယ်။ လုပ်ရဲတဲ့ တော်လှန်ရေး စိတ်ရှိတယ်။ ဒါပေမယ့် လက်နက် အင်အား စကားပြောလာတဲ့ အခါကျတော့ ဘလိုင်းကြီး အသက်တွေပဲ ပေးနေရသလိုဖြစ်နေတယ်။ စစ်ခွေးတွေဘက်ကတော့ ကျွန်တော်တို့ မျက်မြင်ကတော့ ၂ ဦးပဲကျတယ်” ဟု တောကြီး မြွေပွေး တပ်ဖွဲ့များ တာဝန်ရှိသူ တစ် ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်အားကောင်းကောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ တော် လှန်ရေး ရဲဘော်များက တစ်တောင့်ထိုး လက်လုပ်သေနတ်များဖြင့် ပြန်လည် ခုခံ တိုက်ခိုက်ခဲ့သောကြောင့် အကျအဆုံး များ ပြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” သူတို့ဘက်က လက်နက်ကြီးဆိုလည်း အများကြီးပါတယ်။ လက်နက်အင် အား အရမ်းတောင့်တယ်။ ပြီးတော့သူတို့ စစ်ကြောင်းတွေမှာ သုံးလာတဲ့ စစ်လက်နက်က အရမ်းကောင်းတယ်။ ပြီးတော့ သူတို့မှာ ကျည်အင်အားတောင့်တယ်။ သုံးတဲ့ Gun အမျိုးအစားက အစ အများကြီးသာတယ်။ သူတို့မှာ တစ်ယောက်ကို ကျည် တစ်ထောင်လောက်တောင် ဖြုန်းနိုင်တဲ့ အနေအထားမျိုး ဖြစ်နေတဲ့အခါကျတော့ ကျွန်တော်တို့ ဘယ်လိုမှ ဝင်ပြီးတော့ ပစ်ဖို့တို့ ပြောက်ကျား ဝင်လုပ်ဖို့တောင် တော်တော်လေး ခက်ခဲလာတယ်။ ကိုယ့်ရွာတစ်ရွာကို မီးရှို့တဲ့ အခါကျတော့ ကိုယ်ရွာမီးရှို့လို့ မခံနိုင်ဘူး။ ကျွန်တော်တို့ မခံချင်စိတ် တစ်ခုတည်းနဲ့ ဝင်လုပ်ခဲ့တယ်။ အကောင်းဆုံးတော့ တွက်ချက်ပြီးတော့ လုပ်ကြည့်ခဲ့တယ်။ ဒါပေမယ့် အဓိကက လက်နက်အင်အား စကားပြောသွားတဲ့ အခါကျတော့ တော်လှန်ရေး စိတ်ဘယ်လောက်ပဲရှိရှိ ဘယ်လောက်ပဲ သတ္တိရှိရှိ ကျွန်တော်တို့က အသက်ပေးရတာပဲဖြစ်နေတယ်” ဟု တောကြီးမြွေပွေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဝက်လက်မြို့နယ်အတွင်း မောင်းပြန်သေနတ် ၁၀၀ ခန့်ပင်မရှိဘဲ အကြမ်းဖက် စစ်တပ်ကို ခုခံနေရသောကြောင့် တော်လှန်ရေး ရဲဘော်များ အသက်ပေးလှူနေကြောင်း၊ စစ် လက်နက်ပစ္စည်း အထောက်အပံ့များ အရေးပေါ် လှူဒါန်းကြရန် ဝက်လက်မြို့နယ် ကာကွယ် တပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။

” ကျွန်တော်တို့နယ်မှာ တစ်နယ်လုံးပေါင်းရင်တောင်မှ သေနတ်က အလက် ၁၀၀ မပြည့်ဘူး။ အဲခါကျတော့ အင်အား ၁၀၀ ကျော်လာတဲ့ စစ်​ကြောင်း တစ်ကြောင်းကို လူအင်အား ၃၀၀၊ ၄၀၀ နဲ့ ဝင်ပစ်တယ်။ ဒါပေမယ့် ကိုယ့်မှာက တစ်နယ်လုံး ပေါင်းလို့တောင် အလက်က ၈၀ မပြည့်တဲ့ အခါကျတော့ တိုက်ပွဲ တစ်ပွဲမှာ လက်နက် အင်အား အများဆုံးသုံးမှ ၅၀၊ ၆၀ ပေါ့။ အဲခါကျတော့ ကိုယ့်ရွာ မီးမရှို့အောင် မခံချင်စိတ် တစ်ခုတည်းနဲ့ ဝင်ပစ်ရတဲ့ အခါကျတော့ လက်လုပ် တစ်ထောင့်ထိုးလေးနဲ့ ဝင်ပစ်တဲ့အခါကျတော့ ကျွန်တော်တို့က အသက်တွေပေးရတာပဲ နောက် ထပ် ဒီလိုမီးရှို့ရင်လည်း ကျွန်တော်တို့ ထပ်ပြီးတော့ မခံချင်စိတ်တွေနဲ့ အကောင်းဆုံး အစီးအစဥ်တွေနဲ့ တိုက်နေရအုန်းမှာပဲ အဲခါကျတော့ ကျွန် တော်တို့ အသက်တွေတော့ ထပ်ပေးရအုန်းမယ်ဆိုတာ သိတယ်။ ဒါပေမယ့် အထောက်အပံ့တွေရှိရင်တော့ ကျွန်တော်တို့ ဒီဖက်နယ်ကို ည်း ကူညီပေးစေချင်တယ်။ ကျွန်တော်တို့မှာ တကယ်လုပ်ချင်တဲ့စိတ်ရှိတယ်။ လုပ်ရဲတဲ့သွေးရှိတယ်။ ဒါပေမယ့် အခုလိုမျိုး လက်နက်အင်အား မမျှတဲ့ အခါကျတော့ ကျွန်တော်တို့က အသက်နဲ့ပေးဝယ်ရသလိုကြီး ဖြစ်နေတာပေါ့” ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် မင်းရွာနှင့် အင်ကြင်းပင်ကျေးရွာကို မီးတင်ရှို့နေပြီး ဒေသခံ ပြည်သူများအားလုံး ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။ khit thit

တာမွေ ကျားကွက်သစ်အုပ်ချုပ်ရေးမှူးရုံး၌ ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၂ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက် ဓမ္မစိန္တာလမ်းရှိ ကျားကွက်သစ်အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့ ဇူလိုင်လ ၃ ရက် မွန်းလွဲ ၂ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားရာ လူနှစ်ဦးဒဏ်ရာရှိခဲ့ကြောင်း ဒေသခံ များထံမှသိရသည်။

“အဲ့ဒီရုံးအကြောင်းပြောရရင် ရုံးမှာရှိတဲ့ စာရေးမတွေထဲက နှစ်ယောက်က သိပ်အပေါက်ဆိုးတယ်။ ဧည့်စာရင်းကောက်လို့ ပိုက်ဆံတောင်းရင်လည်း တစ်ယောက်တစ်မျိုး တိုးတောင်းကြတာ။ ဒီနေ့က အဲဒီ ရုံးမှာ ပေါက်တာ၊ ပေါက်တဲ့အသံက အကျယ်ကြီးပဲ” ဟု ဖြစ်စဉ်နှင့်ပတ်သက်ပြီး အနီးနေပြည်သူတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုကြောင့် လူနှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ကနဦးသိရပြီး တစ်ဦးမှာ ခြေထောက်တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများရောက်ရှိလာ ကာ ဓမ္မစိန္တာလမ်းနှင့်နိဂြောဓထိပ်တွင် စစ်ကားအသေးတစ်စီးပိတ်ရပ်ထားကာ လမ်းအတွင်းသို့ ဖြတ်သန်း မည့်ကားများအားလုံးကို ပြန်လွှတ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ကျားကွက်သစ်အုပ်ချုပ်ရေးမှူးရုံးပတ်ဝန်းကျင်အားပိတ်ဆို့ပြီး ကား များကိုစစ်ဆေးမှုများပြုလုပ်ခဲ့သည်။လူနာတင်ယာဉ်လည်းရောက်ရှိလာကာ ဒဏ်ရာရသူများကို မင်္ဂလာဒုံ စစ်ဆေးရုံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ ဓမ္မစိန္တာလမ်းတွင် စစ်ကောင်စီတပ်သားအချို့ ရှိနေဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ mizzima

တနင်္သာရီနဲ့ ကျွန်းစုတွင် စစ်ကောင်စီ သတင်း ပေး ဒလန်ဟု စွပ်စွဲခံရသူ နှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

တနင်္သာရီတိုင်း မြိတ်ခရိုင်ရှိ တနင်္သာရီနှင့် ကျွန်းစုမြို့နယ်တို့တွင် စစ်ကောင်စီ တပ်ဖွဲ့ သတင်းပေး ဒလန်ဟု စွပ်စွဲခံရသူ အမျိုးသား နှစ်ဦး သေ နတ်ဖြင့် ပစ်သတ်ခံခဲ့ ရကြောင်း ဒေသခံများထံမှ သိရ သည်။

အဆိုပါ အမျိုးသား နှစ်ဦး သည် ဇူလိုင်လ ၁ ရက်နေ့က တစ်ရက်တည်းတွင် နံနက်ပိုင်းနှင့် ညပိုင်းတို့၌ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ ရသည်ဟု ဒေသခံများထံမှ သိရ သည်။

ယင်း အမျိုးသား နှစ်ဦးအနက် တစ်ဦးမှာ တနင်္သာရီမြို့နယ် မော့တောင်မြို့ရှိ အမှတ် (၆) ရပ်ကွက်တွင် နေထိုင်သူ ဒလန် အကြီးစား ဦးအောင်လွင် ဆိုသူ ဖြစ်ပြီး ၎င်း သည် စစ်ကောင်စီနှင့် ပူးပေါင်းနေသူ ဖြစ်သည့် အပြင် သတင်းပေး ဒလန် လုပ်နေသူ ဖြစ်၍ ၎င်းကို တနင်္သာရီမြို့နယ် ပြည်သူ့ ကာကွယ်ရေးဖွဲ့ (ပ.က.ဖ) က ရှင်းလင်းခဲ့ကြောင်း သိရ သည်။

ထိုအပြင် ကျန်တစ်ဦးမှာ တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာတွင် နေထိုင်သူ ဦးရဲမင်းဟိန်း ဆိုသူ ဖြစ်ပြီး ၎င်းသည် ပျူစောထီး တစ်ဦး ဖြစ်သည့် အပြင် စစ်ကောင်စီဘက်က ယင်းရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ ဝင်ရောက် ပါဝင်ခဲ့သူ တစ်ဦး ဖြစ်ကြောင်း ဒေသခံ များထံမှ သိရ သည်။

၎င်းသည် ကျွန်းစုမြို့နယ်ရှိ ဘန္ဒနဲရွာတွင် ရှောင်တိမ်း နေစဉ် ဇူလိုင်လ ၁ ရက်နေ့ ည ၇ နာရီ အချိန်တွင် သေနတ်ဖြင့် ပစ်သတ်ခံ ခဲ့ရကြောင်း သိရ သည်။

“သူက လယ်သစ်ရွာမှာ တိုက်ပွဲ ဖြစ်တုန်းက ဒေသခံ တစ်ယောက် အနေနဲ့ စစ်တပ်ကို လမ်းပြနေသူ တစ်ဦး ဖြစ်သလို ရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီး၊ ဆိုင်တွေကို ဖောက်ထွင်း ခိုးယူတာ သူက ဦးဆောင်သူ တစ်ဦး ဖြစ်တယ်” ဟု တနင်္သာရီ ကာကွယ်ရေးပြောက်ကျား တပ်ရဲ့ ရဲ ဘော် တစ်ဦးက ပြောသည်။ mizzima

မန္တလေးမြို့ ကန်တော်ကြီးပတ်လမ်းတွင် ပျူစောထီးခေါင်းဆောင်ဆိုသူ၏နေအိမ်ကို ဗုံးဖြင့်တိုက်ခိုက်

မန္တလေးမြို့၊ ကန်တော်ကြီးကန်ပတ်လမ်းအနီးရှိ ပျူစောထီးခေါင်းဆောင် ၊ စစ်ကောင်စီသတင်းပေးဆိုသူ ဦးညွန့်ဝင်းအား ဇူလိုင် ၂ ရက်နေ့ ည ၉ နာရီခန့်က သေနတ်ဖြင့်အချက်ပေါင်းများစွာပစ်ခတ်ခဲ့ပြီး နေအိမ် ကိုဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း Anonymous of Mandalay အဖွဲ့က သ တင်းထုတ်ပြန်ထားသည်။

ပျူစောထီးခေါင်းဆောင် စစ်ကောင်စီသတင်းပေး ဦးညွန့်ဝင်းသည် မဟာအောင်မြေမြို့နယ် သံလျက်မှော် အရှေ့ရပ်ကွက်၊ အရှေ့ပတ္တာရပ်၊ ကန် တော်ကြီးပတ်လမ်းရှိ၎င်း၏နေအိမ်အနီးတွင် စစ်ကောင်စီလက်နက် ကိုင်တပ်ဖွဲ့နှင့်အတူ ကင်းလှည့်ရန်ပြင်ဆင်နေစဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီလူအပစ်ခံရတာ ဒါနဲ့ဆို ငါးကြိမ်ရှိပြီဗျ။ ညကပစ်သွားတာဆိုရင် အချက်ပေါင်းမနည်းဘူး။ ဝရုန်းသုန်း ကားဖြစ်နေချိန်မှာ သူ့အိမ်ကိုပါ ဗုံးနဲ့ထုသွားသေးတာ။ ဒီလူက ပျူခေါင်းဆောင်ဒလန်အုပ်ကြီး” ဟု အခင်း ဖြစ်ပွားရာရပ်ကွက်အနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီသတင်းပေးအပြင် ပျူစောထီးခေါင်းဆောင်ဟုပါ နာမည်ထွက်နေသည့် ဦးညွန့်ဝင်းအား ဒေသခံပြည်သူ့ပြောက်ကျားတပ်ဖွဲ့များက အကြိမ်ကြိမ်ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း ယခုအကြိမ်တွင် လည်း သေဆုံးမှုမရှိကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Anonymous of Mandalay အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သေနတ်ဖြင့်(၁၃) ချက်ပစ်ခတ်၍ နေအိမ်ကိုပါဗုံးဖောက် ခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

Anonymous of Mandalay သည် ပျူစောထီးခေါင်းဆောင် ဦးညွန့်ဝင်း အဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှု များရှိသော်လည်း အန္တရာယ်ကင်းစွာဆုတ်ခွာနိုင်ခဲ့ပြီး ပျူစောထီးများထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း အဆို ပါအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးညွန့်ဝင်းသည် ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ကလည်း ၎င်း၏ နေအိမ်အတွင်းရှိနေစဉ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။ mizzima

ပုသိမ်အကျဥ်းထောင်တွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသား ၃ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်

ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်တွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသားများအနက် အမျိုးသားသုံးဦးကို စစ်ကောင်စီလက်အောက်ခံ ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ် လိုက်ကြောင်း ရှေ့နေအသိုင်းအဝိုင်းနှင့်နီးစပ်သူများထံမှ သိရသည်။

ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းကထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(စျ)ဖြင့် ထောင်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

“ ဦးမြင့်အောင်၊ ကိုဇာနည်အောင်နဲ့ ကိုရဲဟိန်းတို့ သုံးယောက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲပြီး ထောင်ချလိုက်တာပါ။ ဦးမြင့်အောင်နဲ့ ကိုဇာနည်အောင်တို့က သားအဖတွေလို့သိရတယ်။ သူတို့အားလုံး ကျန်းမာရေးကောင်းကြပါတယ်” ဟု ရှေ့နေအသိုင်းအဝိုင်းနှင့်နီးစပ်သူက ပြောသည်။

ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံရသူသုံးဦးမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ ညပိုင်းက ပုသိမ်မြို့နယ်၊ စိန်တောင်ကျေးရွာရှိ မိုင်တဲတာဝါတိုင်မိုင်းခွဲခံရမှုနှင့်ပတ်သက်ပြီး မတရားစွပ်စွဲ ဖမ်းဆီးခံ ထားရသူများဖြစ်ကြောင်း ၎င်းကဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် ပုသိမ်အကျဥ်းထောင်၌ မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသား ၃၀၀ ကျော်နှင့် နိုင်ငံရေးအကျဥ်းသူ ၅၀ နီးပါး ရှိနေသည်ဟုသိရပြီး ထောင်တွင်းတရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့သူ ၁၀၀ ကျော်ခန့်ရှိကြောင်း ပုသိမ်အကျဉ်းထောင်ဝန်ထမ်းများထံမှ သိရသည်။ mizzima

ပုလောမြို့တွင် စစ်ကောင်စီတပ်က နေအိမ်အ ချို့သို့ဝင်ရောက်ကာ ပစ္စည်းများယူဆောင်ပြီး မိသားစုဝင် ၈ ဦးကို ရိုက်နှက်ဖမ်းဆီးသွား

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့၊ အမှတ် (၃) ရပ်ကွက်တွင် ဇူလိုင်လ ၂ ရက်နေ့ ည ၁၀ နာရီခွဲခန့် တွင် စစ်ကောင်စီတပ်ဖွဲ့က လူနေအိမ်အချို့သို့ဝင်ရောက်ကာ အဖိုးတန်ပစ္စည်းများယူဆောင်သွားပြီး ယင်း နေအိမ်များမှ မိသားစုဝင်များကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ပုလောအခြေစိုက် ခလရ(၂၈၅) စစ်ကောင်စီတပ်ဖွဲ့က နေအိမ်အချို့ကို ကာကွယ်ရေးတပ်ဖွဲ့နှင့်ဆက်စပ် သည်ဟုဆိုကာ ဝင်ရောက်စီးနင်း၍ တန်ဖိုးကြီးပစ္စည်းများကိုယူသွားသည့်အပြင် ဒေသခံရှစ်ဦးကိုပါ ရိုက် နှက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့က ဇူလိုင်လ ၂ ရက်နေ့ ည ၁၀ နာရီခွဲအချိန်တွင် အိမ်စီးကားလေးစီးဖြင့် ရောက်ရှိလာ ပြီးနောက် ပုလောမြို့နယ် အမှတ် (၃) ရပ်ကွက်ရှိ ကံ့ကော်လမ်း၊ ဟိန္ဒူဘုရားကျောင်းအနီးရှိ နေအိမ်များ ကိုဝင်ရောက်စီးနင်းကာ အိမ်ထဲရှိအဖိုးတန်ပစ္စည်းများအပြင် ငွေနှင့် ဆိုင်ကယ်အချို့ကို လုယက်ပြီးကား ပေါ်သို့တင်ကာ ယူဆောင်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ပုလောမြို့ခံတစ်ဦးက “လူတွေကို ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားတာပါ။ နေ့ဖက်မှာ အရပ်ဝတ်နဲ့လာ ကင်းထောက်ပြီးမှ အခုလိုဝင်စီးတာဖြစ်တယ်”ဟု ပြောသည်။

ပုလောမြို့နယ်တွင် ဇွန်လ ၁ ရက်မှ ဇူလိုင်လ ၂ ရက်နေ့အထိ စစ်ကောင်စီက အပြစ်မဲ့ပြည်သူ ၂၇ ဦးခန့်ကို ဖမ်းဆီးထားကာ ပြန်လွတ်လာသူ အနည်းငယ်သာရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် ပုလောမြို့နယ်တွင် ဇွန်လ ၂၇ ရက်မှ ၃၀ ရက် အထိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့အကြား လေးရက်ဆက်တိုက် ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ပြည်သူ ၁,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်aeရသည်။ mizzima

« Older Entries Recent Entries »